Saturday, 7 April 2012

ဝိပဿနာယောဂီ သေမှာမကြောက်

ယောဂီတို့ရဲ့ ရှေ့ရေးအနာဂတ်ဟာ ယောဂီတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ဘယ်သူနဲ့မှ မဆိုင်ပါဘူး။ ဒီဝိပဿနာ ကမ္မဋ္ဌာန်းနည်းက အနာဂတ်ကို ဘယ်လိုကောင်းအောင်မွန်အောင် ထွန်းလင်းအောင် လုပ်ရမယ်ဆိုတာကို ညွှန်ပြပါလိမ့်မယ်။ ဒီတော့ ဒီကမ္မဋ္ဌာန်းနည်းဟာ ဘယ်လိုသေရမယ် ဆိုတဲ့နည်း၊ သေခြင်းနည်းပါပဲ။ စိတ်ကသာယာစွာ မျှတစွာ ပြုံးပြုံးကလေးနဲ့ သေဖို့ရာဖြစ်ပါတယ်။

ဝိပဿနာယောဂီဟာ သေတော့မယ်ဆိုတော့ ငိုပြီးတော့ မသေတတ်ပါဘူး။ သေတော့မယ်ဆိုတာတောင် အပြုံးမပျက်ပါဘဲ သေခါနီးဆဲဆဲမှာတောင် ပြောင်းလဲနေတဲ့ အမြဲမရှိတဲ့ အဖြစ်အပျက်တွေကို ရူပြီးတော့ “အနိစ္စ အနိစ္စ အနိစ္စ”လို့ရူနေရင်းနဲ့ပဲ ကွယ်လွန်သွားတတ်ပါတယ်။ ဒါဟာ ငိုစရာကိစ္စမဟုတ်ပါဘူး။ ဘ၀သစ်ကောင်းရာသုဂတိလားရတာပဲ။ ဒါကြောင့် ၀ိပဿနာယောဂီတွေဟာ သေပေါက်သေ၀ ကျရင် တွေဝေနေပြီး သေသွားမှာကို ကြောက်ရွံ့နေခြင်းမရှိကြပါဘူး။

လူတွေဟာ အပြစ်အနာကင်းအောင် နေတတ်ပါမှ အပြစ်အနာကင်းအောင် သေတတ်ကြမှာပေါ့။ ဒီဝိပဿနာ ကမ္မဋ္ဌာန်းက လူတွေကို အေးငြိမ်းစွာ၊ သမမျှတစွာ နေတတ်ဖို့ ညွှန်ပြတဲ့လမ်းစဉ် ဖြစ်ပါတယ်။ စိတ်ရဲ့အပေါ်ယံအပိုင်း အပြင်ပိုင်းမှာသာမဟုတ်ဘဲ ဝေဒနာတွေကို တွေ့ထိခံစားနိုင်တဲ့ စိတ်ရဲ့အင်မတန် နက်ရိုင်းတဲ့အပိုင်းမှာ အေးငြိမ်းချမ်းသာ ခံစားမူတို့လည်း ဖြစ်နိုင်ပါတယ်။ ယောဂီတို့ဟာ ဥပေက္ခာပြုနေကြပြီး ဝေဒနာတွေကို ရူနေကြရမယ်ဆိုရင် စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းမှာ ဖြစ်နေတဲ့ အကျင့်ပုံစံတွေကို ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment