အရှင် သဗ္ဗကာမိထေရ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုမီ အရှင်အာနန္ဒာကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်လာသော ဝေလာလီမင်းသား ဖြစ်ပေသည်။ အချိန်အရွယ် ရောက်လေလျှင် ဆွေမျိုး အပေါင်းတို့က ၎င်းတို့၏ အမျိုးထဲမှ သင့်တော်သော အမျိုးသမီး တစ်ဦးနှင့် အိမ်ထာင် ချပေးလေသည်။ အိမ်ထောင်ကျ၍ များမကြာမီ အိမ်ထောင်ကို စွန့်ခွာ၍ အရှင်အာနန္ဒာထံတွင် ရဟန်းပြု၍ ဝေသာလီပြည် ဆွေမျိုးများရှိရာသို့ ပြန်လာရာတွင် မယားဟောင်းဖြစ်သူသည် လင်ယောက်ျားနှင့် ကွဲကွာနေသောကြောင့် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ကာ ကြုံလှီပိန်ချုံးလျက် ကိုယ်ရေကိုယ်သား ဖျော့တော့စွာနှင့် တန်ဆာမဆင် ပန်းမန်မဆောင်၊ နံ့သာမလိမ်း၊ ညစ်နွမ်းသော အ၀တ်တို့ကို ၀တ်လျက် ငိုယိုကာ မထေရ်ရှိရာသို့ လာရောက် ရှိခိုးပြီးလျှင် သူ၏ အားထားရာမဲ့ပုံကို ပြောကြားလျှောက်ထားလေသည်။
ထိုအဖြစ်ကို တွေ့မြင်သိရှိရသော မထေရ်သည် စိတ်တွင် အတော်ပင် ထိခိုက်လျက် သနားသော ကရုဏာ၊ တွယ်တာသော မေတ္တာတို့ တိုးပွား၍ တွေ့မြင် ခံစားလိုက်ရသော အာရုံအတွက် မသင့်မတော်သော နှလုံးသွင်းဖြစ်သွားသော ခဏ၌ပင်လျှင် ကိလသာတို့သည် အလျင်အမြန် ထကြွလေတော့သည်။
ထိုအခါတွင် အာနန္ဒာ၏ တပည့်ဖြစ်သည့်အတိုင်း ဖြစ်ပေါ်လာသော ကိလေသာစိတ်ကို ဆိုင်ရာ ကမ္မဋ္ဌာန်အာရုံနှင့် နှိမ်နှင်းရမည်ကို ချက်ချင်း သတိရလိုက်သဖြင့် ထိုလောဘကိလေသာတို့ အရှိန်အဟုတ် မကြီးမီ ကြိမ်လုံးနှင့် တို့လိုက်သော အာဇာနည်မြင်းကောင်းကဲ့သို့ ကြီးစွာသော သတိ သံဝေဂရလျက် အလျင်အမြန်ပင် သုသာန်သို့ထ၍ ကြွသွားပြီးလျှင် အဆင်သင့် တွေ့ရသော အသုဘနိမိတ်ကိုယူ၍ ရာဂကို ကွာစေပြီးကာ ထိုအသုဘ ကမ္မဋ္ဌာန်းကြောင့် ရအပ်သော ဈာန်ကို အခြေပြု၍ ကာမဂုဏ်တို့၏ အပြစ်ကို သိလျက် ၎င်းမှ ထွက်မြောက်ရာ ၀ိပဿနာ တရားအလုပ်ကို ပွားများ အားထုတ်အပ်သည် ရှိသော် အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန္တာဖြစ်တော်မူလေသည်။
မထေရ်သည် ရဟန္တာဖြစ်ပြီး၍ သုသာန်မှ ပြန်ကြွလာသောအခါ ယောက္ခမဖြစ်သူသည် သမီးအား လှပစွာ တန်ဆာဆင်စေပြီးသော် များစွာသော အခြံအရံတို့ဖြင့် လာ၍ မထေရ်ကို လူထွက်စေအံဟု ကျောင်းသို့ လာလေရာ ထိုအကြောင်းကိုသိသော မထေရ်က မိမိသည် ကာမဂုဏ်တို့ဖြင့် မလိမ်းကျံ မကပ်ငြိမ်တော့ကြောင့် ၆-ဂါထာတို့ဖြင့် ပြန်ပြောလေသည်မှာ…
၁။ “အခြေ နှစ်ချောင်း ရှိသော ဤကိုယ်သည် မစင်ကြယ်၍ မကောင်းသော အနံ့ရှိသည့်အပြင် ပိုးအမျိုးမျိုးဖြင့် ပြည့်ကာ ထိုထို အပေါက်တို့မှ ယိုစီး ကျဆင်းနေသည်ဖြစ်ပါလျက် ပန်းနံ့သာတို့ဖြင့် ပြုပြင်ထား၏…
၂။ “တောမုဆိုးသည် တစ်နေရာမှ ပုန်းအောင်းနေလျက် ကျော့ကွင်းဖြင့် သားသမင်တို့ကို ဖမ်းယူ သတ်ဖြတ်ကဲ့သို့ လည်းကောင်း၊ တံငါသည်သည် သံမျှားချိတ်ဖြင့် ငါးတို့ကို ဖမ်းယူသတ်ဖြတ်သကဲ့သို့ လည်းကောင်း၊ မုဆိုးသည် မျောက်နှဲစေးဖြင့် မျောက်တို့ကို ဖမ်းယူ သတ်ဖြတ်သကဲ့သို့လည်းကောင်း၊ မိန်းမတို့သည် ထိုရူပါရုံ စသည်ဖြင့် ပုထုဇဉ်အား ဖမ်းယူ နှိပ်စက်ကုန်၏။
၃။ “သာယာဖွယ်၊ နှစ်သက် တပ်မက်ဖွယ်သော အာရုံငါးပါး ကာမဂုဏ် တရားတို့သည် မိန်းမတို့၏ ကိုယ်သဏ္ဌာန်၌ တွေ့မြင် သိရှိနိုင်ကုန်၏။
၎။ “အကြင်သို့သော ပုထုဇဉ်သည် မိန်းမတို့ကို ပြင်းစွာ တပ်မက်သော ရောဂစိတ် ရှိသည်ဖြစ်၍ ပေါင်းသင်း ဆက်ဆံကြကုန်၏။ ထိုပုထုဇဉ်တို့သည် ကြောက်မက်ဖွယ် ဖြစ်သော သင်္ချိုင်းမြေကို တိုးပွားစေကုန်၏၊ ဘ၀သစ် ဖြစ်မူကို ရှာမှီး ဆည်းပူးကုန်၏။
၅။ “လောက၌ အကြင်ပုဂ္ဂိုလ်သည် မြွေ၏ ဦးခေါင်းကို မိမိခြေဖြင့် ဝေးရာသို့ ရှောင်ကွင်းသွားသလို ထိုမိန်းမတို့ကို ရှောင်ကြဉ်၏၊ ထိုပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ တဏှာကို ထွက်မြောက်နိုင်၏။
၆။ “ငါသည် ၀တ္ထုကာမ၊ ကိလေသာကာမတို့၌ အပြစ်ကိုမြင်၍ ကာမတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ဘေးမရှိသောအားဖြင့် ရူမြင်လျက် အလုံးစုံသော ထေဘူမက ကာမတို့မှ ကျွတ်လွတ် လေပြီးသောသူ ဖြစ်၍ အာသဝေါကုန်ရာ အရဟတ္တဖိုလ်ကို ရအပ်ပြီ”
ဟု ဟောပြပြီးသည်ရှိသော် ယောက္ခမသည် ထိုတရားသဘောကို နားလည်သောကြောင့် “မထေရ်သည် ကိလေသာဖြင့် လိမ်းကျံမူ မရှိတော့”ဟု သိသဖြင့် လာသော လမ်းခရီးအတိုင်း သမီးကိုခေါ်၍ ပြန်သွားလေသည်။
ဤမထေရ်သည် သာမညမဟုတ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၁၀၀ ကြာသောအခါ ၀ဇ္ဇီတိုင်းတွင် အရှင်ယဿ အမှူးရှိသော ရဟန္တာ ၇၀၀တို့ သင်္ဂါယနာတင်ရာတွင် ၀ါတော် ၁၀၀ ရပြီး သက်တော် ၁၂၀ရှိပြီးသော သံဃနာယက မထေရ်ကြီးပင် ဖြစ်လေသည်။ ဒုတိယသင်္ဂါယနာ တင်ပြီးသောအခါ…
“အနာဂတေ ဓမ္မာသောကကာလေ ဥပဇ္ဇနံကံ အဗ္ဗုဒံ သောဓေဟိ”
“နောင်အခါ သီရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ဖြစ်မည့် သာသနာ့အမြှုပ် အရူပ်အထွေးကို စင်ကြယ်အောင် သင်္ဂါယနာတင်၍ သုတ်သင် ရှင်းလင်းလော့”
ဟု နောင်တွင် တတိယသင်္ဂါယနာ ခေါင်းဆောင် အရှင် မဟာမောဂ္ဂလိပုတ္ထတိဿ ဖြစ်မည့် တိဿမဟာဗြဟ္မာကြီးအား မှာကြားတိုက်တွန်းပြီးလျှင် ပရိနိဗ္ဗာန် ပြုတော်မူလေသည်။
(ထေရဂါထာ အဋ္ဌကထာ - ၁၂၀)
မထေရ်သည် ဓမ္မဘဏ္ဏာဂါရိက အရှင်အာနန္ဒာ၏ တပည့်ဖြစ်သည့်အတိုင်း ရုတ်တရက် ဖြစ်ပေါ်လာသော ကာမဂုဏ်ကိလေသာ စိတ်ကို ယာယီအားဖြင့် တားဆီးနိုင်သော အသုဘကမ္မဋ္ဌာန်းကို ချက်ချင်းပင်သတိရ၍ ကိလေသာ ကာမမီးတောက် မကြီးမီ သုသာန်သို့ ကြွ၍ ဤခန္ဓာကိုယ်သည် စက်ဆုပ်ရွံရှာဖွယ် မတင့်တယ်သော “အသုဘ”သာ ဖြစ်သည်။ အသုဘဖြစ်သော ဤခန္ဓာကို အန္ဓပုထုဇဉ်တို့သည်သာ တင့်တယ်သည်ထင်၍ ကိလေသာ ဖြစ်ကြကြောင်း ငါသည် မြတ်စွာဘုရား ဟောသည့်အတိုင်း ရူကြည့်ရန်မှာ…
“အဋ္ဌိကင်္ကလူပမာ ကာမာ ဗဟုဒုက္ခာ ဗဟုပါယာသာ”
“တိအာဒိနာ ၀တ္ထုကာမေသု ကိလေသ ကာမေသု အနေကာကာရ ဝေါကာရံ အာဒိန၀ံ ဒေါသံဒိသွာ”
ဟု (အဋ္ဌကထာ ဖွင့်သည့်အတိုင်း) ကာမဂုဏ်ဟူသည် “ခွေးငတ်ရိုးခဲ-၀နိုင်ဘဲ”မို့ ပင်ပန်း ဆင်းရဲခြင်းသာ ဖြစ်သောကြောင့် တွယ်တာတပ်မက်ဖွယ် မဟုတ်ဟု အသုဘကို ရူမြင်၍ နောက်မှ ထိုဈာန်ကို အခြေပြုကာ ကာမတို့မှ လွတ်မြောက်ကြောင်း ၀ိပဿနာ ပရမတ်ကို ရူရာတွင်မှ အရဟတ္တဖိုလ်ရောက် ရဟန္တာဖြစ်သွားလေသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment