Wednesday, 17 October 2012

ဖဿအကြာင်း

အာရုံကို တွေ့ထိခြင်းသဘောသည် ဖဿတည်း။ ထို့ကြောင့် “တွေ့ထိတရား၊ ဖဿ ထားလော့”ဟု ဆိုခဲ့ပေသည်။ “တွေ့ထိ” ဟူရာ၌ ကိုယ်ထိ လက်ထိမျိုး၊ ပစ္စည်း တစ်ခုနှင့်တစ်ခု တိုက်မိသော အထိမျိုးမဟုတ်။ စိတ်နှင့်အာရုံ တွေ့ကြုံသောအခါ ဓာတ်ခိုက်ခြင်းသာတည်း။ ထိုဓာတ်ခိုက် ဓာတ်ထိ ဓာတ်တွေ့မျိုးသည် အချို့အရာ၌ ကိုယ်ထိ လက်ရောက် တွေ့ထိရ သလောက်ပင် ထင်ရှား၏။

ချဲ့ဦးအံ့ - နာလန်ထစ လူတစ်ယောက်သည် သူတစ်ပါးတို့ သံပရာသီးစားသည်ကိုမြင်ရလျှင် သွားရည်ကျတတ်၏။ ကြောက်တတ်သောသူသည် သူတစ်ပါးတို့ သတ်ပုတ်နေကြသည်ကို မြင်လျှင် ကြောက်ဒူးတုန်နေတတ်၏။ အရွယ်ရောက်ခါစ မိန်းကလေးများသည် မိမိနှင့် အရွယ်တူ ဂုဏ်တူ ယောက်ျားကလေး၏ အဆင်းအသံကို ကြားရသောအခါ ရင်တွင်း၌ တစ်မျိုးတစ်မည် ဖြစ်တတ်၏။ ယောက်ျားကလေးများလည်း ဤနည်းဖြစ်တတ်ကြ၏။ ဤသို့ဖြစ်ရာ၌ စိတ်သည် သံပရာသီးစသည်တို့နှင့် ဓာတ်တွေ့ဓာတ်ထိ ဓာတ်ခိုက်မိသောကြောင့် ခန္ဓာကိုယ် တိုင်အောင် သွားရည်ကျခြင်း၊ တုန်လူပ်ခြင်း စသည်တို့ ဖြစ်ကြရပေသည်။ ဤဓာတ်တွေ့ ဓာတ်ထိ ဓာတ်ခိုက်မိခြင်း သဘောသည် ဖဿ သဘောတည်း။

ဤ ဖဿသည် ကုသိုလ်ဆိုင်ရာ အာရုံကိုလည်းထိရ၊ အကုသိုလ်ဆိုင်ရာအာရုံကိုလည်း ထိရသဖြင့် စိတ်ကောင်းစိတ်ဆိုး ၂-မျိုးတွင် အမြဲပါဝင်ရသော တရားတည်း။ ဥပမာ - ဆားသည် ကောင်းသောဟင်း၌ ခတ်လည်းငန်၊ မကောင်းသောဟင်း၌ ခတ်လည်းငန် သကဲ့သို့တည်း။ နောက်၌ပြမည့် ဝေဒနာစသော စေတသိက်များလည်း ဤကဲ့သို့ စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံးတွင် ပါဝင်ရကြောင်း သတိပြုပါ။ (ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်း မဟုတ်သော ၀ိပါက် ကြိယာစိတ်ဖြစ်ဖို့လည်း အာရုံ၌ ဖဿက ထိရသည်သာ။)

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment