Wednesday, 14 November 2012

အာရုံ ၅-ပါးအကျယ်

အာရုံ
“အာရမ္မဏ”ဟူသောပါဠိကို မြန်မာလု “အာရုံ” ဟုပြန်ထားကြသည်။ “စိတ်၏မွေ့လျော်ရာ”ဟုဆိုလိုသည်။ မည်သည့် စိတ်မဆို အာရုံတစ်ခုခုနှင့် ကင်း၍မဖြစ်နိုင်။ အာရုံရှိမှသာ စိတ်ဖြစ်နိုင်သည်။ ထို့ကြောင့် အာရုံဟူသမျှသည် စိတ်၏ပျော်မွေ့ရာဖြစ်သည်။ ထိုအာရုံများတွင် အဆင်းအရောင်ဖြစ်သော ရုပ်တရားကို ရူပါရုံဟု ခေါ်၏။ အသံရုပ်ကို သဒ္ဒါရုံ၊ အနံ့ရုပ်ကို ဂန္ဓာရုံ၊ အရသာရုပ်ကို ရသာရုံ၊ အတွေ့ရုပ်ကို ဖော်ဋ္ဌဗ္ဗာရုံ ဟုခေါ်သည်။


(“ဓမ္မာရုံ” ဟူသည်ကား ရုပ်ချည်းသက်သက်မဟုတ်၊ ရုပ်တချို့နှင့် စိတ် စေတသိက် နိဗ္ဗာန်ပညတ် အားလုံးတည်း။)

ကာမဂုဏ်
ဤအာရုံများတွင် နှစ်သက်ဖွယ်ကောင်းလှသော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အာရုံများကို “ကာမဂုဏ်”ဟု လည်းခေါ်၏။ (ကာမ = လိုလားနှစ်သက်အပ်သော + ဂုဏ = ဂုဏ်အနှောင်အဖွဲ့။) ကာမဂုဏ်ငါးပါး အာရုံတရားဟူရာ၌ ဤအဆင်း (ရူပါရုံ) စသော ငါးပါးကိုပင် ဆိုသည်။ သို့ဖြစ်၍ မိန်းမတို့၏ အဆင်း၊ အသံ၊ အနံ့နှင့် ချက်ပြုတ်ကျွေးမွေးအပ်သော ကာမဂုဏ်များတည်း။ ယောက်ျားတို့၏ အဆင်း စသည်များလည်း မိန်းမတို့အတွက် အနှစ်သက်ဆုံးသော ကာမဂုဏ်များတည်း။

ဘာဝရုပ်
ပဋိသန္ဓေတည်စ ပထမဆုံးခဏ၌ပင် အဖိုအမကွဲပြားဖို့ရန် ရှေးကံစွမ်းကြောင့် ရုပ်တစ်မျိုးစီ ပါရှိခဲ့ကြသည်။ ထိုရုပ်ကလေးများသည် ခန္ဓာကိုယ်တစ်ခုလုံး အရပ်ရပ်၌ပင် ပါရှိကြလေသည်။ မိန်မဖြစ်ဖို့ရန် ထိုအရင်းခံရုပ်ကို ဣတ္ထိဘာဝရုပ်၊ ယောက်ျားဖြစ်ဖို့ရန် ထိုအရင်းခံရုပ်ကို ပုရိသဘာဝရုပ်ဟုခေါ်၏။ သစ်ပင်၌ မျိုးစေ့အလိုက် အကိုင်း၊ အခက်၊ အရွက်၊ အသီးတို့ ထွက်ရသကဲ့သို့ ထို့အတူ ဣတ္ထိဘာဝရုပ်ဟူသော အရင်းခံမူလရုပ်ကြောင့် မိန်းမပုံသဏ္ဌာန်၊ မိန်မအင်္ဂါ၊ မိန်းမအမူအရာများ ဖြစ်လာ၍ ပုရိသဘာဝဟူသော အရင်းခံမျိုးစေ့ကြောင့် ယောက်ျားပုံသဏ္ဌာန်၊ ယောက်ျားအင်္ဂါ၊ ယောက်ျားအမူအရာများ ဖြစ်လာရပေသည်။

ဟဒယ၀တ္ထု
ဤရုပ်ကား သားမြတ် ၂-ခုအလယ်ဝယ် ရင်ချိုင့်အတွင်းရှိ သွေးများကို ပျံ့နှံ့နေသော ရုပ်တည်း။ များစွာသော စိတ်တို့သည် ဤရုပ်ကိုမှီ၍ ဖြစ်ကြရ၏။ (“ဟဒယ - နှလုံး”ဟု မြန်မာပြန်ကြ၏။ ဆရာဝန်များယူကြသော နှလုံးနှင့်ကား နေရာချင်း မတူပါ။)

ဇီဝိတရုပ်
နာမ်တရားတို့၌ အသက်ဟုခေါ်သော ဇီဝိတိနြေ္ဒ စေတသိက် ရှိသကဲ့သို့ ဤရုပ်တရားတို့၌လည်း “အသက်”ဟုခေါ်သော ဇီဝိတရုပ်ရှိ၏။ သို့သော် ဤ ဇီဝိတခေါ်သော အသက်သည် စိတ်၊ ဥတု၊ အာဟာရကြောင့်ဖြစ်ရသော ရုပ်များ၌မပါ။ ကံကြောင့်ဖြစ်ရသော ရုပ်များ၌သာပါ၏။ သတ္တ၀ါတို့၌ နာမ်ဇီဝိတနှင့် ရုပ်ဇီဝိတ နှစ်ပါးသည် အချုပ်ဖြစ်၏။ ထိုဇီဝိတ (အသက်) ၂-မျိုးမရှိလျှင် အသေကောင်ဖြစ်ရတော့၏။ ခန္ဓာကိုယ်၌ရှိနေသော ရုပ်တွေ မပုပ် မသိုးဘဲ တည်နေနိုင်သည်မှာလည်း ဤဇီဝိတခေါ်သော အသက်ရှိနေသောကြောင့်ဖြစ်၏။ အသက်ကောင်ရှိသော ရုပ်များမှာ ဤဇီဝိတခေါ် အသက်မပါခြင်းကြောင့် ပုပ်ရလေသည်။ ဤ ဇီဝိတရုပ်လည်း တစ်ကိုယ်လုံးမှာ ပျံ့နှံ့လျက်ရှိသည်။

သြဇာရုပ်
ထမင်း၌ အဆီအနှစ် အစေးရှိ၏။ ထိုအဆီအနှစ်ကို “သြဇာ”ဟုလည်းကေင်း၊ “အာဟာရ”ဟုလည်းကောင်းခေါ်၏။ ခန္ဓာကိုယ်၌လည်း ထိုအဆီအနှစ်များ ပါရှိ၏။ ချို၊ ချဉ်၊ စပ်၊ ဖန်၊ အငန်၊ အခါး ဤခြောက်ပါးကို အရသာ(ရသာရုံ) ဟုခေါ်၏။ သြဇာကား ထိုအရသာတွင် ပါဝင်သော အဆီအနှစ်တည်း။ ထိုအဆီအနှစ်သည် ခန္ဓာကိုယ်၌ ရုပ်အသစ်ကို တိုးပွားစေတတ်၏။ အဆီအနှစ်သည်ခန္ဓာကိုယ်၌ ရုပ်အသစ်ကို တိုးပွားစေတတ်၏။

(နောက်၌ အကျယ်ပြပါဦးမည်။)

အာကာသဓာတ်
အာကာသ - သဒ္ဒါသည် “အကြား” ဟူသော အနက်ကို ဟော၏။ ရုပ်တို့သည် တစ်ခုတည်းခွဲ၍ ဖြစ်ရိုးမရှိ။ အနည်းဆုံး ၈-ခု၊ ၉-ခု စသည်ပူးတွဲ၍ ဖြစ်ရိုးတည်း။ ထိုကဲ့သို့ ပူးတွဲ၍ ဖြစ်ကြသော ရုပ်တစ်စု တစ်စုကို “ကလာပ်တစ်စည်း” ဟုခေါ်၏။ (ကလာပ်ဖွဲ့ပုံ နောက်၌ပြမည်)။ လက်ချောင်း ၂-ခု ပူးကပ်ညပ်နေသော်လည်း အလယ်၌ အကြားအာကာသရှိသကဲ့သို့ ထို့အတူ ဤခန္ဓာကိုယ်၌ ရုပ်ကလာပ်ကလေးတွေ ပြည့်ညပ်နေသော်လည်း ကလာပ်တစ်ခုနှင့် တစ်ခုမှာ အကြားရှိသေး၏။ ထိုအကြားကိုပင် “အာကာသဓာတ်”ဟု (ရုပ်တစ်မျိုးအနေနှင့်) သမုတ်ထားသည်။ စင်စစ်မှာ ထင်ရှားရှိနေသော ရုပ်အစစ်မဟုတ်။ ရုပ်ကလာပ် ၂-ခုပေါင်းမိမှ အလိုလို ထင်ရှားသော ပညတ်တစ်မျိုးသာ ဖြစ်သည်။

ကလာပ်ခေါ်ပုံ
ယခုအခါ မြို့ကြီးတို့၌ လူအများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တစ်မျိုးကို “ကလာပ်”ဟုခေါ်၏။ “ကလာပ်” ဟူသော နာမည်သည် အပေါင်းအစု၏ နာမည်တည်း။ ပြခဲ့သောရုပ်တို့သည် တစ်ခုစီ တစ်ခုစီခွဲ၍ ဖြစ်ရိုးမရှိ။ ပေါင်း၍ရစကောင်းသော ရုပ်ကလေးများ အချင်းချင်း စုပေါင်းတွဲစပ်၍ ဖြစ်ရိုးရှိသည်။ ထိုသို့ အတူဖြစ်ဖက် အတူပျက်ဖက် ရုပ်အစုကို “ကလာပ်တစ်စည်း”ဟု မှတ်ပါ။

အမြဲတွဲနေသော ရုပ် ၈-ပါး
ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော မဟာဘုတ် ၄-ပါးတို့နှင့် ၀ဏ္ဏ(အဆင်း)၊ ဂန္ဓ(အနံ့)၊ ရသ(အရသာ)၊ သြဇာ(အဆီအနှစ်) ဤ ၄-ပါးသည် အမြဲတွဲနေသော ရုပ်ပေါင်းတည်း။ ဘယ်နေရာ ဘယ်ဋ္ဌာနမှ ထို ၈-ပါးတို့ ကွဲပြားလျက်မရှိ။ မြေထဲ၌ ရှိရှိသမျှ မြေမူန့်တို့သည် ထိုရုပ် ၈-ပါးအပေါင်းချည်းသာတည်း။ မြေကြီး၌ အဆင်း(၀ဏ္ဏ) ရုပ်ပါ၏။ နမ်းကြည့်လျှင် အနံ့တစ်မျိုးမျိုးရှိ၏။ စားကြည့်လျှင် အရသာတစ်မျိုးမျိုးရှိ၏။ ထိတွေ့၍လည်း ရကောင်း၏။ မြေကြီး၌သာမဟုတ် ရေ၌လည်း ဤရုပ် ၈-ပါး၊ လေ၌လည်း ဤရုပ် ၈-ပါး၊ မီးပူ နေပူ နေရောင် စသည်တို့၌လည် ဤရုပ် ၈-ပါးတို့ ပေါင်း၍ ဖြစ်ကြလေသည်။

ကလာပ်တစ်ခု၏ပမာဏ
ထိုကလာပ်တစ်ခုသည် အလွန်သေးငယ်၏။ စိတ်နိုင်သမျှစိတ် မူန့်နိုင်သမျှမူန့်နေသော မြူမူန့်ကလေး၌ပင် ကလာပ်အမျိုးပေါင်း အလွန်များစွာပါရှိ၏။ ပကတိမျက်စိဖြင့် ကြည့်၍မမြင်ရ။ အလွန်အားကောင်းသော မှန်ဘီလူးဖြင့် ချဲ့ထွင်း၍ကြည့်မှသာ မြင်ရသော ပိုးကောင်ကလေး၌ ကံကြောင့်ဖြစ်သော ရုပ်ကလာပ်များစွာ၊ စိတ်ကြောင့်၊ ဥတုကြောင့်၊ အာဟာရကြောင့်ဖြစ်သော ရုပ်ကလာပ် ကလေးတွေ အလွန်များစွာပါရှိလေရကား ကလာပ်တစ်ခု၏ ပမာဏသည် “မည်မျှသေးငယ်သည်” ဟုပြောပြ၍ မဖြစ်နိုင်အောင်ပင် သေးငယ်လှပေသည်။ (ဤကလာပ်အမျိုးအစား နာမည်များကို သိလိုလျှင် သင်္ဂြိုဟ်ကျမ်း များကို ကြည့်ရူလေ။)

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment