အစားအစာတစ်ခုခုကို မစားဘဲနေရင် ကြာရင် အာဟာရချို့တဲ့ တဲ့ရောဂါ ဖြစ်လာတယ်။ ထို့အတူပဲ (တိုက်ရိုက်တည့်တည့်ကြီးကို ပြောချင်တာ) တရားအားမထုတ်တဲ့သူဟာ စိတ်မှာ ချို့တဲ့မူ ရှိပါတယ်။ တခြား ဘယ်လောက်ပဲ ပြည့်စုံနေ ပြည့်စုံနေ တရားအားမထုတ်ရင် သူ့မှာ ချို့တဲ့မူ ရှိနေတယ်။
သာမန်အားဖြင့် လူတွေဟာ လူတစ်ယောက်က နောက်လူတစ်ယောက်ကို ကြည့်လိုက်ရင် အဲဒီလူကိုလည်း အဟောင်းကြီးလို့ မြင်ရတာပဲ။ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားရင်လည်း ကိုယ့်ဟာကိုယ်လည်း အဟောင်းကြီး ဖြစ်နေမှာပဲ။
တရားအားထုတ်လို့ စိတ်ငြိမ်းချမ်းသွားရင် ဘာကြည့်ကြည့် အားလုံးဟာ အသစ်ပဲ။ လန်းဆန်းနေတယ်၊ အသစ်ဖြစ်နေတယ်။ အရာရာတိုင်းဟာ လှနေတယ်။ အဲသလိုစိတ်နဲ့ နေ့တိုင်းနေသွားနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
လူတွေဟာ စိတ်ထဲမှာ ပြည့်ကျပ်နေတာပဲ။ လူတွေရဲ့ စိတ်ဟာ ဘာမှ အသုံးမ၀င်တဲ့ ပစ္စည်းအဟောင်းအမြင်းတွေကို စုပြုံပြီးတော့ ပြည့်ကျပ်အောင် သိမ်းထားတဲ့ ကုန်လှောင်ရုံကြီးနဲ့ တူနေတယ်။
ဒီလို တရားထိုင်ပြီး လုံးလုံး စိတ်ရှင်းသွားတော့ စိတ်မှာ ကြည်လင်အေးချမ်း ငြိမ်းချမ်းပြီး အင်မတန် သန့်ရှင်းသွားတာ။ ကိုယ့်စိတ်က ဘုရားခန်းလေးလို ဖြစ်သွားတယ်။ ပစ္စည်းအပိုဆိုလို့ ဘာမှ ဒီအထဲမှာ မရှိတော့ဘူး။ မြင့်မြတ်တဲ့ စိတ်ကလေးပဲ ရှိတယ်။
တရားအားထုတ်လို့ ပိုပြီး သတိ သမာဓိတွေ ရင့်ကျက်ပြီး ပိုသိမ်တွေ့တဲ့ အာရုံတွေကို သိနိုင်တဲ့အဆင့် ရောက်ရင်တောင်မှ အာနာပါနနဲ့ ထိသိကို အခြေခံအနေနဲ့ ဘယ်တော့မှ လက်မလွှတ်သင့်ဘူး။
ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်နေရာဖြစ်ဖြစ် တတ်နိုင်သလောက် စိတ်ကို စုစည်းပါ။ ဒါဟာ ပထမအဆင့် အနေနဲ့ အရေးကြီးဆုံးပဲ။ အတိတ်၊ အနာဂတ်ကို တွေးပြီးတော့ မေ့မြောမနေဖို့ အရေးကြီးတယ်။
သတိနဲ့ မနေတတ်တဲ့သူဟာ အတိတ်ကို တွေးနေတာများမယ်။ အတိတ်က အဆင်မပြေခဲ့တာတွေကို တွေးနေမယ်။ အဲဒီလိုမဖြစ်ပဲ ငါမှန်းသလို ဖြစ်ခဲ့ရင်… ဆိုပြီး တွေးနေမယ်။ အဲဒါ အတိတ်ကို ကိုယ်ဖြစ်ချင်သလို ဖြစ်အောင် ပြန်လုပ်သလို ဖြစ်နေတယ်။ အတိတ်ကို ပြင်ဖို့ ကြိုးစားနေတယ်။ အတိတ်ကို ပြင်ဖို့ ကြိုးစားတဲ့သူတွေ သိပ်များပါတယ်။ ဒါပေမဲ့ အတိတ်ကိုပြင်ဖို့ ကြိုးစားတာဟာ ဘယ်လိုမှ စိတ်ချမ်းသာမူ ရနိုင်တဲ့အလုပ် မဟုတ်ပါဘူး။ အတိတ်က သင်ခန်းစာယူပြီးရင် ပြီးပြီ၊ နောက်ထပ် ဘာမှလုပ်ဖို့ မလိုတော့ဘူး။
လုပ်သမျှကိစ္စတွေကို သတိလေးနဲ့ သိ သိပြီးတော့ နေလို့ရှိရင် အဲဒီ သိနေတဲ့အတွက်ကြောင့် အတိတ်အကြောင်းကို အများကြီး မတွေးဖြစ်ဘူး၊ အနာဂတ် အကြောင်းကို အများကြီး မတွေးဖြစ်ဘူး။ ကိုယ်တွေးလိုက်တဲ့ အတွေးဟာ တကယ်တွေးမှဖြစ်မယ့် အရေးကြီးတဲ့အတွေးဆိုရင် ဆက်တွေးမယ်။ ကိုယ်တွေးနေတဲ့အတွေးက တကယ်အရေးကြီးတာ မဟုတ်ဘဲနဲ့ ဘာမှလည်း လုပ်လို့မရတော့တဲ့ ကိစ္စဆိုရင် တအုံနွေးနွေး မတွေးတော့ဘူး။
လူတော်တော်များများဟာ ဖြစ်ပြီးသားကိစ္စ၊ ဘာမှပြန်လုပ်လို့ မရတော့တာကိုပဲ တအုံနွေးနွေး ထပ်ကာထပ်ကာ တွေးပြီးတော့ စိတ်ဓာတ်အင်အားတွေ ကုန်သွားတတ်ကြတယ်။
သတိလေးနဲ့ နေတဲ့အခါမှာ အတွေးအတောမရှိဘူး။ အတွေးမရှိတဲ့အခါ ဖြစ်ပေါ်နေတဲ့ အာရုံဟာ ဘယ်လိုအာရုံပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့ဝေဒနာဖြစ်ဖြစ်၊ ဆင်းရဲဝေဒနာဖြစ်ဖြစ်၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ဘာမှ မဆိုင်သလိုပဲ မြင်ရတယ်။ ဘယ်လို ဝေဒနာသဘောပဲဖြစ်ဖြစ်၊ သုခပဲဖြစ်ဖြစ်၊ ဒုက္ခပဲဖြစ်ဖြစ်၊ ထုံတာပဲဖြစ်ဖြစ်၊ ကျဉ်တာပဲဖြစ်ဖြစ်၊ ကိုက်တာပဲဖြစ်ဖြစ် စိတ်ကလေးကို အသာလေး လျှော့ထားပြီးတော့ သူ့အပေါ်မှာ (resistant) လက်မခံချင်တဲ့စိတ် လုံးဝမရှိဘဲနဲ့ သိနေလို့ရှိရင် သူ့ရဲ့သဘာဝဟာ ပြောင်းသွားမယ်။ စိတ်ကို relax လုပ်ပြီးတော့ နူးညံ့နေတဲ့ စိတ်ကလေးနဲ့ သိနေရလို့ရှိရင် သက်သာမူလည်း ရသွားတယ်။ တကယ်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာပဲ နာတာပါ။ စိတ်ထဲ ရောက်အောင် နာလို့ မရပါဘူး။
ဒါ့ကြောင့် ဘယ်လိုဝေဒနာမျိုး ဖြစ်လာဖြစ်လာ အဲဒီဝေဒနာကို စိတ်အေးအေးနဲ့ ကြည့်ဖို့လို့ပါတယ်။ အခုလောလောဆယ် ကြုံတွေ့နေရတဲ့ ဒီလိုဝေဒနာမျိုးကို သတိလေးနဲ့ အေးအေးလေး ကြည့်တဲ့အကျင့် ရသွားတဲ့လူဟာ ဒီထက်ပိုဆိုးတဲ့ ဝေဒနာမျိုး ကြုံလာရင်လည်း ဒီအရည်အချင်းဟာ တဖြည်းဖြည်း တိုးတက်လာမှာပဲ။
တချို့ဝေဒနာတွေဟာ ဆေးဝါးကုသလည်းပဲ ပျောက်ချင်မှ ပျောက်မယ်။ မပြောနိုင်ဘူး။ အဲဒီအခါ ဖြစ်ပေါ်လာတဲ့ ဝေဒနာပေါ်မှာ ကိုယ့်သဘောထားမှန်ဖို့ အရေးကြီးတယ်။
ဒုက္ခကိုတွန်းဖယ်ရင် (resist) လုပ်ရန် ဒုက္ခဟာပိုဆိုးတယ်။ ဒါ့ကြောင့် resist မလုပ်ဘဲနဲ့ လိုလိုချင်ချင် ရူမှတ်ပါ။ တစ်ခါတစ်လေ သူ့ကို သတိနဲ့ကြည့်ရင်း ကြည့်ရင်းနဲ့ သက်သာသွားတာလည်းရှိတယ်။ တစ်ခါတလေ မသက်သာတဲ့ အခါလည်းရှိတယ်။ မသက်သာရင် စိတ်ထဲမှာ tension (တင်းကျပ်မူ) များလာတယ်။ ခန္ဓာကိုယ်ကြွက်သားတွေ တင်းတော့လာတယ်။ စိတ်ကလည်း မကျေနပ်တဲ့စိတ် ဖြစ်လာတယ်။ အဲဒီမကျေနပ်တဲ့စိတ်ကိုသိပြီးတော့ အသာလေးနေလို့ရှိရင် နာတဲ့ဝေဒနာ ရှိပေမဲ့ စိတ်ထဲမှာ တင်းကျပ်မူ မရှိဘူး။ ဒါ့ကြောင့် အရင်ဆုံး စိတ်ထဲမှာတင်းတာကို သိအောင်ကြည့်ပါ။ ကြည့်ရင်း ကြည့်ရင်းနဲ့ နောက်ဆုံးမှာ တကယ်ပဲ ဘယ်လိုနည်းနဲ့မှ သည်းမခံနိုင်တော့ဘူးဆိုရင် သတိလေးနဲ့ သိပြီးတော့ ခန္ဓာကိုယ်၊ ခြေ၊ လက် အနေအထားကို ပြင်လိုက်ပါ။
အခုဖြစ်နေတဲ့ဝေဒနာက ထိုင်တုန်းမှာ ခေတ္တခဏ ဖြစ်ပေါ်လာတဲ့ ဝေဒနာလေးပဲ။ အခုချက်ချင်း ခြေ၊ လက် အနေအထားကို ပြင်လိုက်ရင် ပျောက်သွားမှာ။ ဘယ်လောက်မှ မကြီးကျယ်ဘူး။ နောင် တစ်ချိန်ချိန်မှာ ဘယ်လိုနည်းနဲ့မှ ဖျောက်လို့မရတော့တဲ့ ဝေဒနာတစ်ခုခု၊ မသွားနိုင် မလာနိုင် အိပ်ရာထဲမှာပဲ အိပ်ပြီးတော့ ဝေဒနာတစ်ခုခုကို တာရှည်ခံစားရမယ်ဆိုရင် ခန္ဓာကိုယ်မှာပင် နာသော်လည်းပဲ စိတ်မှာမနာအောင် ဘယ်လိုနေမလဲ။ ဘယ်လို စိတ်ထားမျိုးနဲ့ ကြည့်မှာလဲ။ အဲဒီစိတ်ထားမျိုးကို ကြိုတင်ပြင်ဆင်ထားဖို့ ကောင်းတယ်။ အဲဒီအတွက် အခုတည်းက ကြိုတင်ပြီးတော့ လေ့ကျင့်ထားပါ။
ခန္ဓာကိုယ်မှာ သူ့ဟာသူ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်သဘာဝတွေ ဖောက်ပြန်လို့ဖြစ်စေ၊ ကံ ကံ၏ အကျိုးပေးမူကြောင့် ဒုက္ခဝေဒနာတွေ ဖြစ်လာလို့ဖြစ်စေ သတိရှိတဲ့လူ ဉာဏ်ရှိတဲ့လူဟာ ဆူးတစ်ချောင်းပဲ အစူးခံမယ်၊ နှစ်ချောင်းတော့ အစူးမခံဘူး။ ခန္ဓာကိုယ်နာသော်လည်းပဲ စိတ်အနာမခံဘူး။ ဉာဏ်ရှိတဲ့လူဟာ ဒီလိုနေလို့ ရတယ်နော်။ တစ်ချောင်းစူးတာမှာ နောက်တစ်ချောင်းပါ အစူးခံလို့ရှိရင် ဉာဏ်ပညာနဲတယ်လို့ ပြောရမှာပေါ့။
“ဘယ်သူမဆို မအီမသာဖြစ်တဲ့သေဘာဟာ ရှိပါတယ်။ ဒါကြောင့် တစ်မုဟုတ်လောက်များ မိမိကိုယ်ကို ကျန်းမာပါတယ်၊ မအီမသာဖြစ်တဲ့သဘော မရှိပါဘူးလို့ ပြောတဲ့သူဟာ အသိဉာဏ်နဲလို့ ပြောတာပါ။ ဉာဏ်ရှိရင်သူ ဒီလိုမပြောဘူး။”
ဒါ့ကြောင့် “ခန္ဓာကိုယ်မှာ နာသော်လည်းပဲ စိတ်မှာမနာအောင် နေ”လို့ မြတ်စွာဘုရားဟောခဲ့တဲ့ အဆုံးအမဟာ တိုတိုလေးနဲ့ အင်မတန် နက်နဲလှတယ်။
စိတ်ရဲ့အပေါ်ယံမှာ လူပ်ရှားနေတယ်။ အတွင်းကို ရောက်အောင် သွားပါ။ အတွင်းမှာ ငြိမ်သက်နေတယ်။ ငြိမ်းချမ်းနေတယ်။ ဒီအပေါ်ယံစိတ်ကိ “ငါ” ဆိုတဲ့စိတ် ဖြစ်နေတာ။ ကိုယ့်ကိုယ်ကို “ငါ”လို့ ထင်နေတာ ဒီအပေါ်ယံစိတ် ကလေးပဲ။ ဒီအပေါ်ယံစိတ်ကပဲ အမျိုးမျိုးမြင်၊ အမျိုးမျိုး ကြားရတဲ့အခါမှာ လူပ်ရှားတယ်။ လုံးဝတည်ငြိမ်မူ မရှိဘူး။ သိပ်ယောက်ယက် ခက်တယ်။
အဲဒါကို တရားထိုင်လိုက်တဲ့အခါမှာ နဲနဲလေး စိတ်တည်ငြိမ်သွားပြီဆိုရင် စိတ်က အတွင်းကို ပြန်ဝင်သွားသလိုပဲ။ ပြင်ပက မြင်ရတာ ကြားရတာတွေကို ပြန်မတုံ့ပြန်တော့ဘူး။ သိရုံလေးပဲသိပြီးတော့ နေလိုက်တယ်။ မြင်ကာမျှ၊ ကြားကာမျှ၊ သိကာမျှ။ အဲဒီထက် ပိုပြီးတော့ အတွင်းကျသွားရင် ပိုပြီးတော့ ငြိမ်သက်တယ်။
ငါဘယ်သူလဲ၊ ငါဘယ်ဝါလဲ၊ ငါ့ရာထူးက ဘာ၊ အဲဒါတွေကို လွှတ်လိုက်ပါ။ အဲဒါတွေအားလုံးဟာ အပေါ်ယံလေးမှာပဲ ရှိပါတယ်။ အတွင်းထဲမှာ မရှိပါဘူး။
ဟိုးအတွင်းထဲ ရောက်သွားပြီဆိုရင် စိတ်က ငြိမ်ပြီးတော့ လွတ်လပ်သွားတယ်။ လွတ်လပ်မူ ရှိတယ်။ ဘာလို့လဲဆိုတော့ ကိလေသာ မရှိဘူး၊ ဘာအနှောင်အဖွဲ့မှ မရှိဘူး။ လွတ်လပ်နေပါတယ်။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment