Friday, 10 February 2012

လိုချင်မူမပါအောင် ၀င်သက်ထွက်သက်ကို သတိနဲ့ရူ

ယောဂီဟာ အသက်ကို ရှူသွင်းတဲ့အခါမှာ ၀င်သက်ကို လိုချင်တပ်မက်တဲ့ တဏှာလည်း မဖြစ်ပါဘူး၊ လောဘလည်း မဖြစ်ပါဘူး၊ လိုချင်သေးတယ် လိုချင်သေးတယ်လို့ ပိုပြီးအသက်ရှူသွင်း ချင်သေးတယ် ဆိုတာလည်း မရှိပါဘူး၊ မတောင့်တပါဘူး၊ သူ့အလိုလို သူ့သဘာဝအတိုင်း ၀င်လေက ၀င်နေတာပါပဲ။



ထွက်လေကိုလည်းရှူထုတ်တဲ့အခါမှာ ထွက်လေကို မလိုမုန်းထားမဖြစ်ပါဘူး။ သွားစမ်းပါစေ၊ ဒီထွက်လေကို ငါမုန်းပါတယ်လို့လည်း မဖြစ်ပါဘူး။ သူ့အလိုလိုလေဟာ ၀င်လိုက်ထွက်လိုက်၊ ၀င်လိုက်ထွက်လိုက် ဖြစ်နေတာပါပဲ။ ယောဂီက ဒီဖြစ်နေတာကို သတိရှိနေရတာပါပဲ။ ဒီပြင်ဘာမှ မလုပ်ရပါဘူး။ ၀င်သက်ထွက်သက်ကို သတိနဲ့ရူရုံမျှသာပါပဲ။ လိုချင်တောင့်တမူ၊ တွယ်တာမူလည်း မပါပါဘူး။ မလိုချင်ဘူး၊ တွန်းဖယ်မူ၊ မုန်းတီးမူလည်း မပါပါဘူး။

ဒါပေမယ့် ဒီလိုဖြစ်နေတဲ့ အချိန်တစ်ခဏတွေဟာ အင်မတန်ရှားပါတယ်။ တစ်နေ့လုံး ကျင့်တဲ့အခါမှာ များသောအားဖြင့် စိတ်အာရုံဟာ လောဘ၊ ဒေါသ၊ မောဟ အညစ်အကြေးတွေထဲမှာသာ လုံးထွေးပြီး လှိမ့်နေတာက များနေပါတယ်။ တစ်ခဏလေး၊ တစ်ခဏလေးမှာ စိတ်အာရုံဟာ ၀င်သက် ထွက်သက်ပေါ်မှာပဲ တည်နေပါတယ်။

အတိတ်ကိုလည်း မရောက်ဘူး၊ အနာဂတ်ထဲလည်း မရောက်ဘူး။ လောဘ၊ ဒေါသ၊ မောဟထဲလည်း မဆင်းဘူး၊ ပစ္စုပ္ပန် တည့်တည့်မှာ ၀င်သက်ထွက်သက် တစ်ခုတည်းကိုသာ အာရုံစိုက်ပြီး ရူနေတဲ့ အချိန်ကလေးတွေဆိုတာဟာ အင်မတန်ကောင်းတဲ့ အချိန်ကလေးတွေပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment