ဂတိသမ္ပတ္တိ ရောက်နေသော်လည်း (အထူးအားဖြင့် လူ့ဘုံမှာ) ရုပ်အဆင်းလှပခြင်း ဟူသော ဥပဓိသမ္ပတ္တိက အရေးကြီးနေပြန်၏။ ဥပဓိသမ္ပတ္တိ ဖြစ်လျှင် အမျိုးအဆွေ ပစ္စည်းဥစ္စာက အောက်ကျနေသော်လည်း ပစ္စည်းရှိသူ အမျိုးမြတ်သူတို့က ကြည်ဖြူကြ လေးမြတ်ကြသဖြင့် အထက်တန်းရောက်၍ ကုသိုလ်ကံများ အခွင့်သာကြပေသည်။ တစ်ယောက်၏ ကုသိုလ်က ဆက်သွယ်သူတို့အား အကျိုးအာနိသင် ပေးနိုင်ပုံ၌ ပြခဲ့သော သာမာဒေ၀ီမှာ ဥပဓိသမ္ပတ္တိကြောင့် ဘုရင်၏ အကျွမ်းဝင်သူ ဖြစ်ရ၏။ မကြာမီက မစ္စစ်ဆင်ပဆင်ကို ဧဒွတ်ဘုရင်က ကြည်ဖြူရခြင်းမှာလည်း မစ္စစ်ဆင်ပဆင်၏ ဥပဓိသမ္ပတ္တိကြောင့်ပင် မဟုတ်လော။
လူ့ဘ၀ကိုမဆိုထားဘိ ဂတိဝိပတ္တိ ဆိုက်နေရသော တိရစ္ဆာန်၌ပင် ရုပ်အဆင်းလှ၍ ဥပဓိသမ္ပတ္တိ ဖြစ်နေလျှင် (ခွေးလှ၊ နွားလှ၊ မြင်းလှ စသည်ဖြစ်နေလျှင်) လူ့ချမ်းသာတို့၏ လက်သပ် မွေးမြူခြင်းကို ခံရလျက် ကုသိုလ်ကံတွေ အကျိုးပေးခွင့်သာပြန်လေသည်။ ရုပ်အဆင်းလှမူဟူသော ဥပဓိသမ္ပတ္တိကား ဤမျှလောက်ပင် အကျိုးများလှပေသည်။
ဥပဓိဝိပတ္တိ
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဂတိဝိပတ္တိ ဖြစ်နေသော တိရစ္ဆာန်တို့၌ ရုပ်အဆင်း မလှမူဟူသော ဥပဓိဝိပတ္တိကြောင့် ကုသိုလ်ကံ အခွင့်မရသည်မှာ ဆိုဖွယ်ရာ မရှိပြီ။ ဂတိသမ္ပတ္တိ ဖြစ်သော လူ့ဘုံမှာပင် ဥပဓိဝိပတ္တိ ဖြစ်နေလျှင် ကုသိုလ်ကံ၏ အကျိုးကို ရသင့်သလောက်မရဘဲ ရှိတတ်၏။ အမျိုးမြတ် ဥစ္စာရှင်ပင် ဖြစ်သော်လည်း အမျိုးတူ ဥစ္စာတူတို့က မကြည်ဖြူနိုင်ကြ။ အလောင်းတော် ကုသမင်းကို ပဘာဝတီက တော်တော်နှင့်မကြည်ဖြူနိုင်ခြင်းမှာလည်း ထင်ရှားသော သက်သေသာဓကကြီးပင်တည်း။ ထိုကဲ့သို့ ဥပဓိဝိပတ္တိ ဖြစ်နေသောအခါ အကုသိုလ်ကံတို့က စွမ်းနိုင်သမျှ အကျိုးပေးကြသောကြောင့် အလောင်းတော် ကုသမင်းမှာ အိုးတော် လုပ်ရ ဖျာတော်ရက်ရ၊ ပွဲတော်ချက်ရနှင့် သွက်သွက်လည်အောင် ဒုက္ခခံလိုက်ရပါသေးသည်။ သမီး ခင်ပွန်း ၂-ယောက် ရုပ်အဆင်းချင်း ရှေ့သွားနောက်လိုက် မညီလျှင် ဥပဓိဝိပတ္တိ ဖြစ်နေသူကို အစေခံဟုပင် အထင်ခံရတတ်သေး၏။ ရုပ်အဆင်း မလှမူဟူသော ဥပဓိ ၀ိပတ္တိကား ဤမျှလောက်ပင် ဆိုးရွားလှချေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment