Thursday, 25 October 2012

အယုတ် အလတ် အမြတ် ခွဲနည်းတစ်မျိုး

ဟီနဒါန၊ မဇ္ဈိမဒါန၊ မဏီတဒါနဟု ဒါန ၃-မျိုးရှိ၏။ မိမိသုံးသော ပစ္စည်းလောက် မကောင်းသော အ၀တ်အစားများကို လှူလျှင် ဟီန (ယုတ်ညံ့သော) ဒါနဖြစ်၏။ မိမိသုံးစားသော ပစ္စည်းနှင့် တန်းတူပစ္စည်းကို လှူလျှင် မဇ္ဈိမ (အလတ်စား) ဒါနဖြစ်၏။ မိမိသုံးသော ပစ္စည်းထက် သာလွန်ကောင်းမြတ်သော ပစ္စည်းကို လှူလျှင် ပဏီတ (မွန်မြတ်သော) ဒါန ဖြစ်၏။

တစ်နည်း - ဒါသဒါန၊ သဟာယဒါန၊ သာမီဒါန ဟု ၃-မျိုးရှိ၏။ ထိုတွင် ပြခဲ့သော ဟီနဒါနကို “ဒါသဒါန”ဟုခေါ်သည်။ “ကျွန်အနေမျိုးဖြစ်သော အောက်တန်းစားအလှူ”ဟုဆိုလိုသည်။ ပြခဲ့သော မဇ္ဈိမဒါနကို “သဟာယဒါန”ဟုခေါ်သည်။ “မိတ်ဆွေ သူငယ်ချင်း အနေမျိုးဖြစ်သော အလယ်အလတ်စား အလှူ”ဟု ဆိုလိုသည်။ ပြခဲ့သော ပဏီတဒါနကို “သာမီဒါန” ဟုခေါ်သည်။ “အရှင်သခင်မျိုးဖြစ်သော အထက်တန်းစားအလှူ”ဟု ဆိုလိုသည်။

တစ်နည်း - ဒါန ပြုနေတုန်း၌ စိတ်ဆန္ဒ လုံ့လ၀ီရိယ သဒ္ဓါတရားတို့ညံ့လျှင် “ဟီနဒါန”ဖြစ်၏။ စိတ်ဆန္ဒ လုံ့လ၀ီရိယ သဒ္ဓါတရားတို့ မှန်မှန်ရှိလျှင် “မဇ္ဈိမဒါန” ဖြစ်၏။ စိတ်ဆန္ဒ လုံ့လ၀ီရိယတို့ ထက်သန်လျှင် “ပဏီတဒါန” ဖြစ်၏။

တစ်နည်း - ကျောင်းဒကာ၊ ဘုရားဒကာ၊ အလှူဒကာစသောဂုဏ်၊ “အင်မတန် သူတော်ကောင်းတာပဲ” စသော ချီးမွမ်းမူကို လိုလား၍ ပြုသောဒါနသည် “ဟီနဒါန” တည်း။ “နောင်ဘ၀သံသရာ၌ တစ်စုံတစ်ခု ကောင်းကျိုးရလိမ့်မည်”ဟု အကျိုးကိုမျှော်၍ ပြုသော ဒါနသည် “မဇ္ဈိမဒါန” တည်း။ နောင်သံသရာ အကျိုးရမရကို ဂရုမစိုက်ဘဲ (အကျိုး မရချင်နေပေစေ) “ပညာရှိ သူတော်ကောင်း”ဆိုတာ သူတစ်ပါးကို ပေးကမ်းချီးမြှောက်ရိုး ထုံးစံတည်းဟု သဘောထား၍ သူတစ်ပါးကို စားစေ ၀တ်စေလိုသော စေတနာ သက်သက်ဖြင့် ပေးလှူစွန့်ကြဲခြင်းသည် “ပဏီတဒါန”တည်း။

မှတ်ချက်။ ။ဤနည်း၌ အကျိုးကို လိုလား၍ ပြုသော ဒါနထက် အကျိုးကိုမမြော်ဘဲ ပြုသောဒါနကမြတ်ပုံကို သတိပြုသင့်၏။ မိမိအကျိုးကို မလိုလားဘဲ “သူတစ်ပါး ချမ်းသာလျှင်ပြီးရော” ဆိုသော စေတနာတို့မှာ အလွန်မြင့်မြတ်သော စိတ်ဓာတ်ရှိသော အလောင်းတော်ကြီးများ၏ စိတ်ထားမျိုးပင် ဖြစ်ပါသည်။

တစ်နည်း - ဘ၀စည်းစိမ်ကို ခံစားလို၍ ပြုသော ဒါနသည် “ဟီနဒါန”တည်း။ မိမိ၏ သံသရာမှ လွတ်မြောက်ရေးကို လိုလား၍ (ဤဒါနသည် မဂ်ဖိုလ်၏ အခြေခံ ဖြစ်ပါစေဟု ဆုတောင်း၍) ပြုသော ဒါနသည် “မဇ္ဈိမဒါန”တည်း။ သတ္တ၀ါများ၏ သံသရာမှ လွတ်မြောက်ရေးကို မြော်တွေးလျက် ဘုရားလောင်းတို့ ဖြည့်ကျင့်အပ်သော ဒါနပါရမီသာလျှင် အမြတ်ဆုံး “ပဏီတဒါန” ဖြစ်သည်။ ဤကား တစ်မျိုးထက်တစ်မျိုး (စိတ်ထားတတ်၍) မြတ်ပုံတည်း။ (သီလ စသည်များ၌လည်း ဤကဲ့သို့ စိတ်ထားလိုက်၍ အယုတ် အလတ် အမြတ် ကွဲပြားနိုင်ကြသည်။)
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment