Sunday, 8 April 2012

ဘာဝနာမယဉာဏ်အသိကို တွေ့ရှိခဲ့


မြတ်စွာဘုရားမပွင့်မီး အချိန်ကတောင် လူတွေဟာ ဒီတရားကိုသိပြီး လက်ခံပြီး ဖြစ်နေပါတယ်။ မြတ်စွာဘုရား ကိုယ်တော်တိုင် အလောင်းတော်ဘ၀နဲ့ပဲ အဲဒီခေတ်အခါက ကျော်စောထင်ရှားတဲ့ ကမ္မဋ္ဌာန်းဆရာကြီးနှစ်ဦးထံ သွားရောက်ပြီး တပည့်ခံပြီးလေ့လာ ဆည်းပူးခဲ့ပါတယ်။



အင်မတန်မှ ရင့်သန်တဲ့ ဈာန်+သမာဓိဖြစ်တဲ့ ဈာန်ဆိုင်ရာ အမြင့်ဆုံးအဆင့်တွေအထိ ရောက်အောင် သင်ကြားခဲ့ပါတယ်။ ဆရာကြီးတွေကလည်း သီလ၊ သမာဓိအရာမှာ ပြောဖွယ်ရာ မရှိပါဘူး။ ပြည့်စုံကြပါတယ်။ ပညာလဲ ရှိကြပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီဆရာကြီး ၂-ဦးဟာ အလုံးစုံသော သမ္မာသမ္ဗောဓိဉာဏ်၊ သဗ္ဗညုတဉာဏ်တော်တွေကို မရကြပါသလဲ အထွတ်အထိပ်ကို မရောက်ကြပါသလဲ။


မြတ်စွာဘုရား အလောင်းတော်ဟာလဲ သူတို့ သိသမျှ တတ်သမျှအားလုံးကို သင်ကြားခဲ့ရလို့ သိရှိခဲ့သော်လည်း ဘာ့ကြောင့်ဘုရားအဖြစ်ကို မရောက်သေးဘဲ ရှိနေပါသေးသလဲ။ သီလကလည်း ပြည့်စုံပါတယ်။ သမာဓိကလည်း ပြည့်စုံပါတယ်။ ပညာလည်း ရှိတော့ရှိပါတယ်။ ဘာများလိုနေသေးလို့ပါလဲ။ ပညာကတော့ ရှိပါတယ်။ ဒါပေမယ့် ဒီပညာက သုတမယ ပညာ၊ စိန္တာမယပညာမျှသာ ဖြစ်ပါတယ်။


လူတွေဟာပညာအရာမှာ ဟောကြား၊ ပြောကြား၊ ဆွေးနွေးကြ၊ ငြင်းခုံကြဖြစ်နေပါတယ်။ လောဘ၊ ဒေါသ၊   မောဟတွေ လိုချင်တောင့်တမူတွေ၊ မလိုမုန်းထားမူတွေဟာ မကောင်းပါဘူး။ အားလုံးဟာလဲ မမြဲကြပါဘူး။ အနိစ္စတွေချည်းပါပဲ။ ရုပ်နာမ်တရားဟာလဲ ငါ့ ငါ့ဟာရယ်လို့ မရှိကြပါဘူး။ အားလုံးဟာ အနိစ္စပဲ။ ဒုက္ခပါပဲလို့ မြတ်စွာဘုရား မပေါ်ခင်ခေတ်ကတည်းက အိန္ဒိယနိုင်ငံမှာ ဒီလို ဘာသာရေး အသိဉာဏ်တွေ ထွန်းကားနေခဲ့ပါတယ်။


ဒီတော့ မြတ်စွာဘုရားတွေ့ရှိခဲ့တာက ဘာပါလဲ။ မြတ်စွာဘုရားရဲ့ တွေ့ရှိချက်ကတော့ ဒီလိုစိန္တာမယဉာဏ်နဲ့ အသိတွေကို တကယ့်လက်တွေ့ သိရှိခံစားနိုင်တဲ့ နည်းလမ်းဖြစ်တဲ့ ဘာဝနာမယဉာဏ်အသိကို ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ သုတမယဉာဏ် စိန္တာမယဉာဏ်တို့နဲ့ ဒီတရားတွေကို လက်ခံကြတာက ကောင်းသင့်သလောက်တော့ ကောင်းပါတယ်။ စိတ်ရဲ့ အပေါ်ယံအပိုင်းကိုတော့ အကာအကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် စိတ်ရဲ့ အတွင်းအနက်ရိုင်းဆုံး အပိုင်းမှာ ဖြစ်နေတဲ့ ရှိနေတဲ့ အမြစ်တွေကတော့ ရှိမြဲရှိနေကြပါသေးတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment