ဒီတစ်ခါတော့ အသားငါးတွေ ချက်ပြုတ်စားသောက်ရတာငြီးငွေ့နေသူအတွက် လက်သုပ်စာတစ်မျိုးကို စီစဉ်ထားပါတယ်။ အညာဒေသတွေမှာတော့ ခါကြက်ဥလို့ခေါ်တဲ့ မုန်လာဥနီကို သုပ်ထားတဲ့ မုန်လာဥနီသုပ် ဒါမှမုတ် ခါကြက်ဥသုပ် ဖြစ်ပါတယ်။
မုန်လာဥနီသုပ်ဖို့ နုပြီး လတ်ဆတ်တဲ့ မုန်လာဥနီ ၃ဥ၊ မြေပဲဆန် အနည်းငယ်၊ ပုစွန်ခြောက် အနည်းငယ်၊ ငရုတ်သီးစိမ်း အနည်းငယ်နဲ့ ကြက်သွန်နီကြော်တို့ပဲ လိုအပ်ပါတယ်။ နောက် အရေားကီးတာက အမျှင်သေးသေးလေးတွေ ထွက်အောင်ခြစ်လို့ရမယ့် စိန်ခလုတ်ထက်ထက်လေးလည်း အိမ်မှာရှိဖို့ လိုအပ်ပါမယ်။
ရေသန့်သန့်စင်ပြီးတဲ့ မုန်လာဥနီတွေကို အပေါ်ယံ အညစ်အကြေးတွေ ဖယ်ပစ်တဲ့ အနေနဲ့ ထုံးစံအတိုင်း ဓားနဲ့ခြစ်လိုက်ပါမယ်။ ပြီးရင်တော့ စိန်ခလုတ်နဲ့ အမျှင်သေးသေးနဲ့ တိုတိုလေးတွေရအောင်ခြစ်ပါမယ်။ အမျှင်သေးပြီး မရှည်မှလည်း သုပ်တဲ့အခါ နူးနူးညံ့ညံ့နဲ့ ထွေးထွေးလေး ဖြစ်နေစေမှာပါ။
မုန်လာဥနီတွေခြစ်ပြီးပြီဆိုရင်တော့ ပါးပါးလှီးထားတဲ့ ကြက်သွန်နီသုံးလုံးလောက်ကို မွှေပြီး ရဲနေအောင် ကြော်ပေးထားပါ။ ကြက်သွန်နီကြော်ကို သပ်သပ် ဖယ်ထားပြီး ခုနခြစ်ထားတဲ့ အထဲကို မြေပဲဆန်၊ ငရုတ်သီး၊ ပုစွန်ခြောက်တို့ကို ထည့်ပါ။ ငံပြာရည် အနည်းငယ်နဲ့ ဆားလည်းထည့်ပါမယ်။
သတ်သတ်လွတ်စားချင်တဲ့ သူတွေကတော့ ပုစွန်ခြောက်နဲ့ ငံပြာရည်ကို ရှောင်ပြီး သုပ်လို့ရပါတယ်။ အားလုံးထည့်ပြီးသွားလို့ သံပုရာသီးနှစ်စိပ်လောက် ညှစ်ပြီးနယ်ဖတ် အရသာမြည်းကြည့်ပြီး အနေတော်ပဲ ဆိုရင်တော့ အပေါ်ယံကနေ ကြော်ထားတဲ့ ကြက်သွန်နီတွေကို ဖြူးပေးလိုက်ရုံပါပဲ။ အရသာလည်းရှိ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန်လာဥနီသုပ်ကို တစ်ပတ် တစ်ခါလောက် သုပ်စားသင့်ပါတယ်လို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ်ရှင်။

No comments:
Post a Comment