Sunday, 9 December 2012

နာရဒမထေရ်နှင့် ပုဏ္ဍမင်း


အခါတစ်ပါး၌ နာရဒမထေရ်သည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ နေတော်မူ၏။ ထိုအခါ မုဏ္ဍမင်း၏ အလွန် နှစ်သက်မြတ်နိုးအပ်သော မိဖုရား ဘဒ္ဒါသည် သေလေသည်။ ထိုမုဏ္ဍမင်းသည် ၎င်း၏ ချစ်အပ်သော မိဖုရားသေသောကြောင့် ရေလည်းမချိုး၊ နံ့သာလည်း မလိမ်းကျံ၊ ပွဲတော်လည်းမတည်၊ တိုင်းရေးပြည်ရာလည်း မပြုပြင် မစီရင်ဘဲ နေ့ရောညပါ မိဖုရားဘဒ္ဒါ၏ အလောင်း နား၌သာလျှင် တပ်မက်မောစွာ တွေဝေနေ၏။


၎င်းနောက် ရွှေတိုက်စိုး “ပိယက” ကိုခေါ်၍ “မိဖုရား ဘဒ္ဒါ၏ အလောင်းကို သံခေါင်းတစ်ခု ပြုလုပ်၍ ဆီတို့ကို ပြည့်အောင်ထည့်ပါ၊ နောက် သံခေါင်တစ်ခုဖြင့် အုပ်ထားပါက ငါတို့ တာရှည်စွာ ကြည့်ရူနိုင်ပေသည်” ဟုပြော၏။

ရွှေတိုက်စိုးလည်း ပြောသမျှ လုပ်ပေးပြီး၍ ဤသို့ကြံ၏။ “ဤမုဏ္ဍမင်းသည် သူ့မိဖုရားကို အလွန် ချစ်မြတ်နိုးသောကြောင့် ဤသို့ပြု၏။ သို့ရာတွင် ဤမင်း၏ ရင်၌ စူးဝင်နေသော “သောက” တည်းဟူသော ငြောင့်ကို နုတ်ပယ်နိုင်သော တရားကို နာကြားရသော် ကောင်းပေမည်”ဟု ကြံ၏။

“ဤပါဋလိပုတ်ပြည်၌ နေသော အရှင်နာရဒသည် ပညာရှိ၏။ ထက်မြက် လိမ္မာ၏၊ အသက် သိက္ခာလဲ ကြီး၏၊ ရဟန္တာလဲ ဖြစ်၏၊ မုဏ္ဍမင်းသည် ထိုအရှင်ထံဆည်းကပ်၍ တရားနာရသော် သောကတည်း ဟူသော ငြောင့်ကို ဧကန်ပင် နုတ်နိုင်ရာ၏”ဟုကြံ၍ မုဏ္ဍမင်းအထံသို့ ကပ်ပြီးလျှင် “မင်းမြတ်... ဤ ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ နေသော အရှင်နာရဒသည် ထက်မြက်သော ဉာဏ်ပညာရှိ၏၊ ရဟန္တာလဲ ဖြစ်၏၊ ထိုအရှင်ထံ ဆည်းကပ်၍ တရားနာရသော အရှင်မင်းမြတ်၏ သောကတည်း ဟူသော ငြောင့်ကို နုတ်နိုင် ကောင်း ပါ၏”ဟု သံတော်ဦးတင်၏။

ထိုအခါ မုဏ္ဍမင်းသည် “အချင်း... ပိယက၊ သို့ဖြစ်လျှင် ထိုအရှင်ကို ကြိုတင်၍ အကြောင်းကြားထားပါ၊ ငါသည် ထိုအရှင်ထံ ဆည်းကပ်၍ တရားနာအံ့”ဟု ဆိုလေရာ ရွှေတိုက်စိုး ပိယကသည် အရှင်နာရဒအား ရှိခိုးလျှောက်ထားပြီးသော် မင်းအား “အရှင်မင်းမြတ်၊ မထေရ်ထံမှ အခွင့်ရပြီဖြစ်၍ သွားနိုင်ကြောင်း” သံတော်ဦးတင်သောအခါ မုဏ္ဍမင်းက “သို့ဖြစ်လျှင် အကောင်းဆုံးသော ယာဉ်ရထားတို့ကို ပြင်ဆင်လော့”ဟု အမိန့်ပေးသည့်အတိုင်း ရွှေတိုက်စိုး ပိယကသည် စီမံပြင်ဆင်ပြီးကြောင်း လျှောက်ထားသောအခါ မုဏ္ဍမင်းသည် ယာဉ်ရထားစီးလျက် ကုက္ကုဋာရုံ ကျောင်းသို့ သွားရောက်၍ အရှင်နာရဒထံ ရှိခိုးဆည်းကပ်လေသောအခါ အရှင်နာရဒက...

“မင်းကြီး-သမဏဖြစ်စေ၊ ဗြဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ၊ လောက၌ မည်သူမဆို တောင့်တ၍ မရသောအရာတို့သည် ငါးမျိုး ရှိကုန်၏၊ အဘယ်သည် တို့နည်းဟူမူ... အို တတ်သော သဘောတရားသည် “မအိုပါစေလင့်”ဟု မည်သူမျှ တောင့်တ၍ မရကောင်းသောအရာ ဖြစ်သည်။ နာတတ်သော သဘောသည် “မနာပါစေလင့်”ဟု တောင့်တ၍မရ၊ သေတတ်သော သဘောသည် “မသေပါစေလင့်”ဟု တောင့်တ၍မရ၊ ကုန်တတ်သော သဘောသည် “မကုန်ပါစေလင့်”ဟု တောင့်တ၍မရ၊ ပျက်စီးတတ်သော သဘောသည် “မပျက်စီးပါစေလင့်”ဟု တောင့်တ၍မရ။

“မင်းကြီး- အကြားအမြင် မရှိသော ပုထုဇဉ်အား အိုတတ်သော သဘောတရားဖြင့် အိုခဲ၏၊ ယင်းသို့ အိုသည်ရှိသော် - ထို ပုထုဇဉ်အား ဤသို့ မဆင်ခြင်နိုင်၊ အိုတတ်သော သဘောသည် ငါတစ်ယောက်တည်း အားသာမဟုတ်၊ စင်စစ်မူကား ဤဘုံသို့လာခြင်း၊ တစ်ပါးဘုံသို့ သွားခြင်း၊ သေခြင်း၊ ဖြစ်ခြင်းရှိသည့် အားလုံးသော သတ္တ၀ါတို့အား အိုတတ်သော သဘောသည် အို၏၊ ထိုသို့ အိုခြင်းကြောင့် ငါသည် ပူဆွေးခဲ့သော်၊ ပင်ပန်းခဲ့သော်၊ ငိုကြွေးခဲ့သော်၊ ရင်ဘတ်စည်တီး မြည်တမ်းခဲ့သော်၊ တွေဝေမိန်းမောခဲ့သော် ငါသည် ထမင်းလည်းမစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းအင်္ဂါ ပျက်ယွင်းရာ၏၊ အလုပ်အကိုင်တို့လည်း ပျက်ရာ၏၊ ရန်သူတို့လည်း ၀မ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ၀မ်းနည်းကုန်ရာ၏”ဟု ပုထုဇဉ်သည် မဆင်ခြင်နိုင်။

အိုတတ်သော သဘောရှိ၍ အိုခဲ့သော် ပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေမိန်းမော၏၊ မင်းကြီး... ဤပုထုဇဉ်ကို အဆိပ်ရှိသော သောက ငြောင့်စူးဝင်သည်ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူဟု ခေါ်ဆိုအပ်၏။
(နာတတ်၊ သေတတ်၊ ကုန်တတ်၊ ပျက်စီးတတ်သော သဘောတို့လည်း ဤနည်းအတိုင်း ဖြစ်၏)။

“မင်းကြီး - အကြားအမြင်ရှိသော အရိယာတပည့်အား အိုတတ်သော သဘောတရားသည် အိုခဲ့၏၊ အိုသည်ရှိသော်- ဤသို့ ဆင်ခြင်၏၊ အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းသာ ဖြစ်သည်မဟုတ်၊ စင်စစ်မူကား- ဤဘုံသို့ လာခြင်း၊ တစ်ပါးသောဘုံသို့ သွားခြင်း၊ သေခြင်း၊ ဖြစ်ခြင်း ရှိသော သတ္တ၀ါအားလုံးအား အိုတတ်သော သဘောသည်အိုခဲ့သော် ငါသည်သာ ပူဆွေးခဲ့မူ၊ ပင်ပန်းခဲ့မူ၊ တွေဝေ မိန်းမောခဲ့မူ၊ ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ၊ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းအင်္ဂါပျက်ယွင်းရာ၏၊ အလုပ်အကိုင်တို့လည်း ပျက်ရာ၏၊ ရန်သူတို့လည်း ၀မ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ၀မ်းနည်းကုန်ရာ၏”ဟု ဆင်ခြင်း၏။

အိုတတ်သော သဘောရှိ၍ အိုခဲ့သော် - ထိုအရိယာတပည့်သည် မစိုးရိမ် မပန်ပန်း၊ မငိုကြွေး၊ ရင်ညတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်၊ မင်းကြီး - ထိုအရိယာ တပည့်ကို အဆိပ်ရှိသော သောကငြောင့်ကို ထုတ်နုတ်သူဟူ၍ ဆိုအပ်၏။ သောကငြောင့် မစူးသော အရိယာ တပည့်သည် မိမိကိုယ်ကိုပင် ငြိမ်းအေးစေ၏။

(နာတတ်၊ သေတတ်၊ ကုန်တတ်၊ ပျက်စီးတတ်သော သဘောတို့လည်း ဤနည်းအတိုင်း ဖြစ်၏)။

“မင်းကြီး - သာမဏဖြစ်စေ၊ ဗြဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ၊ လောက၌ မည်သူမဆိုတောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့ပင်တည်းဟု မိန့်တော်မူသည်”

ယင်းသို့ ဟောကြားလိုက်သည်ရှိသော် မုဏ္ဍမင်းသည် နာရဒမထေရ်အား “အရှင်ဘုရား- အကျွန်ုပ်သည် ဤတရား ဒေသနာတော်ကို ကြားနာရ၍ သောက ငြောင့်ကို နူတ်ပယ်ပြီး ပါပြီ”ဟု လျှောက်၏။

ထိုနောက် မုဏ္ဍမင်းသည် ရွှေတိုက်စိုးကိုခေါ်၍...

“အချင်း ပိယက - ငါသည် ထိုသောကကို ကင်းပြီဖြစ်သောကြောင့် မိဖုရား ဘဒ္ဒါ၏ အလောင်းကို မီးသဂြိုဟ်လော့၊ ထိုမိဖုရား၏ အရိုးပြာကို အရိုးအိုးတည်ထားလော့၊ ယနေ့မှ၍ ငါတို့သည် ရေလည်းချိုးကုန်အံ့၊ နံ့သာလည်း လိမ်းကျံကုန်အံ့၊ ပွဲတော်ကိုလည်း တည်ကုန်အံ့၊ တိုင်းရေး ပြည်ရာတို့ကိုလည်း ပြုပြင်လုပ်ဆောင်ကုန်အ”ဟု မိန့်လေသတည်း။

(ဤကား-ပဉ္စက နိပါတ်-အင်္ဂုတ္တရ ပါဠိတော်-နာရဒသုတ် - ၅၀ )ကို သင့်သည်ကိုသာ ထုတ်နုတ်၍ ဘာသာပြန်လိုက်သည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment