၁၀-ရက်တရားပတ်ပြီးလို့ အိမ်ပြန်သွားကြတဲ့အခါကျတော့ စိတ်ထဲမှာ နောက်ထပ်အကုသိုလ်တွေ မဖြစ်တော့ဘူးလို့ မထင်လိုက်ကြပါနဲ့။ အကုသိုလ်စိတ်တွေက နောက်ထပ် အများကြီးပဲ ဖြစ်နေဦးမှာပါပဲ။ အခုဟာက အစလေးပဲ ရှိနေပါသေးတယ်။ နောက်ပြီးတော့လည်း အကုသိုလ်စိတ်တွေ ၀င်လာတိုင်းလည်း ၀င်သက်ထွက်သက်နဲ့ ဝေဒနာတွေက သတိပေးကြဦးမှာတော့ မဟုတ်သေးပါဘူး။
ယောဂီတို့ဟာ အရင်ကလိုပဲ တုံ့ပြန်ူမူတွေ လုပ်နေကြဦးမှာပဲ။ ဒါပေမယ့် ပြောင်းလဲမူလေးကတော့ အစပြုလာပါပြီ။ ၁၀-ခါမှာဆိုရင် ၉-ခါဟာ ခါတိုင်းလိုပဲ တုံ့ပြန်မူတွေ လုပ်ကြဦးမှာပါပဲ။ ယောဂီတို့ဟာ မနက်တစ်နာရီ၊ ညနေတစ်နာရီ မှန်မှန်တရားထိုင် ၀င်လေထွက်လေနဲ့ ဝေဒနာကို ရူစပြုလာပါလိမ့်မယ်။ ဒီလိုဆိုရင်ပဲ တော်တော်လေး အစကောင်းနေပါပြီ။ ဆက်ပြီး မှန်မှန် တရားထိုင်သွားရင် တစ်ခါကနေပြီး နှစ်ခါ၊ နှစ်ခါကနေပြီး ၃-ခါ၊ ဒီလိုနဲ့ တစ်စတစ်စနဲ့ ယောဂီတို့ဟာ ဆင်းရဲဒုက္ခတွေက လွတ်မြောက်လာကြပါလိမ့်မယ်။
တကယ်လို့ ယောဂီက ခါတိုင်းအတိုင်းပဲ ဆက်ပြီး တုံ့ပြန်နေဦးမှာပဲဆိုရင်တောင်မှ နည်းနည်းတော့ သက်သာရာ ရပါလိမ့်မယ်။ အရင်က ဒေါသထွက်တယ်ဆိုရင် ဒေါသမီးဟာ ရှစ်နာရီလောက် လောင်နေခဲ့ရင် အခုဆိုရင် ၆-နာရီ၊ နောက်ဆိုရင် ၄-နာရီ၊ ၂-နာရီ၊ ၁-နာရီ၊ နာရီဝက်နဲ့ ဒေါသမီးလောင်နေတဲ့ အချိန်တွေဟာ နည်းနည်းလာတာ တွေ့ရပါလိမ့်မယ်။ ဒီတော့ ဆင်းရဲရတဲ့ အချိန်ကလည်း နည်းနည်းလာတာပေါ့။ ဒီလိုဖြစ်တာဟာ မျက်လှည့်မဟုတ်ပါဘူး။ တတန်ခိုးနဲ့ ဖန်ဆင်းတာလည်း မဟုတ်ပါဘူး။ တကယ် တိတိကျကျ နည်းမှန်လမ်းမှန်နဲ့ နေ့တိုင်း မှန်မှန် တရားထိုင်ပေးနိုင်ရင် ဖြစ်လာနိုင်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment