Friday, 6 April 2012

ထောပတ်အိုးနဲ့ ကျောက်ခဲအိုးတရား


မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က အဖြစ်ကလေးတစ်ခုကို ပြောပြပါဦးမယ်။ တစ်နေ့တော့ လူတစ်ဦးက ငိုကြွေးပြီး ဘုရားထံ ချဉ်းကပ်လာပါတယ်။ သူ့အဖေကြီးဆုံးသွားလို့ နတ်ပြည် နတ်ရွာလားနိုင်လားလို့ ရွတ်ဖတ်သရဇ္ဈာယ်မူတွေ လုပ်ရိုးလုပ်စဉ်တွေ လုပ်ပေးဖို့ရာ ဘုရားထံလာပြီး တောင်းပန်ပါတယ်။



မြတ်စွာဘုရားကလည်း သူ့ကိုတရားပြချင်တာနဲ့ မြေအိုး(၂)လုံး ၀ယ်ခိုင်းလိုက်ပြီး တစ်လုံးကို ထောပတ်အပြည့်၊ နောက်တစ်လုံးကို ကျောက်ခဲကလေးတွေအပြည့် ထည့်စေပြီး အိုး ၂-လုံးစလုံးရဲ့ အပေါက်ကို အ၀တ်နဲ့ မြဲမြဲစည်းပတ်စေပြီး အနီးအနားမှာရှိတဲ့ ရေကန်ထဲကို ချခိုင်းပါတယ်။


အိုးတွေက လေးပြီးတော့ ရေထဲမြုပ်သွားတဲ့အခါကျတော့ တုတ်ရှည်ရှည်တစ်ချောင်းနဲ့ ရိုက်ပြီး ခွဲခိုင်းပါတယ်။ ဒီတော့ ဒီလူက ၀မ်းသာသွားပါတယ်။ သူတို့ဓလေ့ထုံးစံက လူတစ်ဦးတစ်ယောက် သေသွားပြီး မီးသဂြိုလ်တဲ့အခါမှာ သားကြီးလုပ်သူက သေသွားသူ မိဘရဲ့ ဦးခွံကို ရိုက်ခွဲပေးရတယ်။ ဦးခွံကွဲသွားတဲ့အချိန်မှာ သေသူအတွက် နိဗ္ဗာန်တံခါးပွင့်သွားတယ်လို့ ယုံကြည်ချက်တွေ ရှိနေကြပါတယ်။ ဒီတော့ ဒီလူက ထင်လိုက်တာကတော့ “သူ့အဖေကို မီးသဂြိုလ်ပြီးပြီဖြစ်တော့ ဦးခေါင်းအစား မြေအိုးကိုစတိရိုက်ခွဲတာပဲ”လို့ ယူဆပြီး ကျေနပ်သွားပါတယ်။


အိုးတွေကွဲသွားတော့ ထောပတ်က ပေါ့တော့ ရေပေါ်ပေါ်လာပါတယ်။ ကျောက်ခဲ တွေကတော့ ရေထဲ မှာမြုပ်နေပါတယ်။ ဒီအခါ မြတ်စွာဘုရားက ဒီလူကိုခေါ်ပြီး ကဲ-ဆုတောင်းကြ၊ မန်းကြ မူတ်ကြ “ထောပတ်တွေ ရေမှာ မြုပ်နေပြီး ကျောက်ခဲတွေ ရေမှာပေါ်ပါ စေသား”လို့ ဆုတောင်းခိုင်းပါတယ်။


ဒီတော့ ဒီလူက “အရှင်ဘုရား ဘယ်ဖြစ်နိုင်ပါ့မလဲ။ ထောပတ်က ရေထက်ပေါ့တာ ဘယ့်နှယ်ရေအောက်မှာ မြုပ်နိုင်ပါ့မလဲဘုရား။ ဒါက သဘာဝပဲ။ ကျောက်ခဲက ရေထက်လေးတာ ဘယ့်နှယ့်ရေပေါ်မှာ ပေါ်နိုင်မလဲ။ ပေါ့တာက ရေပေါ်ပေါ်ပြီးတော့ လေးတာက ရေအောက်မှာ မြုပ်နေရ မှာဟာ ဒါသဘာဝဓမ္မပါဘုရား”လို့ လျှောက်ထားပါတယ်။


ဒီတော့ မြတ်စွာဘုရားက “ဒကာ-သင်ဟာ အပြင်ပက သဘာဝဓမ္မကိုတော့ ကောင်းကောင်း နားလည်သားပဲ။ အတွင်း သဘာဝကိုတော့ နားမထောင်ချင်ဘူး။ လက်မခံချင်ဘူး။ သင့်ဖခင်ဟာ သူ့တစ်သက်တာလုံး ကျောက်ခဲနဲ့တူတဲ့ လေးလံတဲ့အပြစ်ရှိတဲ့ အပြုအမူတွေကို ကျင့်သုံးခဲ့လို့ရှိရင် ရေအောက်ထဲမှာ မြုပ်ရန်သာ ရှိတာပေါ့။ ဘယ်သူကမှ အပေါ်ကိုဆွဲတင်လို့ မရနိုင်ပါဘူး။ မဟုတ်လို့ ထောပတ်ကဲ့သို့ ပေါ့ပါးတဲ့ အပြုအမူတွေ လေ့ကျင့်ခဲ့ရင်တော့ အထက်ကိုတက်ရမှာပဲ။ ဘယ်သူကမှ သူ့ခြေထောက်ကိုဆွဲပြီး မချနိုင်ပါဘူး”လို့ အမိန့်တော်ရှိတော်မူပါတယ်။


ဒီအတိုင်းပါပဲ။ လူတွေဟာ အယုံမှားတွေနဲ့ ကိုယ့်ကိုယ်ကို လှည့်စားပြီး ငါ့ကိုဘယ်သူ ဘယ်ဝါက ကယ်တင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ကိုယ့်ဟာကိုယ် မှားယွင်းတာတွေကို ပြုပြင်မယ်လို့တော့ မကြိုးစားကြပါဘူး။ တရားဘောင်အတွင်းမှာနေပြီး သီလစောင့်ထိန်းပြီးတော့တောင် မနေကြပါဘူး။ တစ်ဘ၀ကနေ တစ်ဘ၀ကူးကူးပြီးတော့ သောကတွေ ဒုက္ခတွေနဲ့ပဲ နေခဲ့ကြပါတယ်။


တရားကို စောစောရပြီးစကျင့်ရင် ဒုက္ခနယ်ထဲက စောစောထွက်ရမှာပဲ ဖြစ်ပါတယ်။ ယောဂီတို့ မိမိတိုပကိုယ်တိုင်ကြံစည်သလို လုပ်ကိုင်သလို အကျိုးပေးကြမှာ ဖြစ်ပါတယ်။ မျိုးစေ့အတိုင်း အသီးသီးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယောဂီတို့ဟာ မိမိတို့ရဲ့ အပြုအမူတွေကို အမြဲပဲသတိနဲ့ ထိန်းသိမ်းရမှာဖြစ်ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment