Sunday, 17 February 2013

တွေ့မိထိမိမှ ထသိသော အသိ မေ့မသိသာ

မေ့ခြင်းဟူသည် မသိခြင်း၏ အရင်းအမြစ်ဖြစ်၍ မသိခြင်း ဆိုရ၏။

အိပ်ပျော်နေလေသူ၌ ထိုနှစ်ခု ဘာမျှ မခြားနားတော့ပြီကို သတိပြုလေ။

ထို အိပ်ပျော်နေသူ၌ ခြင်ကိုက်လျှင်လည်း လွန့်၏။ ဘယ်ညောင်းသော် ညာစောင်းပေးသေး၏။ ညာစောင်းရာမှ နားကျင်လာသော် ပက်လက်သော်လည်းကောင်း ဘယ်သို့သော်လည်းကောင်း ပြောင်းလဲပေးသေး၏။ သို့သော် သူ့၌ ဘာမျှ မသိ။


သည့်အတူ အာရုံတို့နှင့် ပက်ပင်းတွေ့မိလေမှ တွေ့မှန်းသိမျှ သိသောသူသည်လည်း မသိခြင်းတစ်ပါး၌ အပါအ၀င်သာ ဖြစ်၏။

တစ်ဖန် လူ၊ နွား၊ ကြက်၊ ကြောင်ပါဟူ၍လည်းကောင်း၊ ယောက်ျား၊ မိန်းမ ကိုဘယ်သူ မဘယ်ဝါပါဟူ၍လည်းကောင်း၊ သိသော အသိသည်လည်း မှန်ကန်တည့်မတ်သော အသိမျိုးမှ သွေဖည်သော အသိသာဖြစ်ရကား ၎င်းကိုလည်း မသိခြင်းတစ်ပါး၌ပင် ထည့်သွင်းရ၏။ အိပ်မက်ထဲ သိသောအသိနှင့် ဘာမျှ မထူးခြားပြီ။

ထို မသိသော သိခြင်း၊ သို့မဟုတ် ထိုမသိတသိနှင့် နှီးနွယ်၍ ဖြစ်ပေါ်လာသော ကောင်းပေ့ ဆိုး၏ မှတ်ချက်တို့သည်လည်း မသိရာမှ ထကြိုက်သော အကြိုဆုံးဖြတ်ပင် ဖြစ်ကြ၏ သို့မဟုတ် မသိကြိုက်၏ ဆုံးဖြတ်ချက်များဖြစ်၍ မသိခြင်းတစ်ပါး၌ပင် စာရင်းဝင်၏။ အိပ်မက်ထဲ ပြုံးပြသည့်ပမာ ဖြစ်၏။ သည့်အတူ မသိမုန်းသည်လည်း မသိခြင်းတစ်ပါးတွင် ပါဝင်ပြီး အိပ်မက်ထဲ ရွဲ့မဲ့ပြနေသည့် ပမာသာ ဖြစ်ချေ၏။

ထို မသိမဲ့ပြုံးတို့မှ ဆင်းသက်လာသော ရယူသိမ်းပိုက်ရန် ကြိုးစားခြင်း၊ ရှောင်လွှဲဖယ်ထုတ်ရန် ကြိုးစားခြင်းများသည်လည်း မသိခြင်း တစ်ပါး၌သာ ပါဝင်ပြီး အိပ်မက်ထဲဝယ် ယောင်ယမ်းပြောဆိုကာ တောက်ခေါက်သည့်ပမာသာ ဖြစ်၏။

ထို ကြိုးစားရာမှ ဆင်းသက်လာသော သိမ်းပိုက်ခြင်း၊ ပုတ်ထုတ်ခြင်းတို့သည်လည်း မသိသော မြစ်ရင်းမှ တက်လာသော ပွင့်ငုံများနှင့် အခက်အလက်တို့ကြားမှ ထွက်လာသော ပွင့်ငုံများသာ ဖြစ်ကြလေရကား မသိခြင်းတစ်ပါး၌ အပါအ၀င်သာဖြစ်ပြီး အိပ်မက်ရာမှ ကယောင်ကတန်း ထတည့်ပြီး သွားလာလူပ်ရှားသည့်ပမာသာ ဖြစ်၏။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment