Thursday, 8 March 2012

ကြက်ဥငါးပိချက် (၀ိုက်ဖီ)


ဒီဟင်းလေးက ကရင်တိုင်းရင်းသားတွေ ချက်ပြုတ်စားသောက်လေ့ရှိတဲ့ ဟင်းလျာတစ်မျိုးပါပဲ။ ငါးပိချက်မျိုးစုံက မြန်မာထမင်းဝိုင်းတွေမှာ မပါမဖြစ်မို့ အခုဒီကရင်တိုင်းရင်းသားတို့ရဲ့ ကြက်ဥငါးပိချက်ကိုလည်း ကြိုက်နှစ်သက်ကြမှာပါ။



ကြက်ဥငါးပိချက်အတွက် လိုအပ်တာတွေက ငါးပိ(အရည်ကျိုငါးပိ) အနည်းငယ်၊ ကြက်ဥတစ်လုံး၊ ငရုတ်သီးစိမ်းနဲ့ နံနံပင်တို့ပဲ ဖြစ်ပါတယ်။ မူရင်းဟင်းချက်နည်းအတိုင်းဆိုရင် လူတိုင်းနဲ့ လျှာမတွေ့မှာစိုးတာကြောင့် ထုံးစံအတိုင်း ဒေသစုံကလူတွေနဲ့ အဆင်ပြေအောင် ပြင်ဆင် ချက်ပြုတ်ထားပါတယ်။


ပထမဆုံးငါးပိကို ကျိုနေကျအတိုင်းကျိုပြီး မွှေးနေအောင်ကျိုပါမယ်။ ငါးပိရည်ကို သေချာစစ်ပြီး အကြမ်းပန်ကန်လုံး တစ်လုံစာလောက် အရည်ယူထားပါ။


ဆီအနည်းငယ်နဲ့ ကြက်သွန်ဖြူနီဆီသတ်ထဲကို အရောင်ရော အစပ်ပါလိုချင်သူတွေက ငရုတ်သီးခွဲကြမ်းတန်းထည့်ပြီး သတ်လို့ရပါတယ်။ ဆီသတ်ပြီးတာနဲ့ ငါးပိရည်ကျိုကို လောင်းထည့်လိုက်ပါ။ ငါးပိရည်ကျိုပွက်လာတဲ့အခါ အရသာအနေတော်ဖြစ်အောင် ဆားနဲ့ ကြက်သားမူန့်ထည့်ပါမယ်။ ကြက်ဥကို ဖောက်ထည့်ပြီးမွှေမှာမို့ ငါးပိရည်ပျစ်နေရင် ရေနည်းနည်းထပ်ထည့်ပါ။ ငရုတ်သီးခွဲကြမ်းထည့်မထားဘူးဆိုရင် ပါးပါးလှီးထားတဲ့ ဒါမှမဟုတ် ထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေကို ထည့်ရပါမယ်။


နောက်ထပ်ထည့်တဲ့ ရေပွက်ပြီဆိုမှ ကြက်ဥတစ်လုံးကို ဖောက်ထည့်မှာဖြစ်ပါတယ်။ ဖောက်ထည့်လိုက်တဲ့ ကြက်ဥကို အဖေတ်လေးတွေဖြစ်အောင် နည်းနည်းလေးမွှေပေးလိုက်ပြီး နံနံပင်အုပ်ကာ မီးဖိုပေါ်က ချလို့ရပါပြီ။


ဒါဆိုရင်တော့ ငါးပိချက်ပုံစံတစ်မျိုးကို မြည်းစမ်းချက်ပြုတ်လို့ ရပြီပေါ့။

No comments:

Post a Comment