Thursday, 8 November 2012

မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု ကံကိုချည်းသာ၊ မကိုးရာဘူး


ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မဟာမေဒင်ဘာသာဟု ဘာသာကြီး ၄-မျိုးရှိ၏။ ခရစ်ယာန်ဘာသာ မဟာမေဒင်ဘာသာတို့၌ သတ္တ၀ါတို့၏ ကောင်းကျိုး ဆိုးကျိုးများကို ထာဝရဘုရား စသူတို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းပေးသူကို စွဲလမ်းကြ၏။ ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာဝင်တို့က “ကောင်းကျိုး ဆိုးကျိုးကို ရှေးက ပြုခဲ့သော ကံက စီမံ၏”ဟု ရှေးကံကို စွဲလမ်း၏။ ဖန်ဆင်းသူကို စွဲလမ်းမူ၏ မှားပုံမှာ ဤစာများဖတ်၍ သိလောက်ပြီဖြစ်၍ မရေးတော့ပြီ။ အရာရာ ကံကိုချည်း စွဲလမ်းသူများလည်း “ပုဗ္ဗေကတဟေတုဒိဋ္ဌိ”ခေါ် မိစ္ဆာဒိဋ္ဌိတစ်မျိုးမှ မလွတ်ကင်းဘဲ ရှိကြလေသည်။ ထိုဒိဋ္ဌိ၏ ယူမှားပုံကား “ယခု မျက်မြင် သတ္တ၀ါတွေသည် ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော အကြင်အကျိုးကို ခံစားရ၏။ ထို အကျိုးအားလုံးသည် ရှေးကပြုခဲ့သော ကံကြောင့်ချည်းသာ ဖြစ်၏”ဤသို့ စသည်ဖြင့် ယူလေသည်။

မိစ္ဆာအယူကို စဉ်းစားလျှင် “မကောင်းလည်းကံ၊ ကောင်းလည်းကံ”ဟု ကံတစ်ခုကိုသာ စွဲလမ်းကြသော ဗုဒ္ဓဘာသာဝင်တို့ကလည်း ထို ပုဗ္ဗေကတဟေတုဒိဋ္ဌိမှ မလွတ်သည်ကို တွေ့ရပေသည်။ ထို့ကြောင့် ပြခဲ့ပြီးသော သမ္ပတ္တိ ၄-ပါး၊ ၀ိပတ္တိ-၄ပါးတို့ကို စဉ်းစားပြီးလျှင် ငါတို့ သန္တာန်၌ အကျိုးမပေးရသေးသော ကုသိုလ်ကံ အကုသိုလ်ကံများ အစဉ်တစိုက် လိုက်ပါနေသည်ကား မှန်၏။ သို့သော် ထိုကံတွင် အကုသိုလ်ကံတို့သည် ၀ပတ္တိအမျိုးမျိုး ဆိုက်နေရာ အခါမှသာ အကျိုးပေးခွင့်ရကြ၏။ ကုသိုလ်ကံတို့သည် သမ္ပတ္တိ အမျိုးမျိုးရရှိမှသာ အကျိုးပေးခွင့် သာကြပေသည်ဟု ယုံကြည်ကြပါကုန်။

ဆက်ဦးအံ့ - အကုသိုလ်ကံ အကျိုးပေးဖို့ရာ (ကံဇာတာညံ့ခိုက်) ကြုံသော်လည်း သတိ၊ ၀ီရိယ၊ ဉာဏ်ဟူသော ပယောဂသမ္ပတ္တိ ရှိသူမှာ အကုသိုလ်များ မကောင်းကျိုး မပေးဘဲ ရှောင်လွဲရမည်သာတည်း။ အကယ်၍ ယခုဘ၀၌ သူတော်ကောင်းတရား ပါရမီများကို ကြိုးကြိုးစားစား ထူထောင်လိုက်ပါလျှင် နောက်နောင် သံသရာဝယ် ကောင်းမြတ်သော ဂတိကို ဧကန်ရမည်သာတည်း။ ထိုသို့ ဂတိသမ္ပတ္တိ စသည်နှင့် အဆင့်ဆင့် ကြုံနေပါမူ ရှေးရှေးက ပြုခဲ့သော အကုသိုလ်ကံတို့သည် နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင်ပင် အကျိုးပေးခွင့် မရနိုင်။ ထို့ကြောင့် မိမိမမြင်နိုင်သော ရှေးကံကို တွေးကြံကြောက်မနေဘဲ ယခုဘ၀၌လည်း စီးပွားရေး တန်းမြင့်၍ နောင်သံသရာ၌လည်း အဆင့်ဆင့် မြင့်မြတ်လေအောင် ယခုလက်ငင်းပြုပြင်၍ ရကောင်းသော ပယောဂသမ္ပတ္တိကိုသာ ထူးထူးခြားခြား ကြိုးစား၍ ပြုပြင်ကြပါကုန်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment