ငါးသည် ဗျိုင်းစားခံရရာမှ ဗျိုင်းစွဲကာ ဗျိုင်းထဲရောက်လာရခြင်း။
ငါးသည် ကြောင်စားခံရရာမှ ကြောင်စွဲကာ၊ ကြောင်ထဲရောက်လာရခြင်း။
သည့်အတူ - ပမာလျှင် မသိဂြိုဟ်ထိုး အလိုဆိုးတို့ အစီမံအတိုင်း မကောင်းကံချည်းကိုသာ စုဆောင်းခွင့် ရစေခဲ့သော ထိုအညှီစွဲဘ၀မျိုးတို့မှတစ်ဆင့် -
မြင်မိ၊ ကြားမိစသည့် မိမိက အာရုံခံစားလျက်ကသော်လည်းကောင်း၊ မိမိကို အာရုံခံအဖြစ်ထားကာ သူတစ်ပါးတို့ ၀ါးမြိုခံရရာမှသော်လည်းကောင်း အစွဲကြီးပြီး အသိတိုးစေသော ဥဘွားသတ္တ၀ါမျိုး၊ ၀မ်းအောင်းသတ္တ၀ါမျိုး၊ ထိုနှစ်ရိုး တစ်ရိုးရိုးတွင်းသို့ အစွဲအတိုင် ချဉ်းနည်းဝင်ရောက်လာရချေတော့၏။ ထိုဥဘွားဝမ်းအောင်း ဘ၀၀ယ် မိမိ ကြီးပြင်းလေသောအခါ အချင်းချင်း မိတ်လိုက်ရာာမှ မိမိ၌ သန္ဓေသား ရလာတော့ရကား၊ မိမိသည် ထိုသန္ဓေသားကို မွေးဖွားပေးရပေတော့မည်။ ပြီးသည်နှင့် မိမိ၌ မိခင်၏ ချစ်ခြင်းမေတ္တာသည် သားသမီးကို မှီ၍ ဖြစ်ပွားလာချေတော့မည်။ ထိုမေတ္တာအရင်းခံဖြင့်ပင် သားသမီး၌ အစာရှာခွံ့ပေးခြင်း၊ နို့တိုက်ခြင်းတည်းဟူသော ကောင်းကံများ စီမံပေရော့မည်။ သားသမီးကိုမှီ၍ ကံကောင်းထောက်မလာခြင်းတည်း။
ဤကား ကောင်းကံ၏ အစပျိုးကာလတည်း။
အထက်၌ ဓာတ်လေးပါးတို့ကို အဖိုအမ ခွဲခြားခဲ့၏။ ထိုတွင် ဖိုဓာတ်ခေါ် အခိုးဓာတ်၊ လေဓာတ်အားသန်လေသူ ဖိုသတ္တ၀ါ ဖြစ်ရ၏။ မဓာတ်ခေါ် မြေဓာတ် ရေဓာတ် အားကြီးလေသူ မသတ္တ၀ါ ဖြစ်ရ၏။ နောက်တွင်ကား ကံသို့လိုက်၍ သော်လည်းကောင်း၊ အစွဲလိုက်၍သော်လည်းကောင်း၊ ပြောင်းလဲနိုင်ချေသေး၏။
ထိုဓာတ်လေးပါး ဖိုလ်မတို့တွင် အခံဓာတ်ခေါ် မြေဓာတ်၊ ရေဓာတ်ကား အရင်းခံဖြစ်သဖြင့် မသတ္တ၀ါအဖြစ်များ၏။ ဖိုကား-မ၏ ဓာတ်အားထက် အလွန်ပြင်းထန် လွှမ်းမိုးနိုင်ပါမှသာ ဖြစ်လာရတတ်၏။ သို့ကြောင့် ကောင်းကံပျိုးရာ၌ မိခင်ကို အဦးအစပြု၍ ဆိုထားခြင်း ဖြစ်ချေ၏။ ဖိုကပင် စသည်ထား၊ ဖိုကား ရှားပေမူ ကောင်းကံမျှသာ၊ မ-ကား မွေးမူ၊ ကျွေးမူ၊ ထိန်းသိမ်းမူ စသည် ကောင်းကံစုခြင်း၊ မိဘမေတ္တာ အားကြီးခြင်းများကြောင့် ကောင်းကျိုးရ ပို၍ သေချာသည်။
တိရစ္ဆာန်မိခင်သည် မိမိမွေးသောသားနှင့် မေထုံပြုကျင့်ရိုးမရှိ။
တိရစ္ဆာန်ဖခင်ကား ကိုယ်မွေးသမီးနှင့်လည်း မကင်းရှင်းတတ်။
ထိုဖြစ်ရပ်များသည် အိမ်ခြံတွင်းရှိ၊ နွား၊ ၀က်၊ ကြက် စသည့် တိရစ္ဆာန်များကို လေ့လာကြည့်က သိနိုင်လောက်ရာ၏။
ထို ၀မ်းမွေးဥဖွား အမျိုးအစားတွင်းသို့ ချဉ်းနင်းမိလေသူ တိရစ္ဆာန်မျိုးတို့တွင် အချို့ကား လူနှင့် နီးစပ်၏။ အချို့ကား ဝေးနေပေဦးမည်။
လူတို့နှင့် နီးစပ်ရာ၌လည်း -
(၁) အချို့ကား - လူတို့နေရာနှင့် နီးကပ်ရာ၌ ဘ၀ရခြင်းကြောင့်
(၂) အချို့ကား - လူတို့ ရှာဖွေသတ်ဖြတ်ခံကြရလျက်က လူနှင့် တွေ့ခွင့်ရခြင်းကြောင့်၊
(၃) အချို့ကား - လူတို့ နှစ်သက်လှသဖြင့် လက်သပ်မွေးခြင်းကို ခံကြရခြင်းကြောင့်။
ထိုသို့ လူတို့နှင့် နီးစပ်ခွင့်ရ သုံးမျိုးရှိရာတွင် နောက်ဆုံးအမျိုးအစားသည် လူလျှင်ယဉ်ပါး၊ လူခင်မင်မူအား ကြီးတတ်လေရာ တိရစ္ဆာန်မှသည် လူ့ဘ၀တွင်းသို့ ချဉ်းနင်းမိရန် မခဲယဉ်းပြီ။
ဤကား ကံကောင်းထောက်မရန် စီမံလာရာ ကာလတည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment