Saturday, 7 April 2012

စိတ်ရဲ့အပိုင်းကြီးလေးပိုင်း

ယောဂီတို့ဟာ ဒီစိတ်အမျိုးမျိုးကို အခုသိဖို့ မလိုပါဘူး။ ယခုအချိန်မှာတော့ ကိုယ်တွေ့ ခံစားသိရှိနိုင်မှာဖြစ်တဲ့ စိတ်ရဲ့ အစိတ်အပိုင်းကြီးလေးပိုင်းကိုတော့ သိဖို့ရာလိုအပ်ပါတယ်။ ဒီအပိုင်းကြီးလေးပိုင်းဟာ ၀ိညာဏ၊ သညာ၊ ဝေဒနာနဲ့ သင်္ခါရတို့ဖြစ်ပါတယ်။

ပထမပိုင်းဝိညာဏဆိုတာကတော့ သိရှိမူဖြစ်ပါတယ်။ အာရုံကိုသိခြင်း၊ သိတတ်တဲ့ သဘောတရားဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်ကတော့ သိရုံမျှသာပါပဲ။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ခန္ဓာကိုယ်၊ အရေပြားစတဲ့ အာရုံဒွါရတွေဟာ အသက်မရှိသလိုပါပဲ။ ဘာကိုမှ မလုပ်နိုင်ကြပါဘူး။ ဥပမာ - မျက်လုံးကလဲကောင်းပါတယ်။ အလင်းရောင်လဲရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ လူတစ်ဦး ဖြစ်လျှောက်သွားတာကို မမြင်လိုက်မိပါဘူး။ နားတွေကလဲ ကောင်းပါလျက်နဲ့ ကိုယ့်နာမည်ကို အော်ခေါ်နေတာ မကြားမိပါဘူး။ ဒီလို ခဏခဏ ဖြစ်တတ်ကြပါတယ်။ စိတ်ရဲ့ သိတတ်တဲ့သဘော၊ သိစေတတ်တဲ့အပိုင်းဖြစ်တဲ့ ၀ိညာဏဟာ မျက်စိတို့ နားတို့နဲ့လာပြီး ထိပြီးတော့မှ ဆက်သွယ်မိပြီးမှသာ မြင်ရကြားရတာ ဖြစ်ပါတယ်။

ဒုတိယအပိုင်းဖြစ်တဲ့ သညာဆိုတာကတော့ အာရုံ၏သဘောကိုမှတ်ခြင်း၊ အမှတ်ဉာဏ်၊ သိမှတ်တဲ့သဘောဖြစ်ပါတယ်။ အာရုံ၏သဘောကို မှတ်ခြင်းဖြစ်ပါတယ်။ အတိတ်က အတွေ့အကြုံတွေ၊ သတိရမှတ်မိတာတွေအပေါ်မှာ တည်ပြီးတော့ သူက အသိအမှတ်ပြုလိုက်ပါတယ်။ ဥပမာ - အသံတစ်ခုကို ကြားလိုက်ရရင် သြော် စကားပြောတဲ့အသံ တွေပါလား။ ဆဲရေးတဲ့စကားတွေပဲ၊ ချီးမွမ်းတဲ့ စကားတွေပဲ အစရှိလို့ ပြောဆိုတာကို ကြားရတာကို သိမှတ်လိုက်မိတာပါ။

သိမှတ်ရုံသာမက ဝေဖန်ချက်လည်း ချလိုက်ပါတယ်။ တန်ဖိုးလည်း ဖြတ်လိုက်ပါတယ်။ “ဆဲတဲ့အသံပဲ မကောင်းဘူး၊ မကောင်းဘူး။ ချီးမွမ်းတဲ့အသံပဲ၊ ကောင်းလိုက်တာ ကောင်းလိုက်တာ” ဒီလိုနဲ့ကောင်း မကောင်း တန်ဖိုးဖြတ်လိုက်ပါတယ်။

ဒီတခါကတော့ စိတ်ရဲ့ တတိယဖြစ်တဲ့ အာရုံခံစားခြင်း ခန္ဓာကိုယ်ပေါ်မှာ တွေ့ထိ ခံစားခြင်းဖြစ်ရတဲ့ ဝေဒနာကပေါ်လာပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ တွေ့ထိခံစားရတဲ့ ဟာတွေဟာ ရုပ်တရားသက်သက် မဟုတ်ပါဘူး။ စိတ်နဲ့လည်း သက်ဆိုင်ပါတယ်။ ရုပ်ပိုင်းဟာ သူ့ဟာသူ ဝေဒနာတွေကို သိရှိခံစားနိုင်တာ မဟုတ်ပါဘူး။ စိတ်က ခန္ဓာကိုယ်ရဲ့ တစ်နေရာ တစ်ပိုင်းပိုင်ကိုရောက်ပြီး စိတ်နဲ့ရုပ်နဲ့ ထိတွေ့ကြမှသာ ခန္ဓာကိုယ်က ဝေဒနာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ရုပ်နာမ် ၂-ပါး၊ ပေါင်းစုကြပြီးမှ ဖြစ်နိုင်ပါတယ်။ ဝေဒနာ ပေါ်နိုင်ပါတယ်။ စိတ်ရဲ့ ပထမပိုင်း ၀ိညာဏ=သိလိုက်တဲ့အပိုင်းက ဒါဟာအသံဆိုတာကို သိလိုက်ပါတယ်။ ဒုတိယပိုင်း သိမှတ်တဲ့ သညာက အသံကို ချီးမွမ်းနေတဲ့အသံလို့ အသိအမှတ်ပြုလိုက်ပြီး “ကောင်းတယ် ကောင်းတယ်၊ ကြိုက်တယ် ကြိုက်တယ်”လို့လည်း ဝေဖန်ပြီး တန်ဖိုးဖြတ်လိုက်ပါတယ်။ ကောင်းတယ်၊ ကြိုက်တယ်လည်းဖြစ်ရော ခန္ဓာကိုယ်ပေါ်မှာ ကောင်းတဲ့ခံစားမူတွေဟာ သုခဝေဒနာအဖြစ်နဲ့ တစ်ပြိုင်တည်းပေါ်လာတတ်ပါတယ်။

ဆဲတဲ့အသံကို ကြားရတဲ့အခါကျတော့ တစ်ခါဝေဖန် တန်ဖိုးဖြတ်လိုက်တာကတော့ “မကောင်းဘူး မကောင်းဘူး၊ မကြိုက်ဘူး မကြိုက်ဘူး”လို့ဆိုတော့ သာယာဖွယ် မကောင်းတဲ့ ခံရခက်တဲ့ ဒုက္ခဝေဒနာကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရပါတယ်။ ဒါဟာ စိတ်ရဲ့ တတိယပိုင်းဖြစ်တဲ့ ဝေဒနာရဲ့ လုပ်ဆောင်ချက်ပါပဲ။ ကောင်းတဲ့ သုခဝေဒနာနဲ့ မကောင်းတဲ့ ဒုက္ခဝေဒနာကို ခံစားရခြင်းဖြစ်ပါတယ်။

ဒီလိုဖြစ်ပြီးတဲ့နောက် စိတ်ရဲ့ စတုတ္ထအပိုင်းဖြစ်တဲ့ သင်္ခါရက ခေါင်းဖော်လာပါတယ်။ သူ့ရဲ့အလုပ်ကတော့ အတုံ့အပြန်လုပ်ဖို့ရာဖြစ်ပါတယ်။ သညာ - ကကြိုက်တယ်၊ ကောင်းတယ်ဆိုပြီး နောက်ဝေဒနာက ခံစားလို့ ကောင်းတဲ့ဝေဒ နာဖြစ်ပေးလိုက်ရင် သင်္ခါရက ဒါမျိုးကို နောက်ထပ် ပိုပိုပြီးတော့ “လိုချင်သေးတယ်၊ လိုချင်သေးတယ်” ဆိုတဲ့ တပ်မက်မူ တဏှာလောဘကို ဖြစ်စေပြီး တဏှာလောဘနဲ့ တုံ့ပြန်ပါတယ်။ သညာက မကောင်းဘူး။ မကြိုက်ဘူးလို့ ဝေဖန် ဆုံးဖြတ်လိုက်ရင် ဝေဒနာကလည်း ခံစားလို့ မကောင်းတဲ့၊ ခံရခက်တဲ့ ဝေဒနာ လုပ်ပေးလိုက်တဲ့ အခါကျတော့ သင်္ခါရက ဒါကို “မလိုချင်ဘူး မလိုချင်ဘူး၊ မုန်းတယ် မုန်းတယ်”ဆိုတဲ့ ဒေါသနဲ့ တုံ့ပြန်လိုက်ပါတယ်။

စိတ်ရဲ့ ပထမပိုင်း ၀ိဉာဏ်ဟာ သိရုံမျှသာ သိပြီးတော့ မျိုးစေ့ မဟုတ်ပါဘူး။ အသီးမသီးနိုင်ပါဘူး။ ဒုတိယပိုင်း သညာကလည်း မှတ်မိရုံ ဝေဖန်ရုံမျှဖြစ်ပြီး မျိုးစေ့မဟုတ်ပါဘူး။ အသီးမသီးနိုင်ပါဘူး။ တတိယပိုင်း ဝေဒနာကလည်း မျိုးစေ့မဟုတ်ပါဘူး။ အသီးမသီးနိုင်ပါဘူး။ စိတ်ရဲ့ စတုတ္တပိုင်း တုံ့ပြန်တဲ့အပိုင်း သင်္ခါရကတော့ မျိုးစေ့ဖြစ်ပါတယ်။ အသီးသီးစေပါတယ်။

သင်္ခါရဆိုတာကတော့ ပေါင်းစုပြုပြင်စီရင်ခြင်း လုပ်ကိုင်ဆောင်ရွက်မူတွေ အထပ်ထပ်ဖြစ်ပေါ်ပါတယ်။ တစ်စုံတစ်ခုကို တုံ့ပြန်လိုက်ရင် တုံ့ပြန်မူမှာ ဆက်ခါ ဆက်ခါ တုံ့ပြန်တုံ့ပြန်သွားပါတယ်။ ကြိုက်တာဆိုရင်လဲ ကြိုက်တာက စပြီးတော့ လိုချင်တော့တတာ၊ လိုချင်တောင့်တတာက ဆက်ပြီးတော့ တွယ်တာနေတာ ဖြစ်လာပါတယ်။ မကြိုက်တာဆိုပြန်ရင်လဲ မလိုချင်ဘူး၊ မလိုချင်ဘူး၊ မုန်းတယ်၊ မုန်းတယ်ဆိုတာတွေဟာ ဆက်တိုက် ဆက်တိုက် တိုးပွားပြီး လာပါတယ်။ ဒီလိုတုံ့ပြန်မူတွေဟာ သင်္ခါရတွေပါပဲ။ သူတို့ဟာ အသီးသီးစေပါတယ်။ ဒါကြောင့်မို့ သူတို့ကို အထူးဂရုစိုက် သတိရှိဖို့လိုပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment