သတိရှိနေသောသူသည် အမှတ်ရနေသောသူ မည်၏။
သတိမရှိသောသူသည်ကား မေ့မေ့နေသော သူသာတည်း။
(က) ၎င်းတို့ကို အသမ္မောဟသတိ-မတွေမဝေ ရှင်းရှင်းလင်းလင်း အမှတ်ရနေခြင်း။
(ခ) သမ္မောဟသတိ တွေတွေဝေေ၀ မရှင်းမလင်း အမှတ်ရနေခြင်းဟူ၍ ဆိုရ၏။
(က) ထိုတွင် အမှတ်ရှိ အသိဝင်လေသူ၏ စိတ်သည် မိမိရှေ့ မြင်တွေ့လာသမျှ အရာဝတ္ထုအားလုံးတို့ကို ဟိုလေလား၊ သည်လေလား မရှိ၊ ထိထိမိမိပင် သိစွမ်းရှိ၏။ လာရောက် ထိခိုက်သမျှ အရာဝတ္ထုအားလုံးတို့ကိုလည်း တန်ပြန်အရေးယူနိုင်စွမ်း ရှိ၏။ သိုင်းသမားတစ်ဦး၌ ထားရှိသော သတိ၊ အသိမျိုးပင် ဖြစ်၏။ ၎င်းကို အသမ္မောဟ တွေဝေမူ လုံးဝမပါသော သတိ၊ အမှတ်ရနေမူ ဆိုရ၏။
(ခ) တစ်ဖန် အမှတ်မဲ့ အသိရှိလေရုံလေးမျှ ၀င်လေသူ၏ စိတ်သည် မိမိရှေ့ မြင်တွေ့လာသမျှ အရာဝတ္ထုအားလုံးတို့ကို မမိလိုက်သည်လည်း ရှိ၏။ မိလိုက်သည်လည်း ရှိ၏။ မသိတသိဆိုရ၏။ သို့ကြောင့် ဟိုလေလား၊ သည်လေလားလည်း ရှိတတ်၏။ အိပ်ပျော်ဆဲ မိမိအနား ကြွက်တို့ ဆော့ကစားပြေးလွှားနေပါသည်ကို မသိသည့် ပမာလည်း ရှိ၏။ ထိုအသိ နှစ်မျိုးစလုံး တန်ပြန်အရေးယူဖို့နေနေသာသာ ဆုံးဖြတ်ချက် ချပေးရန်ပင် အခွင့်အလမ်း မရရှိတတ်။ သားသေ လင်ဆုံးပြီးစ မိန်းမ၌ သားပူလင်ပူများကြောင့် စိတ်ထွေပျံ့ကျဲလျက်က မျက်စိနှစ်ဘက် ပြူးထွက်ကာ ထိုင်နေသော်မှလည်း ၎င်းရှေ့ ဖြတ်သွားဖြတ်လာများကို ဘာမျှလည်း အာရုံမမိ၊ ဘာမျှလည်း မသိသည့်အသိမျိုးပင် ဖြစ်၏။ ၎င်းကို သမ္မောဟ တွေဝေမူ စီးပိုးနေသော သတိ ပြင်ပ ၀ိညာဉ်သိဖြင့်သာ သိနေမူ ဆိုရ၏။
ထိုနှစ်မျိုးစလုံးမှ အလွတ်ဖြစ်သော အမှတ်မဲ့ အသိကင်း၊ အိပ်ပျော်နေခြင်း(အိပ်မောကျခြင်း)၌ တည်လေသူ၏ စိတ်သည်ကား၊ မိမိရှေ့ တွေ့လာသမျှ အရာဝတ္ထုများကို ဘာတစ်ခုမျှ သိခွင့် မှတ်ခွင့် မရတော့ပြီ။ ၎င်းရှေ့လာပြ ကပြသူသာ မောမည်၊ ၎င်းအနားစကားပြော၊ ပြောသူသာ မောမည်။ ၎င်းရှေ့ အနံ့ပေး၊ ပေးသူသာ မောမည်။ ၎င်း၏ ပါးစပ်တွင် ထန်းလျက်သွင်း၊ သွင်းသောထန်းလျက်သာ အရည်ပျော်မည်။ ၎င်းပါး ပွတ်ကြည့်၊ ပွတ်သူသာ ထိမည်၊ ၎င်းသည်ကား ခွေးသေကောင် လင်းတအစားခံနေသည့် ပမာသာ ရှိတော့ရာ ၎င်းကိုကား သုညတ ဆိတ်သုဉ်းသော အ၀ိဉာဏအသိမဲ့လူသား ဆိုရ၏။ သုညတ မုစ္စိ ဆိတ်သုဉ်းသွားသော အမှတ်လွတ်သမား ဆိုရ၏။
အထက်ပါ က-ခ တို့ကို လေ့လာလျှင် သတိတစ်လုံးတည်း၏ အမှတ်ရှိခြင်း၊ အမှတ်မဲ့ခြင်း၊ နှစ်မျိုးဆိုသည်မှာ သိသာ၏။ လူတစ်ဦးတည်းမှ မေ့မျောသွားခြင်း၊ သတိပြန်လည်လာခြင်းမျိုးကဲ့သို့ ဖြစ်၏။
သို့ဆိုသော်
အမှတ်မဲ့လူသား အောက်တန်းစားများနှင့် တူချင်လျှင်လည်း သင်သာ အခရာတည်း၊ အမှတ်ရှိလူသား အထက်တန်းစားများနှင့် တူချင်လျှင်လည်း သင်သာ အညှာတည်း။
သင်သည် ဘ၀ယန္တရားကြီး လည်ပတ်ရာ၏ အစိတ်အပိုင်းများဖြစ်ပြီး သင့်လက်ထဲရှိ သတိသည် ထိုလည်ပတ်ရာ ဘ၀စက်ယန္တရားကြီး၏ သော့ထိန်း ဖြစ်သည်ကို သတိပြုပါလေ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment