Friday, 7 December 2012

မှတ်သားစရာများ

ကျွန်ုပ်တို့သည် အိုမင်းရင့်ရော် ဆိုသည်ကို ပညတ်-ပရမတ် နှစ်မျိုးဖြင့် ရူမြင်တတ်ဖို့ လိုလေသည်။ အိုမင်းခြင်းသည် လောက အမြင်အားဖြင့် ဆံဖြူသည်၊ သွားကျိုးသည်၊ အရေတွန့်သည်၊ ခါးကိုင်းသည်ကို ခေါ်၍ ရင့်ရော်ခြင်း ဆိုရာ၌ ရုပ်ကလာပ် စတင်သည်မှ တရွေ့ရွေ့ တရိပ်ရိပ်နှင့် ဖောက်ပြန် ပြောင်းလဲနေသော သဘောကို ပရမတ်ဇရာ ဟုခေါ်သည်။


၎င်းပရမတ် ဇရာကို မမြင်သော သူတို့အတွက် ပညတ်ဇရာ အိုမင်းမူကို ရူမြင်တတ်လျှင် သံဝေဂဉာဏ် ဖြစ်ပေသေးသည်။ သို့ရာတွင် ပညတ် အိုမင်းခြင်း၊ ဆံဖြူသွားကျိုးခြင်း စသော အမြင်အသိ သံဝေဂဉာဏ်မျှဖြင့် မည်သည့် လောကုတ္တရာ မဂ်ဖိုလ် နိဗ္ဗာန်တရားကိုမျှ မရနိုင်ချေ။ အကြောင်းမူ ပညတ်အာရုံ ဖြစ်နေသောကြောင့်တည်း။

သို့ရာတွင် ထိုသံဝေဂဉာဏ် ဖြစ်လောက်သည့် ပညတ်အိုမင်းခြင်းမျှ မသိ, မမြင်သော သူတို့ကား လောကုတ္တရာ တရား၏ အခြေခံပင် မရပေ။

သီဟိုဠ်ကျွန်း သဒ္ဓါတိဿမင်းကြီးသည် တစ်နေ့သ၌ နန်းတွင်းသူ မောင်းမ အခြံအရံ အသိုင်းအ၀ိုင်းနှင့် ကျောင်းတော်သို့လာရာ ကျောင်းဝင်းအတွင်းသို့ ရောက်လေသော် လောဟပါသာဒ ပြာသာဒ်ကျောင်းနေ သာမဏေတစ်ပါးသည် မင်းနှင့် ပရိသတ်ကိုကြည့်ရန် လာသောအခါ ထိုမောင်းမအထဲမှ တစ်ဦးသောအမျိုးသမီးကို သာမဏေမြင်သောအခါတွင် ဆင်ခြင်ထိန်းသိမ်းအပ်သော တရားလက်လွတ်၍ ရူကြည့်လေသော်- အမျိုးသမီး သူငယ်မသည်လည်း လှည့်လည် သွားလာနေသော လမ်းခရီးမှထွက်၍ သာမဏေကိုပင် ကြည့်လေသည်။ ၎င်းတို့နှစ်ဦးသည် အလိုဆန္ဒ တူမျှသဖြင့် ပြင်းထန်စွာ ရာဂစိတ် ထကြွလျက် နှစ်ဦးစလုံး၏ အတွင်း၌ ကိလေသာ အပူမီးသည် အားကြီးစွာဖြင့် လောင်မြိုက်ရကား နှစ်ဦးစလုံးပင် ထိုနေရာ၌ သေကြောင်း အင်္ဂုတ္တရဋ္ဌကထာ ဧကနိပါတ်တွင် ဖော်ပြထားသည်။

အလားတူပင် ဖော်ပြထားသော အဆင်းရုပ်ကို မြင်ကာမျှဖြင့် သေသော ၀တ္ထုများရှိသေးသည်။ အတွင်းမီးဟူသော ရာဂသည် သေအောင်ပင် လောင်တတ်ကြောင်း၊ အဆင်းရုပ်၏ ရင့်ရော်နေသော သဘောသည် မိမိစွဲလမ်းနှစ်သက်စဉ်မှာပင် ရင့်ရော်ခြင်း၊ ချုပ်ဆုံးကုန်ပျောက်ခြင်းဟူသော ပရမတ်၏ လမ်းစဉ် သဘောတရားကို လေ့လာမူ၊ သုံးသပ်မူပြုသော ယောဂီအားသာလျှင် သက်သာရာကို ရနိုင်လေသည်။

မြတ်စွာဘုရား၏ ကိုယ်ခန္ဓာသည်လည်း (ဇာတိ) အဖြစ်တရားက စလာသောကြောင့် အိုမင်းရင့်ရော်ခြင်းတို့ဖြစ်လေသည်။ ပရမတ်တရားတို့၏ မျက်နှာမလိုက်ပုံဖြစ်၏။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။





No comments:

Post a Comment