Wednesday, 13 February 2013

လူ့ဘ၀နှင့် လူ့အခွင့်အရေး မှိန်မှေးမှေးမျှသာ ရှိ၏

(က) ပမာဒဿစတ္တာရော အပါယာ-သကဂေဟ သဒိသာ၊ မေ့ခြင်းပမာဒ၊ မသိခြင်း မောဟနှစ်ပါး အဖော်ထား၍ သွားလာလူပ်ရှားနေသူကား အပါယ်လေးဘုံသည် ကိုယ့်အိမ်ပမာ အချိန်မရွေး သွားလာနိုင်ချေသည်။

(ခ) အပါယဘူမိ၊ ပုထုဇ္ဇနဂေါစရော။


အပါယ်လေးဘုံဟူ၍ သီးခြား ထူထောင်ထားခြင်းစသည် ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်သုံးပါး အလှည့်များသော ပုထုဇဉ်လူသားတို့ ကျက်စားရာ အတွက်ဖြစ်ချေသည်။

လူ့ဘ၀သည် ကောင်းမူအားကြီးမှသာ ဖြစ်လာတတ်သည့် ဘ၀ကောင်းပင်တည်း။ ထိုကောင်းမူ၌ပင် စေတနာသန်ခြင်း၊ သန့်ခြင်းများနှင့်အတူ အလွန်အားကောင်းသော စေတနာ၊ အထက်မြက်မျိုးမှသာ ဖြစ်လာတတ်သည့် ဘ၀သန့်မျိုးပင်တည်း။

(၁) ကျောင်းလှူရာ စေတနာကား သန်၏။ ငါစွဲ ၀တ္ထုစွဲ၊ ပုဂ္ဂိုလ်စွဲများ မကင်းရှင်းသဖြင့် ထို ငါ၊ ၀တ္ထု၊ ပုဂ္ဂိုလ်များ၌ ငြိတွယ်နေသေးလျှင် စေတနာမသန့် ဖြစ်ရပြီး ထိုမသန့်သည့် ကျောင်းအလှူရှင် သည် ကျောင်းစွဲစွဲနေတော့ရကား ကျောင်းထဲ၌ ပြန်လည်စောင့်နေရတတ်သော ပြိတ္တာကောင်ဘ၀မျိုးသို့ လမ်းလွှဲသွားရရှာတော့သည်။


(၂) ဘုရားဒကာသည်လည်း ဘုရားစွဲ စွဲနေလျှင် ဘုရားနား ကပ်ခိုနေရသော ပြိတ္တာဘ၀၌ပင် လမ်းဆုံးရတတ်သည်။

(၃) အစွဲကြီးသော အခြားပစ္စည်း အလှူရှင်များသည်လည်း ပြိတ္တာဘ၀၊ အသူရကာယ်ဘ၀မျိုးတို့၌သာ အစွဲဆွဲရာလမ်း လွဲပါသွားတတ်ချေသေးသည်။

ပမာ-ဧရာမကွင်းပြင်ကြီး၏ အလယ်ဝယ် တစ်လံမျှလောက်သော စက်ဝိုင်းကို တိုင်တစ်ခု၌ ချိတ်ဆွဲပေးထား၏။

ထိုစက်ဝိုင်း၏ အလယ်တည့်တည့်၌ကား ၀ါစေ့ပြောက်မျှ ပစ်မှတ်ငယ်လေးတစ်ခု ထားရှိပေး၏။

ပစ်ခတ်ရမည့် သေနတ်ကား ခဲဖူးထည့် လေသေနတ်ကလေးမျှသာ ဖြစ်၏။

ထိုလေသေနတ်ပြောင်း ထိပ်၌ကား မျက်စိတစ်လုံး ချိန်သာရုံ ချိန်ငုတ်တိုလေးတစ်ခု ထားပေး၏။

ထိုပစ်မှတ်သို့ ထိုခဲဖူကျည်ဆံလုံးကလေး တည့်တည့်ထိမှန်စေပြီး ၀င်ရောက်ထွင်းဖောက်ရန်မှာ အင်မတိ အင်မတန် လက်ဖြောင့်သမားကြီးများမှသာ တတ်နိုင်ရာ၏။

သည့်အတူပင်လျှင် လူ့ဘ၀ လူ့အထက်တန်းစား ရစေ၊ ရောက်စေမည့် ဒါနကောင်းမူမျိုးကလည်း ပစ္စည်းကလည်း ပစ္စည်းသန့်မှ (လိမ်ညစ်ခိုးဆိုးရာမှ ရသော ပစ္စည်းမျိုး မဖြစ်စေရ)၊ စေတနာကလည်း စေတနာသန့်မှ (ငါ၊ ၀တ္ထု၊ ပုဂ္ဂိုလ် ထိုသုံးခု မည်သည့်အငြိအစွန်းများနှင့်မျှ မငြိမတွယ်စေရ) ပုဂ္ဂိုလ်ကလည်း ပုဂ္ဂိုလ်သန့်မှ (သီလ၊ သိက္ခာ၊ ဖြူစင်စွာသော ကလျာဏ အလှူခံပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ် တစ်မျိုးမျိုးဖြစ်နေမှ) ကိုယ်ကိုယ်တိုင် လှူဒါန်းပေးကမ်းမူကိုလည်း ပြုဦးမှ (ကိုယ်တိုင်မဟုတ်က ကိုယ့်အတွက် အကျိုးပြည့် မခံစားရတတ်)။ ထိုအချက်များနှင့် ပြည့်စုံမှသာ ရတတ်ရောတတ်သော လူ့ဘ၀မျိုးမျှသာ။ သို့ကြောင့်။

လူ့ဘ၀သည်ကား တစ်မင်ပြုစုပျိုးထောင်မှ ရသော စားကောင်းသီးမျိုးတည်း။

အခြားဘ၀များသည်ကား အလေ့ကျပေါက်သော မြက်စသည် မစားကောင်းမျိုးတည်း။

ဤသို့ အဆင့်ချင်း၊ အမျိုးချင်း ကွာခြားလေသည်ကို သတိပြုပါလေ။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment