Monday, 10 December 2012

ဝိဇယသုတ်


“၀ိဇယသုတ်”
သုတ္တနိပါတ် ပါဠိတော်လာ ၀ိဇယသုတ်ကို ဟောတော်မူသည်။

၁။ သွားသော် လည်းကောင်း၊ ရပ်သော် လည်းကောင်း၊ ထိုင်သော် လည်းကောင်း၊ အိပ်သော် လည်းကောင်း၊ ခန္ဓာ အစိတ်အပိုင်းတို့ကို ကွေး၏။ ဆန့်၏၊ ဤကဲ့သို့ ခန္ဓာ အစိတ်အပိုင်းတို့ကို ကွေးခြင်း၊ ဆန့်ခြင်းသည် ခန္ဓာကိုယ်၏ လူပ်ရှားမူပင်ဖြစ်သည်။

၂။ ခန္ဓာတည်းဟူသော ကိုယ်ကောင်ကို အရိုး၊ အကြောတို့ဖြင့် ဖွဲ့စပ်အပ်သည့် အရေအသားတို့ဖြင့် လိမ်းကျံအပ်သည်၊ အရေထူအရေပါးတို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ ဟုတ်မှန်သော သဘောကို မမြင်နိုင်ပေ။


၃။ ဤကိုယ်ကောင်သည် အူဖြင့်ပြည့်၏၊ အစာသစ်ဖြင့် ပြည့်၏။ အသည်းဖြင့် လည်းကောင်း၊ စည်ပေါင်အိမ်ဖြင့် လည်းကောင်း၊ နှလုံးဖြင့် လည်းကောင်း၊ အဆုတ်ဖြင့် လည်းကောင်း၊ အညှိုဖြင့် လည်းကောင်း၊ အဖျဉ်းဖြင့် လည်းကောင်း၊ ပြည့်နှက်နေ၏။

၎။ နှပ်ဖြင့် လည်းကောင်း၊ တံတွေးဖြင့် လည်းကောင်း၊ ချွေးဖြင့် လည်းကောင်း၊ အဆီခဲဖြင့် လည်းကောင်း၊ သွေးဖြင့် လည်းကောင်း၊ အစေးဖြင့် လည်းကောင်း၊ သည်းခြေဖြင့် လည်းကောင်း၊ ဆီကြည်ဖြင့် လည်းကောင်း ပြည့်နှက်နေ၏။

၅။ ထိုမှတစ်ပါး ခန္ဓာကိုယ်၏ ကိုးပါးသော ယိုစီးရာအ၀တို့မှ အညစ်အကြေး အစုံသည် အခါခပ်သိမ်း ယိုစီး၏၊ မျက်စိပေါက်မှ မျက်ချေးသည် ယိုစီး၏၊ နားမှ နားဖားချေးသည် ယိုစီး၏။

၆။ နှာခေါင်းပေါက်မှ နှပ်သည် ယိုစီး၏၊ တစ်ရံတစ်ခါ ခံတွင်းပေါက်မှ သည်းခြေသည်လည်း ပျို့အန်၏၊ သလိပ်သည်လည်း ပျို့အန်၏၊ ကိုယ်မှ ချွေးအညစ်အကြေးတို့သည်လည်း ယိုစီး၏။

၇။ ထိုမှတစ်ပါး ထိုကိုယ်၏ ဦးခေါင်းသည် အပေါက်အခေါင်းရှိ၏၊ ဦးနှောက်ဖြင့် ပြည့်၏၊ ထိုခန္ဓာကိုယ်ကို သူမိုက်သည် (အ၀ိဇ္ဗာ) မသိမူသည် ဖုံးလွှမ်းသည်ဖြစ်ရကား - တင့်တယ်၏ ဟူ၍ အောက်မေ့မှတ်ထင်၏။

၈။ အကြင်အခါ ထိုကိုယ်ခန္ဓာသည် အသက်ဝိညာဉ်ကင်းသဖြင့် သေခြင်းသို့ ရောက်သည်ဖြစ်၍ ဖူးဖူးရောင်၏၊ ညိုသော အဆင်းဖြစ်၏၊ သုသာန်၌ စွန့်ပစ်အပ်သည် ဖြစ်၍ အိပ်ရ၏။ ထိုအခါ ထိုကိုယ်ကို ဆွေမျိုးမိတ်သင်္ဂဟတို့သည် ငဲ့ကွက်ခြင်း ကင်းကြကုန်၏။

၉။ ထိုကိုယ်ကို အိမ်ခွေးတို့သည် လည်းကောင်း၊ တောခွေးတို့သည် လည်းကောင်း၊ သစ်ကျုတ်တို့သည် လည်းကောင်း၊ ပိုးတို့သည် လည်းကောင်း၊ ကျီးတို့သည် လည်းကောင်း၊ လင်းတတို့သည် လည်းကောင်း၊ ခဲစားကြကုန်၏၊ တစ်ပါးကုန်သော အပုပ်အသိုးစားသည့် သတ္တ၀ါတို့သည်လည်း ခဲစားကုန်၏။

၁၀။ ဤသာသနာတော်၌ ပညာရှိသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရား စကားတော်ကို ကြားနာရ၍ ထိုခန္ဓာကိုယ်ကို ဟုတ်မှန်သောအတိုင်း ပိုင်းခြားသိနိုင်၏၊ ရူံမြင်နိုင်၏။

၁၁။ ဤအသက် ၀ိညာဉ်ရှိသော အသုဘသည် မသေမီသာ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း၊ ဖြစ်သကဲ့သို့ ထိုအသက် ၀ိညာဉ်မရှိတော့သော အသုဘသည်လည်း မသေမီအခါက သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း ဖြစ်၏။ ထိုအသုဘအကောင်သည် ယခုအခါ သေပြီဖြစ်၍ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း မဖြစ်တော့ သကဲ့သို့ ထို့အတူ ဤအသက် ၀ိညာဉ်ရှိနေသော အသုဘသည်လည်း နောင် သေသောအခါ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း မဖြစ်တော့လတ္တံ့၊ ဤသို့ မိမိ၏ အတွင်း ခန္ဓာကိုယ်၌လည်းကောင်း၊ အပြင်ခန္ဓာကိုယ်ဤ လည်းကောင်း တပ်မက်မူ(ဆန္ဒရာဂ) ကို ကင်းကွာစေရာ၏။

၁၂။ ဤသာသနာတော်၌ ပညာရှိသော ပုဂ္ဂိုလ်သည် (ဆန္ဒရာဂ) ဖြင့် တပ်မက်ကင်းသည်ဖြစ်၍ သေခြင်း ကင်းကာ ငြိမ်းအေးရာ တဏှာမှ ထွက်မြောက်ရာ ရွေ့လျားခြင်း မရှိရာ နိဗ္ဗာန်ကို ရနိုင်၏။

၁၃။ အခြေနှစ်ချောင်းရှိသော ဤခန္ဓာကိုယ်သည် မစင်ကြယ်၍ မကောင်းသော အနံ့ရှိသောကြောင့် ပန်းနံ့သာစသည်တို့ဖြင့် ပြုပြင်ဆောင်ရွက်နေရ၏။ ထိုသို့ဖြစ်ပါလျက် အမျိုးမျိုးသော အပုပ်တို့ဖြင့် ပြည့်သည်ဖြစ်၍ ထိုထိုအပေါက်တို့မှ ယိုစီး၏။

၁၄။ အကြင်သူသည် ဤသို့ သဘောရှိသော ကိုယ်ဖြင့် မာန ထောင်လွှားခြင်းငှာ ဖြစ်၏၊ သူတစ်ပါးကိုလည်း မထီမဲ့မြင် ပြုရာ၏။ ထိုသူ၏ မာနထောင်လွှားမူ၊ မထီမဲ့မြင် ပြုမူသည် အရိယာဖြစ်ကြောင်း အမှန်တရား (သစ္စာ) ကို မမြင်သည်မှ တစ်ပါး အဘယ်မှာ အကြောင်းရှိပါအံ့နည်း။

ဤ တရားဒေသနာကို ဟောတော်မူသည့် အဆုံး၌ ရှစ်သောင်းလေးထောင်သော ပရိသတ်သည် တရားထူးသိမြင်ကြကုန်ပြီ သီရိမာ နတ်သမီးသည် အနာဂါမ်ဖိုလ်သို့ ရောက်ပြီး စွဲလမ်းသော ရဟန်းသည် သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။

(ဤကား သုတ္တနိပါတ်ပါဠိတော် ၀ိဇယသုတ် - ၃၀၇။ ၎င်း အဋ္ဌကထာ - ၂၃၃၊ ဓမ္မပဒဋ္ဌကထာ - ၆၆ တို့ကို မြန်မာပြန်သည်)။

ယင်းသို့လျှင် မြတ်စွာဘုရားသည် အဆင်းရုပ်ဖြစ်သော ကိုယ်ခန္ဓာ၏ အိုမင်းရင့်ရော်သေဆုံးသည်မှ ပုပ်ပွပြီး အရိုးကျကာ ပျောက်ပျက်သည်အထိ အဆင့်ဆင့်အားဖြင့် အပြစ်ထင်ရှားအောင် ဟောပြတော်မူလျက် - ထိုမကောင်းသော ရွံရှာဖွယ်သော အသုဘဖြစ်သည့် တွယ်တာစရာမကောင်းသည့် ဤသည် အဆင်းရုပ်ခန္ဓာကို အပြစ်ဟူ၍ မြင်ပြီးလျှင် ထိုခန္ဓာမှ လွတ်လို ကျွတ်လို မရလိုသော ထွက်မြောက်လိုသော စိတ်ဖြစ်လာသောအခါ ထွက်မြောက်ရာကို ညွှန်ပြတော်မူပြန်သည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment