Sunday, 9 December 2012

နာမူသေမူ-ဆင်းရဲစု

“ပုနစ ပရံ ဘိက္ခဝေ၊ တမေ၀ ဘဂိနိံ ပေဿယျ အာဗာဓိကံ ဒုက္ခိတံ ဗာဠဂိလာနံသကေ မုတ္တကရီသေ ပလိပန္နံ။ လ။ အယမ္ပိ ဘိက္ခဝေ ရူပါနံ အာဒီနဝေါ”

(ဗျာဓိ မရဏကို တွဲ၍ ဖော်ပြပါသည်)

မြန်မာပြန်
“ရဟန်းတို့-တစ်ဖန် ထို့ပြင်လည်း ထိုသတို့သမီးကိုပင် အခြားသူတို့က ထူပေး သိပ်ပေးရလောက်အောင် အနာရောဂါ နှိပ်စက်၍ ဆင်းရဲကာ အပြင်းအထိန် မမာမကျန်းဖြစ်သဖြင့် မိမိ၏ ကျင်ကြီးကျင်ငယ်ကိုပင် မသုတ်သင်နိုင်သောကြောင့် ပေကျံလူးလဲ၍ အိပ်နေသည်ကို သင်တို့ မြင်ရာ၏၊ ထိုအဖြစ်ကို သင်တို့ သတိပြုကြရာ၏၊ ရှေးအခါက တပ်မက်ခဲ့သော အဆင်းရုပ်သည် ပျောက်ကွယ်ခဲ့ပြီး မဟုတ်လော၊ အပြစ်သည် ထင်ရှားနေပြီမဟုတ်လော၊ မှန်ပါသည်။


ရဟန်းတို့-တစ်ဖန် ထို့ပြင်လည်း ထိုအမျိုးသမီးကိုပင် သေ၍ သုသာန်၌ တစ်ရက်ရှိသောအလောင်း၊ နှစ်ရက်ရှိသောအလောင်း၊ သုံးရက်ရှိသောအလောင်း သေပြီးသည်နောက် ဖူးရောင်ပုပ်ပွလျက် ရုပ်ဆင်းပျက်ပြားပြီးလျှင် အညိုအမည်းကွက်တို့ဖြင့် သွေးပြည်တို့ ပုပ်ပွယိုစီးလျက် ထွက်ကျနေသည်ကို သင်တို့ မြင်ရာ၏၊ အသားအသွေးတို့နှင့် တကွ အကြော အရိုးတို့သာ ဆက်နေသော အလောင်းအဖြစ်သာ သင်တို့မြင်ရာ၏။ ထိုသတို့သမီး အလောင်းကို ကျီးစွန်ရဲ၊ တောခွေး၊ သစ်ကျားတို့ ခဲစားအပ်သည်ဖြစ်၍ အရိုးတို့လည်း တခြားစီ ပြန့်ကြဲလျက်ရှိသော အလောင်းကိုသာ သင်တို့ မြင်ရာ၊ ပြန့်ကြဲလျက်ရှိသော အရိုးတို့သည် ဆွေးမြည့် ကုန်လျက် မြေတို့နှင့် ရောနှောကာ နေသော သူသေအလောင်းကိုသာလျှင် သင်တို့တွေ့မြင်ရာ၏၊ ရဟန်းတို့ - ထိုအဖြစ်ကို သင်တို့ သတိပြုမိကြရာ၏၊ ဤသတို့သမီး၏ ငယ်ရွယ်စဉ်က တပ်မက်နှစ်သက်ခဲ့ရသော လောဘ တဏှာ ဖြစ်လောက်သည့် အဆင်းရုပ်တို့သည် ကွယ်ခဲ့ပြီ မဟုတ်လော၊ အပြစ်သည် ထင်ရှားနေသည် မဟုတ်လော၊ မိမိတို့ တပ်မက်ခဲ့သော အဆင်းသည် ယခုအခါ ဘာမျှပင်မရှိတော့၊ ဤသည်လျှင် အဆင်းတို့၏ အပြစ်ပင်တည်း”

အဓိပ္ပာယ်ရှင်းလင်းချက်
မြတ်စွာဘုရားသည် ရဟန်းတို့အား အိုမင်းရင့်ရော်၍ တုတ်တောင်ဝှေးကို အားကိုးအားထားပြုရသော အမျိုးသမီး၏ အဆင်းရုပ်၌ အပြစ်အာဒီန၀ကို ဟောတော်မူပြီးနောက် အနာနှိပ်စက်ခံနေရသော ဗျာဓိတရား၏ အဆင်းရုပ်၌ အပြစ်အာဒီန၀ကို ဆက်လက်၍ ဟောတော်မူပြန်လေသည်။ ယင်းကို အားကိုးရာမဲ့သော အသက် ၉၀-၁၀၀ အရွယ်ရှိ အမျိုးသမီးသည် ယခုအခါ သူတစ်ပါးထူပေးမှ ထနိုင်၊ ထိုင်နိုင်၍ သူတစ်ပါးသိပ်ပေးမှ အိပ်နိုင်သော အခြေအနေဖြစ်နေသည့်ပြင် ကျင်ကြီးကျင်ငယ်တို့ အကြား၌ ပြုပြင်သုတ်သင်ပေးမည့်သူ ကင်းနေသော ထိုအမျိုးသမီး၏ အဖြစ်ကို သင်ချစ်သားတို့ မြင်နိုင်အောင် နှလုံးသွင်းကြကုန်၊ ထိုအမျိုးသမီး နှလုံးသွင်းကြကုန်၊ ထိုအမျိုးသမီးသည် ငယ်ရွယ်စဉ်က လှပခဲ့သည့် ရုပ်ဆင်းအင်္ဂါတို့သည် ကွယ်ပျောက်ခဲ့လေပြီ၊ ယခု အိုမင်းရင့်ရော် နာခဲ့ပြန်သော် အိပ်ရာမှ မထနိုင်ဘဲ လဲလျောင်း၍သာနေရသည့် ဤခန္ဓာ၏ အပြစ်အာဒီန၀ကို ကြည့်ရန် “ဇရာဇဇ္ဇရိတာ ဟောန္တိ ဟတ္ထပါဒါ အနဿဝါ” အိုခြင်းသို့ ရောက်သော ပုဂ္ဂိုလ်၏ လက်ခြေတို့သည် မိမိတို့၏ စိတ်အလိုသို့ မလိုက်မပါနိုင်ကြတော့ပေ။

ဥပရိပဏ္ဏာသပါဠိတော် နေ၀ဒူတသုတ်၌လည်း တတိယသေမင်းတမန်အဖြစ် ယမမင်းက စစ်မေးရာ၌…

“အမောင် ယောက်ျား အနာရောဂါ နှိပ်စက်ခံရသော ဆင်းရဲဒုက္ခရောက်သည်ဖြစ်၍ နာကျင်လျက် ရှိသော၊ မိမိ၏ ကျင်ကြီးကျင်ငယ်အကြား၌ လူးလဲအိပ်စက်၍ နေသော၊ အခြားသူများ ထူမ, ပေးမှ ထိုင်နိုင်သော၊ သိပ်ပေးမှအိပ်နိုင်သော ဗျာဓိနှိပ်စက်သူကို သင်မြင်ဖူးသလော”

“ယင်းသို့ သင် မြင်သည်ရှိသော် သင်သည်ကား လိမ္မာရေးခြား ရှိသောအားဖြင့် ဤလူန၀ကား ရုပ်နာမ်နှစ်ပါးရှိ၍ အနာနှိပ်စက်ခံရသည့် ရုပ်နာမ်နှစ်ပါးရှိသော ဤသူသည် အနာနှိပ်စက်ခြင်းဘေးမှ မလွတ်နိုင်၊ ငါသည်လည်း ဤသူကဲ့သို့ ရုပ်နာမ်နှစ်ပါးရှိခဲ့၏။ ငါလည်း အနာနှိပ်စက်ခံရမည့် ဘေးမှ မလွတ်နိုင်၊ ငါ့အား အနာနှိပ်စက်ခြင်း မခံရမီ ကိုယ်ဖြင့်လည်းကောင်း၊ နူတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ ကုသိုလ်ကောင်းမူတို့ကို ပြုအံ့”ဟု

သင့်စိတ်တွင် မဖြစ်သလောဟု မေးကြောင်း…

(ဥပရိပဏ္ဏာသ ပါဠိတော် ဒေ၀ဒူဇာသုတ် -၂၁၉ တွင် ဟောတော်မူသည်။)

ဤဗျာဓိတရားသည် ရုပ်နာမ်တို့၏ (ဇာတိ) အဖြစ်မှ ပေါက်ပွားလာသည်။

ဇာတိရလာသော သတ္တ၀ါအား အိုခြင်း၊ နာခြင်း၊ သေခြင်းသည် မည်သည့်နည်းနှင့်မျှ ရှောင်၍ မလွတ်ရာသောကြောင့် မိမိတို့ ယခု ဇာတိအဖြစ်ကို ရရှိထားသော ဤရုပ်နာမ်ခန္ဓာ၏ သွားရာလမ်းကြောင်းကိုသာလျှင် မိမိတို့က စောင့်စားမျှော်လင့်လျက် နေရလေသည်။ မိမိတို့ရရှိထားသော ရုပ်နာမ်ခန္ဓာသည် နာသော၊ သေသောသူတို့၏ ရုပ်နာမ်ခန္ဓာနှင့် ဘာမျှမပို-မလျှော့ တစ်မျိုးတည်း တစ်စားတည်းဖြစ်သည်။ ထိုသူတို့၏ ရုပ်နာမ်နာတတ်လျှင် မိမိ၏ ရုပ်နာမ်လည်း နာတတ်သော သဘောပါရှိပြီးဖြစ်၍ ထိုသူတို့၏ ရုပ်နာမ်သေပါလျှင် မိမိရုပ်နာမ်လည်း သေတတ်သော သဘောပါရှိလေသည်။ သို့ဖြစ်၍ ယခု မိမိသည် မနာသေး မသေသေးသဖြင့် ကုသိုလ်ပြုခြင်း၊ သံသရာပြတ် ၀ိပဿနာ အားထုတ်ခြင်းတို့အတွက် အကောင်းဆုံးသော မသေမီ အချိန်ဖြစ်သည်ကို သတိထားရသည်။

၎င်းပြင် အနာနှိပ်စက်သော ဗျာဓိဘေးကို ကြိုတင်၍ သတိတရားရရန်…

“ငါသည် ယခုအခါ အနာကင်းနေသည်၊ ကျန်းမာနေသည်၊ အအေးအပူ မျှတလျက်ရှိသည်၊ မကြာတော့သော နောက်တစ်ချိန်တွင် မမာမကျန်းသော အနာနှိပ်စက်ခံရသောအဖြစ်သို့ ဧကန်ရောက်လတ္တံ့၊ အနာနှိပ်စက်ခဲ့ရသော ငါ့အား မြတ်စွာဘုရား၏ အဆုံးအမ ၀ိပဿနာ အဓိပညာ သာသနာကို ငါအားထုတ်နိုင်ဖို့မလွယ်ပြီ တောသို့ဖြစ်စေ၊ တောင်သို့ဖြစ်စေ၊ ကမ္မဋ္ဌာန်းကျောင်းသို့ဖြစ်စေ ရောက်သွား၍ အားထုတ်ရန် မလွယ်ချေ။ ငါသည် မနှစ်သက်အပ်သော၊ သဘောမကျအပ်သော အနာရောဂါ မဖြစ်မီ၊ ဗျာဓိတရားတို့ မနှိပ်စက်နိုင်မီ ကြိုတင်၍ တရားအလုပ် အားထုတ်တော့အံ့၊ ယင်းသို့အားထုတ်သဖြင့် ငါ့အား မရောက် မရသေးသော မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ရန်၊ ရရန်၊ မျက်မှောက် မပြုရသေးသော နိဗ္ဗာန်သို့လည်း မျက်မှောက်ပြုနိုင်ရန် ငါသည် လုံ့လ၀ီရိယရှေ့ထား၍ အားထုတ်ကာ နေတော့အံ့ဟု ဗျာဓိမကင်းသော ရုပ်နာမ်ရှိ သူတို့ သတိတရားထားရန်”

(ပဉ္စကနိပါတ် အင်္ဂုတ္တရ ပါဠိတော် ဒု-အနာဂတဘယသုတ်-၉၁) တွင် မြတ်စွာဘုရား ဟောတော်မူထားသည်။

သို့ဖြင့် အနာနှိပ်စက်ခံရသောသူ၌ ၎င်းသည် ရှေးကျန်းမာစဉ်က သူ၏လှပသော အဆင်းရုပ်သည် ဤသို့ ဖြစ်လာလိမ့်မည်ဟု သူမျှော်လင့်ခဲ့မည်လည်း မဟုတ်၊ တောင့်တလိမ့်မည်လည်း မဟုတ်မူ၍ သူ၏ အဆင်းရုပ်ကို အမှီသဟဲ အစွဲပြု၍ရာဂ၊ ဒေါသ၊ မောဟ၊ မာနစသော အကုသိုလ်တရားတို့ပင် ဖြစ်ပွားခဲ့ပေဦးမည်။ ယခုအခါ ရှေးက လှပခဲ့သော အဆင်း ရုပ်တို့လည်း ကွယ်ပျောက်၍ မမျှော်လင့်ခဲ့သော အနာရောဂါမျိုးတို့ဖြင့် ခံနေရကား အပြစ်အာဒီန၀ပေတည်း။

ဆရာကြီး ဦးကြည် (သစ္စာဒီပကဒ-ဒမူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။















No comments:

Post a Comment