တာပနငရဲထက်ပင် သာလွန်၍ ပူလောင်စေတတ်သော ငရဲကို “မဟာတာပန”ဟု လည်းကောင်း၊ “ပတာပန”ဟုလည်းကောင်း ခေါ်၏။ ထိုငရဲ၌ မီးလျှံထနေသော သံတောင်ကြီးရှိ၏။ ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင်တွေ စိုက်ထူထား၏။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါများကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍တင်ကြကုန်၏။ သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်သို့ ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ကြရရှာလေတော့သည်။
အယောသေလံ အာရောပေတွာ၊ ဟေဋ္ဌာသူလံ ပတာပိယ။
ပါပကေ ယော ပတာပေတိ၊ ပတာပနောတိ ၀ုစ္စတေ။
ယောနိရယော၊ ကံကြမ္မာရင်း ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီးသည်။ အယောသေလံ၊ ရဲရဲညိလောင် အလျှံပြောင်လက် သံတောင်တက်သို့။ အာရောပေတွာ၊ ရိုက်နှက်သောအား တင်ထားပြီး၍။ ဟေဋ္ဌာသူလံ၊ တောင်ခြေစိုက်ထား တံကျင်ဖျားသို့။ ပတာပိယ၊ ကံကြမ္မာမွှေ မုန်တိုင်းလေကြောင့် အနေမမှန် ကျွမ်းပြန်ခေါက်ချိုး ဇောက်ထိုးကျလျက်။ ပါပကေ၊ မယုတ်တမာ သတ္တ၀ါအများ ငရဲသားတို့ကို။ ပတာပေတိ၊ တာပနထက် နှစ်ဆတက်အောင် နှိပ်စက်ဆန်းပွေ လောင်ကျွမ်းစေ၏။ သောနိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်လောင်ရိုး ထိုငရဲအိုးကို။ ပတာပနောတိ၊ ပတာပနငရဲဟူ၍။ ပ၀ုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment