Tuesday, 11 December 2012

ပုက္ကုသာတိ - ချမ်းသာ၏

စတုတ္ထဈာန်သို့ ရောက်၍နေသော ချမ်းသာသည် ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မူကို ပယ်ဖျောက်နိုင်၏။ ခွာနိုင်၏။ ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းသည် တက္ကသိုလ်ပြည် ပုက္ကုသာတိ မင်းနှင့် (အဒိဋ္ဌ - သဟာယ) မမြင်ဖူးသော မိတ်ဆွေတို့ဖြစ်ကြ၏။ တစ်ဦးနှင့်တစ်ဦး ကုန်သည်တို့၏ ဆက်သွယ်မူကြောင့် လက်ဆောင်ပဏ္ဏာများ လဲလှယ်ကြ၍ အလွန်ပင် ရင်းနှီးလေသည်။


တစ်ခါသော် ပုက္ကုသာတိမင်းသည် အဆင်းငါးပါးနှင့် ပြည့်စုံသော အဖိုးမဖြတ်နိုင်လောက်သော ကမ္ဗလာရှစ်ထည်ကို ရသဖြင့် မိတ်ဆွေဗိမ္ဗိသာရမင်းကို သတိရကာ ရွှေကြုတ်တွင် ထည့်၍ ပို့လွှတ်လိုက်လေသည်။ ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းထံ ရောက်၍ ဖွင့်ကြည့်သောအခါ အလွန် တန်ဖိုးရှိ၍ လှပခြင်းမျိုးစုံ၊ နူးညံ့ခြင်းမျိုးစုံနှင့် ပြည့်စုံသော ကမ္ဗလာတို့မှာ အလွန် ကောင်းမွန်လှသဖြင့် မိမိအတွက် ၄-ထည်၊ မြတ်စွာဘုရားသို့ ၄-ထည် လှူဒါန်းလေသည်။

ဗိမ္ဗိသာရမင်းသည် ဤမျှ ကောင်းမွန်၍ အဖိုးတန်လှသော လက်ဆောင်ပဏ္ဏာ ပေးပို့ရရှိသဖြင့် စဉ်းစားသည်ကား “လက်ဆောင် ပြန်ပေးရန် ငါတို့ တိုင်းပြည်တွင် ဤပစ္စည်းထက် ကောင်းသောပစ္စည်း မရှိချေ။ ဤပစ္စည်းထက် ညံ့သောပစ္စည်း ပေးပို့ရန်လဲ မသင့်တော်၊ သို့အတွက် အဘယ်ပစ္စည်းသည် အမွန်အမြတ်ဖြစ်သည်ကို စဉ်းစားသောအခါ ဤလူ့ပြည်၊ နတ်ပြည်၊ နဂါး၊ ဂဠုန် စသည့် ပြည်တို့၌ မွန်မြတ်သော အဖိုးတန်သော ရတနာအမျိုးမျိုးရှိကြသော်လည်း ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာကို မမီနိုင်၊ မတုနိုင်၊ မယှဉ်နိုင်ဖြစ်၍ ရတနာသုံးပါးသည် သာလျှင် အမွန်မြတ်ဆုံး အကောင်းဆုံး လက်ဆောင် ပဏ္ဏာဖြစ်သည်”ဟု ရွှင်လန်းဝမ်းမြောက်စွာ တက္ကသိုလ်ပြည်မှ ကုန်သည်တို့အား “တက္ကသိုလ်ပြည်တွင် ရတနာသုံးပါးရှိ-မရှိ” မေးရာ “အသံပင် မကြားဖူးကြောင်း၊ ဖူးမြင်ရမူသည် အဘယ်မှာရပါမည်လဲ”ဟု လျှောက်ကြသောကြောင့် ဗိမ္ဗိသာရမင်းကြီးသည် ရွှေပြားတို့ကို ခတ်စေ၍...

“ယံ ကိဉ္စိဝိတ္တံ - အစ ချီသော ဘုရားရတနာကို လည်းကောင်း၊
ယံ ဗုဒ္ဓသေဋ္ဌော - အစ ချီသော တရားရတနာကို လည်းကောင်း၊
ယေပုဂ္ဂလာ - အစ ချီသော သံဃာရတနာကို လည်းကောင်း”

ရေး၍ အထူးသဖြင့် အာနာပါန ကမ္မဋ္ဌာန်း အစီအရင်ကို အားထုတ်ပုံနည်း နိဿယနှင့်တကွ ရွှေပြားတွင် ညွှန်ကြား၍ ပေးပို့အပ်သော အကြောင်းကြား သ၀ဏ်လွှာတွင်...

“ဘဂ၀တော သာသနံ သွာက္ခာတံ နိယျာနိကံ၊ သစေမယှံ သဟာယော သက္ကောတိ၊ နိက္ခမိတွာ ပဗ္ဗဇတု”

(ဥပရိပဏ္ဏာသ ဋ္ဌကထာ - ၁၉၉)

“ဘဂ၀တော၊ မြတ်စွာဘုရား၏။ သွာက္ခာတံ၊ ကောင်းစွာဟောတော်မူအပ်သော။ သာသနံ၊ အဆုံးအမ သာသနာတော်သည်။ နိယျာနိကံ၊ ၀ဋ်မှ ထွက်မြောက်ရာဖြစ်၏။ မယှံ၊ အကျွန်ုပ်၏။ သဟာယော၊ မိတ်ဆွေ ပုက္ကုသာတိသည်။ သစေသက္ကောတိ၊ အကယ်၍ ဖြစ်နိုင်ခဲ့သည်ရှိသော်။ နိက္ခ မိတွာ၊ အိမ်ရာထောင်သော လူ့ဘောင်မှ ထွက်၍။ ပဗ္ဗဇတု၊ ရဟန်းပြုတော်မူနိုင်ပါစေ”

ဟု အထူးသ၀ဏ်လွှာပါးပြီး ပို့လွှတ်သည်။ အကျဉ်းချုံး၍ ဆိုရသော် ပုက္ကုသာတိ တက္ကသိုလ်မင်းသည် နန်းတော်၏ အထက်ဆုံး အထပ်တွင် ဥပုသ်စောင့်သုံး၍ ရသေ့ဝတ်လျက် အာနာပါန အစီအရင်အတိုင်း အားထုတ်လေရာ စတုတ္ထဈာန်ကို ရလေသည်။ ဗိမ္ဗိသာရမင်း၏ “တောထွက်ရဟန်းပြုရန်” တိုက်တွန်းချက်အတိုင်း မြတ်စွာဘုရားကို ရည်ရွယ်၍ ရဟန်းဝတ်ကာ ယူဇနာတစ်ရာရှိတော်မူရာ သာဝတ္ထိပြည်ဘက်သို့ မှန်း၍ ထွက်လာလေရာ တိုင်းသူပြည်သားတို့က သိရှိ၍ အတင်းတားသော်လည်း မနေဘဲ မြတ်စွာဘုရားကို လေးစားရိုသေသောအားဖြင့် ဖိနပ်မစီး၊ ထီးမဆောင်းဘဲ တောလမ်းခရီးကြမ်းကို အပြင်းလာခဲ့လေသည်။ လမ်းတွင် လှည်းကုန်သည်တို့နှင့် တွေ့၍ လှည်းများနောက်မှ လိုက်လေသည်။ ညအိပ်သောအခါ လမ်းဘေးသစ်ပင်အောက်တွင် ထိုင်လျက်...

“နိသိန္နဌာနေ ပါဒပရိကမ္မံ ၀ါ ၀ိဋ္ဌိပရိကမ္မံဝါ ကတ္တာနာမ နတ္ထိ၊ ကုလပုတ္တော အာာပါန စတုတ္ထ ဈာနံ သမာပဇ္ဇိတွာ မဂ္ဂဒရထကိလမထ ပရိဠာဟံ ၀ိက္ခမ္ဘေတွာ ၀ီတိနာမေတိ”

(ဥပရိပဏ္ဏာသ ဋ္ဌကထာ - ၂၀၃)။

“ကုလပုတ္တော၊ ပုက္ကုသာတိ အမျိုးကောင်းသားသည်။ နိသိန္နဌာနေ၊ နားနေရာအရပ်၌။ ပါဒပရိကမ္မံ - ငါ၊ ခြေဆန့်ခြင်းအမူကို သော်လည်းကောင်း၊ ပိဋ္ဌိပရိကမ္မံဝါ၊ ကျောဆန့်ခြင်းအမူကို သော်လည်းကောင်း။ ကတ္တာနာမ၊ ပြုလုပ်ခြင်းမည်သည်။ နတ္ထိ၊ မရှချေ။ ကုလပုတ္တော၊ ပုက္ကုသာတိ အမျိုးကောင်းသားသည်။ အာနာပါနစတုတ္ထဈာနံ၊ အာနာပါန စတုတ္ထဈာန်ကို။ သမာပဇ္ဇိတွာ၊ ၀င်စား၍။ မဂ္ဂဒရထ ကိလမထပရိဠာဟံ၊ ခရီးပန်းခြင်း, ကိုယ်လက် ပူလောင်နှိပ်စက်ခြင်းကို။ ၀ိက္ခမ္ဘေတွာ၊ ဖယ်ခွာခြင်းဖြင့်။ ၀ီတိနာမေတိ၊ အချိန်ကို ကုန်လွန်စေ၏”

ဤသည်လျှင် အာနာပါနဖြင့် စတုတ္ထဈာန်ကို ရထားပြီးသော ပုက္ကုသာတိ အမျိုးကောင်းသားသည် ခရီးကြမ်းသွားရသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက် ကိုက်ခဲပူဆာခြင်း စသော ကိုယ်ဆင်းရဲ ပင်ပန်းခြင်းတို့ကို ဈာန်ဝင်စားခြင်းဖြင့် သက်သာရာကို ရစေလေသည်။ ထိုဈာန်ချမ်းသာသည် ပင်လျှင် ခံစားမူတို့၏ သာယာဖွယ်တည်းဟု ဟောသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။














No comments:

Post a Comment