ထိုမသိခြင်းတစ်ပါးပေါင်း များစွာတို့ကို အခြံအရံ အဖော်လုပ်ကာ လှည့်လည်သွားလာနေရပါသော လူသားတစ်ဦး၌ -
(က) ခြေလျှင်သွားရင်းက ခလုတ်တိုက်မိ၏။ ဘာ့ကြောင့်နည်း။
(ခ) အစားစားရင်းက ကျောက်ခဲဝါးမိသွား၏။ ဘာ့ကြောင့်နည်း။
ထိုဘာ့ကြောင့်နည်းတို့သည် တစ်နေကုန် အိပ်ရာဝင် အိပ်မောကျသည်အထိ မေးမြန်းနေရမည်ဖြစ်ရာ ဘာ့ကြောင့်နည်းပေါင်း ဘယ်မျှထင်သနည်း။
ထို တစ်နေကုန် ခံစားခဲ့ရသော ဒုက္ခတစ်ရက်စာသည် မသိခြင်းဟူသော နမော်မဲ့ နမာမဲ့ သွားလာနေထိုင် စားသောက်မူမှ ရသော ဒုက္ခများချည်း ဖြစ်ကြ၏။ ငေးတိ၊ ငေးငိုင် သွားလာလူပ်ရှားနည်း၊ အမူမဲ့အမှတ်မဲ့ သွားလာလူပ်ရှားနည်း၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ သွားလာလူပ်ရှားနည်းတို့မှ ရသော ဒုက္ခစုများချည်း ဖြစ်ကြ၏။
ထို နမော်မဲ့ နမာမဲ့စကား၊ ငေးတိငေးငိုင်စကား၊ အမူမဲ့အမှတ်မဲ့စကား၊ မေ့မေ့လျော့လျော့စကားတို့သည် နားထဲသို့ တစ်မျိုးစီ ထင်လာကြသော်မှလည်း သဘာဝအဓိပ္ပာယ်ကား မသိခြင်းတစ်ခုမျှသာတည်း။
ထို တစ်နေကုန်စာ ဒုက္ခအတိုင်းပင်လျှင် -
(က) နောက်နောင် ခံကြရဦးမည့် ဒုက္ခစုများသည်လည်း ထိုမသိခြင်းမှတည်း။
(ခ) ရှေးရှေးက ခံခဲ့ကြသော ဒုက္ခစုများသည်လည်း ထို မသိခြင်းမှပင်တည်း။
တစ်ဦးနှင့်တစ်ဦး အလိမ်အညစ် ခံလိုက်ရရာမှဖြစ်သော ဒုက္ခ၊ တစ်ဦးနှင့်တစ်ဦး အငြင်းပွားကြရာမှ ဖြစ်သော ဒုက္ခ၊ တစ်ဦးနှင့်တစ်ဦး အလျော်အစား လုပ်ကြရာမှ ရသော ဒုက္ခမှသည် အိမ်ထောင်သည်ဒုက္ခ၊ အမူထမ်းဒုက္ခ များစွာတို့သည်လည်းကောင်း၊ သူဌေးဘ၀၊ ဘုရင်ဘ၀ ဒုက္ခတို့သည်လည်းကောင်း၊ လူ့ဘ၀၏ လူမူဒုက္ခ အ၀၀တို့သည်လည်းကောင်း။
“အစ သည်လိုမှန်းမသိလို့ သည်လိုမှန်းသိ၊ နင့် ငါမယူဘူး” ဟူသော သတင်းစကား၊
“အစက ရှင် သည်စိတ်ထား၊ ထားတတ်မှန်း မသိလို့ သိရင်လေ သည်ကလဲ ရှင့်ကို စိတ်မကူးပါဘူး” စကား၊
“မင်းသမီးနှင့် ညားမလားလို့ ဇာတ်ထဲ လိုက်မိပါတယ်၊ ငွေနှဲကြီး တက်နင်းမိလို့ ငွေတစ်ရာ လျော်ခဲ့ရ” စကား၊
ထိုထိုသို့သော “တန်တော့ အစက သည်မှန်းမသိလို့” စကားပလ္လင်ခံလာသမျှ သို့မဟုတ် ပလ္လင်ဖုံးအဖြစ် နိဂုံးချုပ်လာသမျှ မသိ၍ ဖြစ်ကြရသော ဒုက္ခစုဟူ၍ဆိုသော ငါတို့စကား မှာလမ်းမရှိပြီ၊ သို့ကြောင့် ဒုက္ခမှန်သမျှ မသိရာမှ စသည်ချည်း မှတ်ခဲ့ပါလေ။ မျက်မြင်ဒုက္ခတို့သည် ကားတိုက်ခံရ၊ ရထားစသည် အတိုက်ခံရသည်အထိ နယ်စုံတည်း။
ဤကား မသိခြင်းမှဖြစ်သော ဒုက္ခသရုပ်တည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment