Sunday, 2 December 2012

အငှားပစ္စည်း-ပုံတူမှီး

(ယာစိတကူ ပမာ ကာမာ)၊ ဥပမာ သော်ကာ…

လူတစ်ယောက်သည် ၎င်း၏ မိတ်ဆွေသူဌေးတစ်ဦးထံမှ အထက်တန်းကျသော သူတို့သာလျှင် စီးနင်းသော ယာဉ်ရထား၊ ပတ္တမြားနားတောင်း၊ ၀တ်ကောင်း စားလှတို့ကို ငှားရမ်း ၀တ်ဆင်လျက် လူစည်ကားသော ဈေးအတွင်းသို့ လှည့်လည် သွားလာ၍ နေရာ၏။ ထိုသူအား မြင်ရသူအပေါင်းတို့က အချင်းတို့... ဤယောက်ျားသည် ပစ္စည်းဥစ္စာ ချမ်းသာလေစွတကား၊ ချမ်းသာသော သူများသည် ဤသို့ပင် ခံစားကြကုန်၏ဟု အံ့သြသော အနေဖြင့် ချီးမွမ်းကြကုန်၏။


ထိုသို့ လူအပေါင်းတို့ ချီးကျူးနေသည့် နေရာ၌ပင်လျှင် ပစ္စည်း၏ မူလပိုင်ရှင်ဖြစ်သော သူဌေးသည် လာ၍ ထိုမိမိ ငှားရမ်းလိုက်သော ပစ္စည်းတို့ကို ပရိသတ် အလယ်တွင် သိမ်းယူလေရာ၏။

ယင်းသို့ သိမ်းယူသဖြင့် အရှက်ရကား တစ်မျိုးတစ်ဖုံ ဖြစ်သွားပေသည်။ ထို့အတူ ကာမတရားတို့သည် သူတစ်ပါးထံမှ ငှားရမ်းထားသော ပစ္စည်းနှင့်တူသည်ဟု မြတ်စွာဘုရားဟောတော်မူထားသည်ကို သဘောပေါက်နားလည်သော တပည့်သား သာဝကသည် မိမိ၏ အပိုင်ပစ္စည်း မဟုတ်သော အငှားပစ္စည်း ဖြစ်သည့် ထိုကာမတရားတို့ကို ရှောင်ရှားစွန့်ပစ်လေရာ၏။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။



No comments:

Post a Comment