Friday, 2 March 2012

ပြောင်းလဲခြင်းများကိုရူမြင်၍ နေ့သစ်များကိုဖြတ်ကျော်ခြင်း...


နှစ်ဟောင်းတွေကျန်ခဲ့ပြီး နှစ်သစ်ရောက်လာမယ်။ စက္ကန့်၊ မိနစ်၊ နာရီတွေ ရက်၊ လ၊ နှစ်တွေ ပြောင်းလဲနေတာနဲ့အမျှ ခန္ဓာကြီးလည်း ပြောင်းလဲသွားခဲ့ပါပြီ။ တစ်နေ့၊ တစ်လ၊ တစ်နှစ်ကုန်သွားရင် ဘယ်လောက်ပြောင်းလဲသွားပြီလဲဆိုတာ တွက်ချက်ခန့်မှန်းကြည့်နိုင်ပါတယ်။

မကြာလှတဲ့မိနစ်ပိုင်း၊ နာရီပိုင်းအတွင်းမှာတောင် အမျိုးမျိုး အဖုံဖုံ ဖြစ်ပျက်ပြောင်လဲနေတဲ့ ခန္ဓာပါ။ အခုပူ၊ အခုအေး၊ အခုညောင်းနဲ့ အမြဲမပြတ်နှိပ်စက်နေတဲ့ခန္ဓာပါ။ တကယ် အပြောင်းအလဲမြန်လွန်းတာက ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတွေပဲ ဖြစ်ပါတယ်။ ခန္ဓာကြီးအတွက်ပဲ ဂရုစိုက်နေပြီး ကုသိုလ်တရားမရှာရင် သူများအစာအတွက် ကိုယ်က ပြင်ပေးနတာနဲ့တူနေတယ်ဆိုတာ မြင်အောင်ကြည့်တတ်ဖို့လိုတယ်။

ခန္ဓာဖြစ်စဉ်တွေက မမြဲတဲ့သဘောကိုပြနေတယ်။ ဖြစ်ခြင်း၊ ပျက်ခြင်းတွေနဲ့ နှိပ်စက်နေလို့ ဆင်းရဲတဲ့သဘောကို ပြနေတယ်။ ကိုယ် မကြုံချင်၊ မခံစားချင်တဲ့ အခြေအနေတွေကို ရှောင်လွှဲလို့မရနိုင်အောင် ဖန်တီးတတ်တယ်။ ကိုယ့်အကြိုက်မဟုတ်တာတွေ၊ ကိုယ့်အလိုမလိုက်တာတွေကို ပြနေတယ်။ ခန္ဓာထဲမှာရှိနေတဲ့ ရုပ်နာမ်ဓမ္မတို့ရဲ့ မမြဲဆင်းရဲ၊ အစိုးမရတာတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ ဒါဟာ ဆင်းရဲခြင်း အမှန်တရားတွေပါလားဆိုတာ မြင်တတ်ရမယ်။

ဆင်းရဲဒုက္ခတွေဖြစ်လာတာဟာ တဏှာ၊ လောဘ၊ သမုဒယတွေနဲ့ တပ်မက်နေလို့ ချစ်ခင်တွယ်တာနေလို့ပဲ ဖြစ်တယ်။ တဏှာသမုဒယတွေကို ပယ်နိုင်မှ ချမ်းသာမယ်၊ ချမ်းသာခြင်း အစစ်အမှန်ကို ရဖို့အတွက် ဒုက္ခချုပ်ငြိမ်းရာကျင့်စဉ်ကို ကျင့်မှဖြစ်မယ်။

ဝိပဿနာတရားတွေ ရူပွားမှဖြစ်မယ်ဆိုတဲ့ သစ္စာလေးပါး အမှန်တရားကို သိမြင်နားလည်ဖို့လိုတယ်။ တစ်နှစ်ကုန်သွားရင် တစ်နှစ်တော့ ကုန်သွားပြန်ပြီ။ ငါဒီနှစ်ဘာတွေရလိုက်သလဲ၊ ကုသိုလ်တွေလား၊ အကုသိုလ်တွေလား၊ တရားတွေကျင့်ပြီး တစ်နှစ်ကုန်သွားတာလား၊ မတရားတာတွေကျင့်ပြီး တစ်နှစ်ကုန်သွားတာလားလို့ တွက်ချက်ကြည့်ဖို့လိုတယ်။ နှစ်သစ်မှာ အချိန်နဲ့အမျှ တရားဓမ္မတွေအရယူနိုင်ကြ၊ တန်ဖိုးရှိတာတွေ ရယူနိုင်ကြဖို့ အားသစ်တွေရှိနေရမယ်။

ရည်ညွှန်းကိုးကား။ “ဓမ္မလမ်းပေါ်မှာ” ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ

7DAY NEWS Vol.10,N0.41.DECEMBER 29,2011

No comments:

Post a Comment