ရှေ့တွင် လူသတ္တ၀ါတို့၌ ဖြစ်သင့်သော စိတ်နေစိတ်ထားနှင့် ပြုသင့်သောကံများ ပြခဲ့ပါပြီ။ ထိုသို့ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုးဖြစ်နေကြရင်းပင် ဥစ္စာစီးပွား ချစ်သူများနှင့် ကွေကွင်းဖို့ သေမင်းငင်သဖြင့် မသေချင်ဘဲလည်း သေမြဲဓမ္မတာ သေပေါက်သေ၀သို့ အသေခံရောက်ကြရတော့မည်။ သို့ဖြစ်၍ စုတေခါနီး အရေးကြီးပုံကို ကိုယ်စီကိုယ်င သတိပြုကြဖို့ ဆက်လက်ညွှန်ပြပါဦးမည်။
သေခြင်းအကြောင်း ၄-ပါး
(၁) သက်တမ်း ကုန်ခြင်း၊ (၂) ကံ အစွမ်းကုန်ခြင်း (၃) အသက်တမ်း ကံအစွမ်း ၂-မျိုးလုံးကုန်ခြင်း၊ (၄) ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း။ ဤသို့ သတ္တ၀ါတို့ စုတေရခြင်း အကြောင်း ၄-မျိုးရှိ၏။ ဥပမာ - ဆီမီးငြိမ်းရာ၌ (၁) ဆီကုန်ခြင်း၊ (၂) မီးစာကုန်ခြင်း (၃) ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ (၄) ဆီနှင့် မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် တမင်ငြှိမ်းသက်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။
(၁) သက်တမ်း ကုန်ခြင်း၊ (၂) ကံ အစွမ်းကုန်ခြင်း (၃) အသက်တမ်း ကံအစွမ်း ၂-မျိုးလုံးကုန်ခြင်း၊ (၄) ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း။ ဤသို့ သတ္တ၀ါတို့ စုတေရခြင်း အကြောင်း ၄-မျိုးရှိ၏။ ဥပမာ - ဆီမီးငြိမ်းရာ၌ (၁) ဆီကုန်ခြင်း၊ (၂) မီးစာကုန်ခြင်း (၃) ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ (၄) ဆီနှင့် မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် တမင်ငြှိမ်းသက်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။
ထိုထိုဘုံဘ၀၌ သတ်မှတ်ထားအပ်သော အသက်တမ်း ရှိ၏။ ဤလူ့ဘုံ၌ တက်ကပ်အခါဝယ် တဖြည်းဖြည်းတက်၍ အသင်္ချေတိုင်အောင် အသက်တမ်းရှိ၏။ ဆုတ်ကပ်အခါ၌ကား တဖြည်းဖြည်း ဆုတ်ကာ ၁၀-နှစ်တမ်းတိုင်အောင် အသက်တမ်းရှိ၏။ ဘုရားရှင် လက်ထက်တော်၌ အသက်တမ်း တစ်ရာဟုဆို၏။ ယခု ၇၅-နှစ်တမ်းခန့်မှန်းကြသည်။ သင့်တော်ရုံ ကံပါလာသူတို့သည် သတ်မှတ်ထားအပ်သော အသက်တမ်းကို မလွန်နိုင်ကြ။ အလွန်ကံထူသူ။ “ရသာယန”စသော ဆေးကောင်းရှိသူတို့သာ အသက်တမ်းကို လွန်နိုင်ကြပေသည်။
ဘုရားလက်ထက်တော်၌ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ ကျောင်းအမ ၀ိသာခါတို့လည်း အသက် ၁၂၀ ရှည်ကြ၏။ ထိုပုဂ္ဂိုလ်များကား အလွန် ကံထူးသူများတည်း။ ထိုသို့ ကံအထူးလည်းမပါ၊ သာမန်လောက်ကံကလည်း အသက်တမ်းကို လွန်အောင်မဆောင်တော့ဘဲ ၇၅-နှစ်ပြည့်၍ စုတေရခြင်းကို “အသက်တမ်းကုန်၍ စုတေရခြင်း”ဟု ခေါ်၏။ မီးစာရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းရခြင်းနှင့် တူ၏။
ဘ၀တစ်ခုကို စီမံလိုက်သော ကံသည် ပဋိသန္ဓေ တည်နေသည့် အချိန်မှစ၍ မိမိ၏ သတ္တိ မကုန်သေးသမျှ ဘ၀မပြတ်အောင်(မသေအောင်) အစဉ်တစိုက် အမြဲဖန်တီးလျက်ရှိ၏။ ထို မူလစီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော တခြားကံများလည်း ရှိနေသေး၏။ ထိုမူလစီမံလိုက်သောကံနှင့် အားပေးကူညီကြသော ကံတို့၏ အစွမ်းသတ္တိကုန်လျှင် အသက်တမ်းက မကုန်သေးသော်လည်း ဧကန်မုချ စုတေကြရတော့သည်။ ၇၅-နှစ်တမ်း၌ ကံစွမ်းက ၅၀-လောက်သာရှိလျှင် ၅၀-အရွယ်မှာပင် စုတေကြရသည်။ ဥပမာ - ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် ဧကန်မီးငြိမ်းရသကဲ့သို့တည်း။ ဤကဲ့သို့ အသက်တမ်း မကုန်သေးဘဲ ကံအစွမ်းကုန်ခြင်းကြောင့် စုတေရမူကို “ကံကုန်ခြင်းကြောင့် စုတေခြင်း”ဟုခေါ်သည်။
တချို့သတ္တ၀ါတို့ကား အသက်တမ်းလည်းကုန်၊ ကံစွမ်းလည်းကုန်ခြင်းကြောင့် စုတေကြရသည်။ ဆီလည်းကုန်၊ မီးစာလည်းကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့် တူ၏။ ထို့ကြောင့် ၇၅-နှစ်တမ်း၌ ၇၅-နှစ်လောက် နေဖို့ရန် ကံပါသူ၏ ၇၅-နှစ်ပြည့်၍ စုတေရမူကို “အသက်တမ်း ကံစွမ်း ၂-မျိုးကုန်ခြင်းကြောင့် စုတေရခြင်း”ဟု ခေါ်သည်။ ဤပြခဲ့သော အကြောင်း ၃-ပါးတို့တွင် တစ်ပါးပါးကြောင့် စုတေခြင်းကို “ကာလမရဏ = သေချိန်ကျ၍ သေရခြင်း”ဟုလည်း ခေါ်သည်။
တချို့ သတ္တ၀ါတို့ကား အသက်တမ်းလည်း မကုန်သေး ကံအစွမ်းလည်း မကုန်သေး၊ တစ်စုံတစ်ရာ အနှောင့်အယှက် မရှိလျှင် အတော်ကြာအောင် နေနိုင်သေး၏။ သို့သော် ရှေးရှေးဘ၀ကဖြစ်စေ၊ ယခုဘ၀မှာဖြစ်စေ ပြုမိသော အကုသိုလ်ကံက အခွင့်ရသဖြင့် တစ်နည်းနည်းနှင့် သေရတော့၏။ ဥပမာ - မီးစာ၊ ဆီ ၂-မျိုးလုံး မကုန်သေးဘဲ လေပြင်းတိုက်ခတ်မူ၊ တမင်ငြှိမ်းသတ်မူကြောင့် မီးငြိမ်းခြင်းမျိုးကဲ့သို့တည်း။ ထိုကဲ့သို့ သေရခြင်းကို “ဥပစ္ဆေဒကကံ၏ သတ်ဖြတ်မူကြောင့် သေရခြင်း”ဟုခေါ်သည်။ (ဥပစ္ဆေဒက = ကပ်၍ သတ်ဖြတ်တတ်သော ကံ)
အရှင်မဟာမောဂ္ဂလာန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်မောဂ္ဂလာန်ဘ၀၌ ထိုကံအခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံပြီးမှ ပရိနိဗ္ဗာန် စံရလေသည်။ ဗိမ္ဗိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဖူး၏။ ဗိမ္ဗိသာရမင်းဘ၀၌ ထိုကံအခွင့်ရသဖြင့် ခြေဖ၀ါးကို ဓားခွဲခံလျက် နတ်ရွာစံရလေသည်။ သာမာဝတီအမှူးရှိသော နန်းတွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ် ၀င်စားနေစဉ် အလောင်းတော်ထင်၍ မီးရို့ရာ သမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်း သိလျက်ပင် မိမိတို့ အမူပေါ်မည်စိုး၍ ထပ်မံ မီးတိုက်ခဲ့ဖူး၏။ ထိုကံက အခွင့်ရသဖြင့် မီးလောင်၍ ဘ၀ဆုံးကြရလေသည်။ ဤကား ရှေးဘ၀က ပြုခဲ့သော အကုသိုလ်ကံ အခွင့်ရသဖြင့် သတ်ဖြတ်ခံရသူများတည်း။
ယခုဘ၀မှာပင် ဂုဏ်ကြီးသူများကို အကြီးအကျယ် စော်ကားမိ၍ ထိုကံက သတ်ဖြတ်သော ၀တ္ထုများလည်း ရှိသေး၏။ “ဒုဿီ” မည်သော မာရ်နတ်သည် ကဿပဘုရားရှင်၏ လက်ယာတော်ရံ အဂ္ဂသာဝကအရှင်၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့် ပေါက်လေသည်။ “နန္ဒ” မည်သော နတ်ဘီလူးကား အရှင်သာရိပုတ္တရာ၏ ရိတ်ပြီးစ ဦးခေါင်းပြောင်ပြောင်ကို လက်ဖြင့်ခေါက်၏။ ကလာဗုမင်းမှာ အလောင်းတော်ခန္တီဝါဒီရသေ့ကို သေလောက်အောင် နှိပ်စက်ခိုင်း၏။ ထို နတ် ဘီလူး မင်းတို့ ထိုဘ၀၌ ပြုအပ်သော ကံသည် ထိုဘ၀မှာပင် အခွင့်ရ၍ မြေမျိုစေလေသည်။ ဤသို့ စသည်ဖြင့် အမိအဖ ဂုဏ်ကြီးသော ဆရာသမားတို့ကို စော်ကားသူတို့သည် ထိုကံအတွက် အသက်တမ်းစေ့အောင် မနေကြရဘဲ လတ်တလော သေရတတ်လေသည်။ ဤဥပစ္ဆေဒကကံ တစ်ခုခုကြောင့် သေရခြင်းကိုပင် “အကာလ မရဏ = သေဖို့ရန် အချိန်မကျသေးဘဲ သေရခြင်း” ဟုခေါ်သည်။
သတ္တ၀ါတို့၏ သန္တာန်၌ ရှေးမကောင်းမူ ကံကလေးတွေ ကိုယ်စီကိုယ်င အများအပြား ပါရှိကြလေသည်။ ထိုကံများသည် မိမိတို့ချည်း သက်သက် သေကျေအောင် မသတ်ဖြတ်နိုင်သော်လည်း သတိမရှိ၊ ဉာဏ်မရှိ၍ (အစဉ်းစား အဆင်ခြင်၊ အမြော်အမြင် မရှိ၍) အစားမတတ်၊ အသွားမတတ်၊ အနေအထိုင် မတတ်သူများကို ဘေးဥပဒ်ရောက်အောင်၊ ထိုဘေးဖြင့် သေကျေပျက်စီးအောင်ကား တတ်နိုင်ကြပေသည်။
ရှေးရှေးက သူတစ်ပါးကို အငတ်ထားခဲ့ဖူးခြင်း၊ မြွေနှင့်တိုက်ခြင်း၊ အဆိပ်ခတ်ခြင်း၊ တုတ်ဓား စသည်တို့ဖြင့် ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ မီးတိုက်သတ်ခြင်း စသည်ဖြင့် သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့် ပြုခဲ့သောသူသည် ထိုကံများ အခွင့်ရသော ဘ၀၀ယ် ထမင်းငတ်၍ သေတတ်၊ မြွေကိုက်၍ သေတတ်၊ အဆိပ်မိ၍ သေတတ်၊ လက်နက်ဖြင့် သေတတ်၊ ရေနစ်၍ သေတတ်၊ မီးလောင်၍ သေတတ်လေသည်။
သူတစ်ပါးကို တစ်နည်းနည်းဖြင့် နှိပ်စက် သတ်ဖြတ်ခဲ့ဖူးသူသည် ယခုဘ၀၌ လေနာခြင်း၊ သလိပ်ရောဂါရှိခြင်း၊ ပန်းနာရှိခြင်း၊ နူနာရှိခြင်း၊ မကျန်းမမာခြင်း စသည်ဖြင့် ညိုးနွမ်းပင်ပန်းစွာ အသက်ရှည်နေရသည့်အပြင် ထိုရောဂါဖြင့်ပင် သေရတတ်၏။ ဤသို့ စသည်ဖြင့် ရှေးကံကလေးတွေသည် (ဆင်ခြင်စဉ်းစား သတိထားတတ်သူတို့၌ နှိပ်စက်ခွင့် သတ်ဖြတ်ခွင့် မရသော်လည်း) အစဉ်းစား အဆင်ခြင် မရှိသူတို့ကား မကျန်းမာအောင်၊ သေကျေအောင် နှိပ်စက်ဖို့ရန် နှောင့်နှေးမည် မဟုတ်ချေ။ ထို့ကြေင့် “အသက်ဉာဏ်စောင့်၊ အသွားမတော် တစ်မုဟုတ်၊ အစားမတော် တစ်လုတ်၊ ကျားရဲရာ ကြမ္မာမယိုးသာ (ကျားထနေသော တောသို့သွားလျှင် ကျားကိုက်ခံရမှာပဲ၊ ကျားကိုက်ခံနေရတာကို ကံကြမ္မာဟု မယိုးမစွဲပါနှင့်။) ကံယုံပြီး မီးပုံမဆင်းနဲ့၊ မီးပုံထဲဆင်းလျှင် ကံကောင်းနေသော်လည်း မီးလောင်မှာပဲ” စသည်ဖြင့် လူကြီးသူမတို့ ပြောဆိုခဲ့ကြပေသည်။
ထိုစကားတို့၌ လူကြီးများ၏ ဆိုလိုရင်းကား လူတိုင်းမှာပင် မကောင်းကျိုးပေးဖို့ရန် အကုသိုလ်ကံများ (ရှေးဘ၀များစွာက ၁-မျိုး၊ ၂-မျိုး ပြုခဲ့မိကြသဖြင့်) ကိုယ်စီကိုယ်င ပါရှိကြပေသည်။ သို့သော် ထိုကံများသည် အလွန်သတ္တိ မထက်ကြလျှင် သူတို့ဘာသာ အကျိုးပေးခွင့်သာအောင် မတတ်နိုင်ကြပါ။ အဆင်ခြင် အစဉ်းစား မရှိသူများ၌သာ အသွားအလာ၊ အစားအသောက်၊ အနေအထိုင် မတတ်သည့်အတွက် ထိုကံများက အကျိုးပေးခွင့် ရကြပါသည်။ သို့ဖြစ်၍ အသက်ရှည်ကြာ အနာကင်းမူကို ဂရုစိုက်ခြင်း မရှိလျှင် ဥပစ္ဆေဒက ကံကလေးတွေ အခွင့်သာ၍ (အသက်တမ်း မစေ့ခင် ထိုဘ၀ကို စီမံလိုက်သောကံကလည်း မကုန်သေးခင်) သေရမည့် အရေးကား မည်သူမျှ မဝေးကြောင်း နောက်နှောင်း လူများအတွက် လေးနက်စွာ သတိပေးထားခြင်း ဖြစ်သည်။
အချုပ်ကား - သတ္တ၀ါတို့ သေဖို့ရာ “အသက်ကုန်ခြင်း၊ ကံကုန်ခြင်း၊ အသက် ကံ၂-မျိုးလုံးကုန်ခြင်း၊ ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း”ဟု အကြောင်း ၄-ပါးရှိ၏။ ထိုတွင် ဥပစ္ဆေဒကကံက အခွင့်သာ၍ (အခွင့်သာအောင် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ မတတ်ကြ၍) သေချိန်မကျဘဲ သေရသူတွေ ယခုကာလ၌ ပေါများလှ၏။ ထို့ကြောင့် မိမိကိုယ်ကို အသက်တမ်းစေ့နေနိုင်အောင် အသက်ကို အသိဉာဏ်ဖြင့် စောင့်ရှောက်ကြပါဟု ဆိုလိုသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment