Monday, 26 November 2012

ထိန်းသိမ်းပြုစု-ဒုက္ခမူ

(၉)
ပါဠိတော်
“တဿစေ ဘိက္ခဝေ ကုလပုတ္တဿ ဧ၀ံဥဋ္ဌဟတော ဃဋတော ၀ါယမတော။ လ။ ကာမဟေတုကာမနိဒါနံ ကာမာဓိကရဏံ ကာမာန မေ၀ ဟောတု”

မြန်မာပြန်

ရဟန်းတို့ - ထိုကာမဂုဏ်အတွက် ပစ္စည်းဥစ္စာကို ရှာဖွေသော အမျိုးသားသည် ဤသို့ ထကြွလုံ့လ၀ီရိယတို့ကြောင့် အလိုရှိတိုင်းရ၏။ ထိုအခါ ငါ၏ ရရှိသော ဥစ္စာပစ္စည်းတို့ကို မင်းတို့သည် လည်းကောင်း၊ ခိုးသူတို့သည် လည်းကောင်း မယူနိုင်အောင်၊ မီးတို့သည် မလောင်နိုင်အောင်၊ ရေတို့သို့လည်း မမြှုပ်မမျောအောင်၊ အချစ်မနှစ်သက်သောသူတို့သည် မဖျက်ဆီးနိုင်အောင် အဘယ်သို့ ထိန်းသိမ်းစောင့်ရှောက် ရပါမည်နည်းဟု စိုးရိမ်လျက် ပင်ပန်းလျက်၊ ကြောင့်ကြလျက်၊ ပူပန်လျက် နေပါသော်လည်း မင်းတို့သည်လည်း သိမ်းယူအံ့၊ ခိုးသူတို့သော်လည်း ခိုးယူအံ့၊ မီးသော်လည်း လောင်အံ့၊ ရေသော်လည်း မြုပ်အံ့၊ မချစ်ခင်မနှစ်သက်သူတို့လည်း ဖျက်ဆီးအံ့၊ ထိုအမျိုးသားသည် “ငါ့အား ရှာဖွေစုဆောင်းထားသော ပစ္စည်းတို့သည် မရှိတော့ပါတကား”ဟု ငိုကြွေး၏၊ ပင်ပန်း၏၊ ရင်ဘတ်စည်တီးမြည်တမ်း၏၊ တွေဝေ၏၊ ရဟန်းတို့-ဤသည်လည်း ကာမဂုဏ် ဟူသော အကြောင်းခံကြောင့် မျက်မှောက်လက်ငင်း ဆင်းရဲရသော ကာမဂုဏ်တို့၏ အပြစ်ပင်တည်း။

အဓိပ္ပာယ်ရှင်းလင်းချက်
မိမိကိုယ်တိုင် လုံ့လ၀ီရိယစိုက်ထုတ်လျက် ရှာဖွေစုဆောင်း၍ ရရှိသော ပစ္စည်းစုကို သတ္တ၀ါတို့၏ စရိုက်သဘောထားအားဖြင့် ချွတ်ယွင်းပျက်စီးမူကို အလွန်စိုးရိမ်တတ်သည်။ ငါ့ပစ္စည်းဥစ္စာတို့ကို မင်းတို့သည် လည်းကောင်း၊ ခိုးသူတို့သည်လည်းကောင်း သိမ်းယူခြင်း စသည်မဖြစ်ပါစေနှင့်၊ မီးမလောင်-ရေမမျော မည်သည့်နည်းနှင့်မျှ ယုတ်လျော့ခြင်း၊ ပျက်စီးခြင်းမဖြစ်လိုကြပေ၊ မပျက်စီးစေလို ရုံတင်မက တိုးပွားရန်လည်း ကြိုးစားလေသေးသည်။ ယင်းသို့ မိမိ၏ ပစ္စည်းဥစ္စာစုကို အထိန်းသိမ်းလွန်သူများလည်း “မစ္ဆရိယ” ဟူသော ၀န်တိုခြင်းဖြင့် ဒုက္ခရောက်ကြရလေသည်။ ဤနေရာ၌ အာနန္ဒာသူဌေးကြီးအကြောင်းလည်း သိသင့်သဖြင့် ဆက်လက်ဖော်ပြပေးပါဦးမည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။


No comments:

Post a Comment