Wednesday, 12 December 2012

အကန်းမနှင့် ညားသော သာမဏေ

ရဟန္တာမထေရ်ကြီးတစ်ပါး၏ တပည့် သာမဏေ တစ်ပါးအား ဆရာဥပဇ္ဈာယ်က ဈာန်အဘိညာဏ် ရစေတတ်သော သမထတရားကို ရှေးဦးစွာ အားထုတ်စေ၏။ သာမဏေသည် ဈာန်အဘိညာဏ် ရပြီးနောက် သူရရှိသော ဈာန်အဘိညာဏ်ကိုပင် မကြာခဏ၀င်စား၍ ပျော်နေလေသည်။ ဈာန်အဘိညာဏ်ရက ၀ိပဿနာကို တက်၍ အားထုတ်ရန် ဆရာဥပဇ္ဈာယ်၏ သင်ကြားပေးမူကိုပင် မလိုက်နာဘဲ ဈာန်ကိုသာ ဂရုစိုက်နေရကား ၀ိပဿနာကို ဆက်၍အားမထုတ်ပေ။ တစ်ခါသော် ဥပဇ္ဈာယ်ဖြစ်သော ရဟန္တာမထေရ်သည် သာမဏေကို အသိမပေးဘဲ မဟာစေတီသို့ ကြွ၍ ဖူးမြော်လေရာ သာမဏေသည် ဆရာဥပဇ္ဈာယ်ကို မတွေ့သဖြင့် ခြေရာခံ၍ လိုက်သွားလေသော် မဟာစေတီ၌ မြတ်စွာဘုရား၏ ဂုဏ်တော်ကို အာရုံပြုလျက် နှစ်သက်ရွှန်လန်းစွာ ဖူးမြော်နေသည်ကို တွေ့ရသောအခါ နောက်မှ အသံပေး၍ လှည့်ကြည့်လေလျှင်...


“အရှင်ဘုရား… ပန်းတို့ဖြင့် ပူဇော်သော် မကောင်းပါဘုရား”ဟု လျှောက်သောအခါ “သာမဏေ- ဤဓာတ်တော်တို့ ကျိန်းဝပ်ရာ မဟာစေတီနှင့်တူသော စေတီ မရှိပေ၊ ပန်းတို့ဖြင့် အဘယ်သူ မပူဇော်ချင်ဘဲ ရှိမည်နည်း”ဟု မိန့်တော်မူလတ်သော် သာမဏေသည် ဈာန်ဝင်စား၍ ဟိမ၀န္တာသို့ သွားပြီးလျှင် အဆင်းအနံ့နှင့် ပြည့်စုံသော ပန်းတို့ကို ရေစစ်ဖြင့် အပြည့်ထည့်၍ ယူလာလေသည်။ မထေရ်လည်း တောင်ဘက်မုခ်မှ အနောက်ဘက်မုခ်သို့ မရောက်မီ သာမဏေပြန်ရောက်၍ ဆရာသို့ ပေးလှူကာ “အရှင်ဘုရား… ပူဇော်ပါလော့”ဟု လျှောက်၏။ မထေရ်က “သာမဏေ ပန်းအလွန်နည်းလှသည်” ဟု မိန့်လေသော် “အရှင်ဘုရား… ဘုရားဂုဏ်တော်ကိုသာ အာရုံပြု၍ လှူတော်မူပါ”ဟု လျှောက်သည့် အတိုင်း စေတီရင်ပြင်၊ စောင်းတန်း၊ ပစ္စယာ အားလုံး ပန်းမွေ့ရာ ခင်းသော်လည်း မကုန်နိုင်လေသောကြောင့် မထေရ်က “သာမဏေ - ပန်းများမကုန်”ဟု မိန့်တော်မူရာ “အရှင်ဘုရား… ရေစစ်ကို မှောက်လိုက်ပါ”ဟု လျှောက်သည့်အတိုင်း ရေစစ်ကို မှောက်မှ ပန်းများကုန်လေတော့သည်။

ထိုအခါ ရဟန္တာမထေရ်က သာမဏေ၏ ဈာန်တန်ခိုး အစွမ်းကိုကြည့်၍ “ဤမျှ ဣဒ္ဓိပါဒ်ကြီးသော ဈာန်အဘိညာဏ်ကို ဤသာမဏေသည် တာရှည် ထိန်းသိမ်းနိုင်ပါမည်လော”ဟု ဆင်ခြင်တော်မူရာ မထိန်းသိမ်းနိုင်ကြောင်း သိတော်မူသဖြင့် သာမဏေအား…

“သာမဏေရ၊ သာမဏေ။ တွံ၊ သင်သည်။ ဣဒါနိ ဤယခုအခါ၌။ မဟိဒ္ဓိကော၊ ကြီးသော တန်ခိုးရှိ၏။ ပန၊ ယင်းသို့ တန်ခိုးရှင် ဖြစ်ပါသော်လည်း။ ပစ္ဆိမကာလေ၊ နောင်သောအခါ၌။ ဧ၀ရူပံ၊ ဤကြီးသော တန်ခိုးကို။ နသေတွာ၊ ဖျက်ဆီး၍။ ကာဏပေသကာရိယာ၊ ရက်ကန်းသည်မအကန်း၏။ ဟတ္ထေန၊ လက်ဖြင့်။ မဒ္ဒိတကဉ္စိယံ၊ နယ်ပယ်အပ်သော ပအုံးရည်ကို။ ပိဝိဿသိံ၊ သောက်ရပေလိမ့်အံ့”

ဟု မိန့်ကြားတော်မူရာ သာမဏေသည် လူငယ်ဖြစ်သည့်အတိုင်း သတိတရား ရသောအားဖြင့် “ဆရာဘုရား… ကမ္မဋ္ဌာန်းပေးတော်မူပါ” ဟု မေးလျှောက် မတောင်းဘဲ “ငါ၏ ဥပဇ္ဈာယ်ဆရာသည် ဘာတွေ ပြောနေသလဲ မသိဘူး”ဟူသော သဘောနှင့် မကြားချင်ယောင်ဆောင်၍ သွားလေသည်။

ဥပဇ္ဈာယ် မထေရ်သည် မဟာစေတီကို လည်းကောင်း၊ ဗောဓိပင်ကို လည်းကောင်း ရှိခိုးပူဇော်၍ သာမဏေအား သပိတ်၊ သင်္ကန်းကို ယူစေလျက် ကုဋေဠိတိဿ မဟာဝိဟာရသို့ သွားလေသည်။ သာမဏေသည် ဈာန်ကစားလိုသည့်အတွက် မထေရ်နှင့်အတူ ဆွမ်းခံမလိုက်ဘဲ မထေရ်ရွာတံခါးရောက်မှ ကောင်းကင်ခရီးဖြင့် လာ၍ မထေရ်၏ သပိတ်၊ သင်္ကန်းကို ပေးလေသည်။ မထေရ်လည်း သာမဏေအား သတိရစေရန်…

“သာမဏေရမာ ဧ၀မကာသိ၊ ပုထုဇ္ဇနိဒ္ဓိနာမစလာ အနိဗဒ္ဓါ၊ အသပ္ပာယံ ရူပါဒိ အာရမ္မဏံလဘိတွာ၊ အပ္ပမတ္တ ကေနေ၀ဘိဇ္ဇတိ”

“သာမဏေ၊ ဤကဲ့သို့ ဈာန်ကိုမကားစားပါနှင့်၊ ပုထုဇဉ်တို့၏ တန်ခိုးမည်သည် ငြိမ်သက်ခြင်းမရှိ၊ မမြဲပေ၊ မသင့်မတော်သော ရူပါရုံစသည်နှင့် တွေ့လျှင် အနည်းငယ်မျှနှင့်ပင် ပျက်စီးတတ်သည်”

ဟု အမြဲဆုံးမလေသည်။ သာမဏေလည်း “ငါ့ဥပဇ္ဈာယ် ဆရာသည် ဘာတွေ ပြောနေသည်မသိ”ဟု နားမထောင်ချင်ပေ။ ဤသို့ဖြင့် ကမ္မုဗိန္ဒုကျောင်းသို့ ရောက်သွားကြလေသည်။ တစ်နေ့သော် သာမဏေသည် ကျောင်းမှထွက်၍ တောသို့ ကောင်းကင်ခရီးဖြင့် သွားလေရာ ရက်ကန်းသည်၏ သမီးသည် ရွာမှထွက်၍ တောရွာအနီးမှ ရေကန်တွင် ကြာပွင့်ဆင်း၍ ခူးရင်း သီချင်းဆိုလေသည်။ ထိုသီချင်းသံကို ကောင်းကင်မှ သွားသော သာမဏေကြားလေလျှင် သောတ အာရုံ ကာမဂုဏ်ဖြစ်၍ ထိုသီချင်းသံ၌ နှစ်သက်သော တွယ်တာစိတ် ကိလေသာဖြစ်သည်နှင့် ဈာန်ကြိုးပြတ်ကာ အတောင်ကျိုးသော ငှက်ကဲ့သို့ ကောင်းကင်မှ မြေပြင်ကန်ပေါင်ရိုးပေါ်သို့ ကျလာလေသည်။

သာမဏေသည် ထိုခဏ၌ပင် ဥပဇ္ဈာယ်ဆရာမထေရ်၏ သပိတ်၊ သင်္ကန်းတို့ကိုယူ၍ လျင်မြန်စွာ မထေရ်၏အထံသို့ သွား၍ ပေးလေသည်။ မထေရ်လည်း စောစောကပင် သိနေ၍ တားမြစ်သော်လည်း မရသည်ကိုသိ၍ ဘာမျှမပြောလိုက်ပေ။

သာမဏေသည် ကြာကန်သို့ လျင်မြန်စွာ ပြေးသွားလေသည်။ ရက်ကန်သည်သမီးသည် သာမဏေ၏ ကောင်းကင်ယံမှ လာပုံ၊ ယခု ဤရေကန်သို့ ရောက်လာပုံတို့ကို သိသဖြင့်…

“အဒ္ဓါ ဧသမံ နိဿာယ ဥက္ကဏ္ဌိတော”

“ဤသာမဏေသည် ငါ့ကိုအမှီပြု၍ သာသနာတော်မှ လျှောကျကာ လူထွက်မည်ထင်သည်ဟု သိသဖြင့် သာမဏေကျောင်းကို ပြန်သွားပါ၊ ဘာကိစ္စရှိပါသလဲ”

ဟုမေးသောအခါ သာမဏေက ဖြစ်ကြောင်းကုန်စင် “သင့်အား တပ်မက်စွဲလမ်းသဖြင့် လူထွက်တော့အံ့”ဟု ပြောသောအခါ ရက်ကန်းသည် သမီးက များစွာသော အကြောင်းတို့ကိုပြလျက် အိမ်ရာထောင်ခြင်း၏ အပြစ်၊ မြတ်စွာဘုရား သာသနာ၌ ကောင်းမြတ်သော အကျိုးတို့ကို ပြောကြားတိုက်တွင်းပါသော်လည်း သာမဏေ လူမထွေက်ရန် မတတ်နိုင်ရကား “သာမဏေသည် ငါ့အတွက် တန်ခိုးဈာန်မှ လျှောကျခဲ့၏၊ ငါသည် ယခုအခါ ငြင်းပယ်ဖို့မသင့်”ဟု ကြံ၍ “သာမဏေ… ခေတ္တနေပါဦး”ဟု ပြောကြားခဲ့၍ မိဘများထံ သွားပြီး အကျိုးအကြောင်း ပြောသည်တွင် မိဘတို့က လိုက်လာ၍ အမျိုးမျိုး တောင်းပန်ပြောကြားပါသော်လည်း မရသောအဆုံးတွင် “သာမဏေ၊ ငါတို့မှာ ပစ္စည်းဥစ္စာချမ်းသာသူတို့ မဟုတ်၊ ရက်ကန်းရက်မှ စားရ၊ သောက်ရသောသူတို့ဖြစ်၍ သင်ရက်ကန်းအလုပ် လုပ်နိုင်မည်လော”ဟု မေးသောအခါတွင် သာမဏေက “ဒကာကြီး… လူဖြစ်လျှင်တော့ လူ့အလုပ်၊ လူ့ကိစ္စဆိုရင် ရက်ကန်းအလုပ်ပဲဖြစ်ဖြစ်၊ ကျူထရံအလုပ်ပဲဖြစ်ဖြစ် လုပ်နိုင်ပါသည်”ဟု ဆိုသဖြင့် အိမ်သို့ ခေါ်သွားကာ သမီးနှင့် ပေးစားလိုက်လေသည်။

သာမဏေလူထွက်လည်း ရက်ကန်းပညာကို သင်ယူလျက် ရက်ကန်းရုံတွင် အခြားသော ရက်ကန်းခတ်သူတို့နှင့်အတူ ရက်ကန်းရက်လေသည်။ တစ်နေ့သောအခါ အခြား ရက်ကန်းရက်သူတို့၏ ဇနီးများက ထမင်းလာပို့ကြသဖြင့် ထမင်းစားပြီးကြသော်လည်း သူ့မှာ ထမင်းပို့သူ မလာသေးသဖြင့် ရက်ကန်းကိုသာ ခတ်လျက် နေရာအတော်ပင် စိတ်တိုနေလေသည်။ နောက်မှ သူ့ဇနီး ထမင်းလာပို့သောအခါ “ထမင်းပို့မူ အလွန်နောက်ကျသည်”ဟု ဆိုမြည်လေရာ ဇနီးက…

“အခြားသူများမှာ ချက်ပြုတ်စရာ အိမ်တွင် ပစ္စည်းအဆင်သင့်ရှိကြသည်၊ ကျုပ်တို့မှာ ရှာဖွေပြီးမှ ချက်ပြုတ်ရသည်၊ အိမ်တွင် ဘာရှိသည်၊ ဘာမရှိဟူ၍ သင်သိသည် မဟုတ်၊ ရှင်းရှင်းပြောရလျှင် စားချင်လျှင်စား၊ မစားလျင်လျှင်နေ”

ဟု ခပ်မာမာပင် ပြန်ပြောလိုက်လေသည်။

“မာတုဂါမောစ နာမ အပိစက္က၀တ္တိ ရာဇာနံ အတ္တနိ ပဋိဗဒ္ဓစိတ္တံ ဉ တွာ ဒါသံဝိယသလ္လက္ခေတိ”

“မိန်းမတို့ မည်သည်ကား စကြာမင်းပင် ဖြစ်စေကာမူ မိမိအား တပ်မက်နှစ်သက်အပ်သော စိတ်ရှိသည်ကို သိလျှင် ကျွန်ကဲ့သို့ပင် အောက်မေ့တတ်၏”

ဤသို့ မဇ္ဈိမပဏ္ဏာသ ဋ္ဌကထာ၊ သမ္မောအဋ္ဌကထာတို့ အဆိုအရ ဤအမျိုးသမီးက မထီမဲ့မြင် ပြောကြားလေရာ ကိုရင်လူထွက် ရက်ကန်းသမားက “ငါ့အပေါ်၌ ထမင်းစောစော မပို့ခြင်းသည် သက်သက်နှိပ်စက်သည့် သဘောသာဖြစ်သည်”ဟု ဒေါသဖြစ်လျက် ရက်ကန်းရက်ရာမှ လွန်းနှင့် ပစ်ပေါက်လိုက်ရာ မျက်စိကို ထိုးစိုက်မိပြီး မျက်လုံးကွဲသွားလေသည်။ သွေးများလည်း ယိုစီး၍ ကျလာလေသည်။ ထိုအခါမှ သူ့ဥပဇ္ဈာယ်ပြောသော စကားကို ပြန်၍ သတိရကား…

“နောင်အခါတွင် ရက်ကန်းသည်မအကန်း၏ လက်ဖြင့် ဆုပ်နှယ်၍ ပေးအပ်သော ပအုံးရည်ကို သောက်ရလတ္တံ့”

ဟု အမှတ်ရပြီးလျှင် ငါ့ဥပဇ္ဈယ်ဆရာသည် အရှည်ကို မြင်သဖြင့် ငါ့ကို သတိပေးပါလျက် ငါသည် ဆရာ့စကားကို နားမထောင်သောကြောင့် ဤလိုဒုက္ခနှင့် တွေ့ရသည်ဟု သတိလျက် ကြီးစွာသော အသံဖြင့် ငိုလေရာ အခြားရက်ကန်းသည်တို့က “မငိုပါနှင့်၊ ငိုသည့်အတွက် မျက်စိ ပြန်ကောင်းလာမည် မဟုတ်ကြောင်း” ပြောကြသောအခါ သာမဏေလူထွက်က “ကျွန်ုပ်ငိုသည်မှာ မျက်စိကွဲသွားသည့်အတွက် မဟုတ်ပါ၊ ကျွန်ုပ်၏ ဆရာဥပဇ္ဈာယ်ပြောစကား နားမထောင်မိ၍ ဖြစ်ကြောင်း” နောက်က အကြောင်းတွေပြန်လည် ပြောပြလေသည်။

(ဤကား မိဇ္ဈိမပဏ္ဏာသဋ္ဌကထာ-၁၆၉။ သမ္မောအဋ္ဌကထာ-၂၇၈၊ ၂၈၀ တို့ အဆိုအတိုင်း မြန်မာပြန်ထားသည်။)

ဤသာမဏေ၏ ဈာန်ကစားမူသည် မိမိ၏ မဂ်ဖိုလ်နိဗ္ဗာန်ရရေး ၀ိပဿနာအလုပ်ထက် အားကိုးမပြုကား သမထ၏ထုံးစံအတိုင်း မခိုင်မမြဲသော ပျက်စီးမူ၊ ဆင်းရဲမူ၊ ပြောင်းလဲဖောက်ပြန်မူ စသော သင်္ခါရ၏ သဘောကိုလည်း မတွေ့မမြင်၊ သိမြင်သော ဆရာသမား၏ ဆုံးမမူကိုလည်း မနာမယူ၊ ဈာန်အဘိညာဏ် ခံစားရမူကိုပင် အဟုတ်ကြီးထင်၍ အားထားခဲ့သော်လည်း ထိုတရားသဘောတို့၏ ဓမ္မတာ လမ်းစဉ်အရ ပျက်စီးမူသည် ထိုဈာန်အဘိညာဏ်ကို အားကိုးသဖြင့် တွေ့ရှိခံစားရသော (ဝေဒနာ) တို့၏ အပြစ်တည်း။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။























No comments:

Post a Comment