၃။ ထို မီးတွင်းသား ကလေး အတိတ်ကံပေး မောဟက စောင့်ဆိုင်းနေအံ့၊ မောဟသည် ဘာသာခွဲ များပြားလှပါချေ၏။ ဘာသာစုံ အတန်းကြီးသမား ဖြစ်နေ၍
(က) အိပ်မောကျနေစဉ်ကာလရှိ စိတ်သည်လည်း မောဟပင် ဖြစ်၏။
(ခ) အိပ်ရာနိုးထစ၊ မူန်ဝေေ၀စိတ်သည်လည်း မောဟပင် ဖြစ်နေပါ၏။
(ဂ) တစ်နေကုန်အတွင်းရှိ ကယောက်ကယက်စိတ်သည်လည်း မောဟပင် ဖြစ်နေပါ၏။
(ဃ) အလုပ်တစ်ခုလုပ်တိုင်း ဆုတ်ဆိုင်းဆိုင်း စိတ်သည်လည်း မောဟပင် ဖြစ်နေပါ၏။
(င) အာရုံတစ်ခု ခံစားရတိုင်း အမည်ငှားကို အသိမှတ်ပြုထားခြင်းသည်လည်း မောဟပင် ဖြစ်နေပါ၏။
သည့်အတူ ပဋိသန္ဓေနေဆဲကာလ သတိလွတ်ဆဲကာလ တစ်ဖက်အာရုံတို့နောက် မိမိစိတ် ပါသွားစဉ်ကာလ ထိုအာရုံတို့ မြှူဆွဲ၊ တိုက်ဆွဲခံရစဉ် အကြားရှိ အကောင်းထင်အကြိုက်ပေါ်၊ အဆိုးထင် အမုန်းပေါ်စဉ်ကာလ စသည့် ကိလေသာသံယောဇဉ် အယုတ်တရားများ ထွန်းကားပြန့်ပွားရာ ဌာနတိုင်းရှိ စိတ်အားလုံးပင် မောဟပင်ချည်း ဖြစ်ရာ ထိုမောဟသည် သတ္တ၀ါအားလုံးအပေါ် အုပ်စိုးထားသော မိုးကောင်းကင်ကြီးပမာ ရှိ၏။
ထိုတွင် -
ဝတ္ထု(အာရုံရှင်) အပေါ်အာရုံတင် အာရုံတွင်အမည်မှည့် အမည်ရှိအပေါ်စိတ်စွဲထား မောဟသည် စေတနာကိန်း မောဟပင် ဖြစ်ရာ သိုမှီးသိမ်းပိုက်ပေးသည့်အရာ ၀င်ပြီ။
ကြွင်းမောဟအုပ်စုကြီးသည် ၎င်းသိမ်းပိုက်နိုင်ရန် လူံ့ဆော်ပေးခြင်း၊ ငြိမ်ဆိတ်ပေးခြင်းများမျှသာ ဖြစ်ချေရာ -
ည တောလည် ယုန်လိုက်သမားများသည်
နေ့ကတည်းက ၎င်းတို့အမြင်သန်ရာ တောဝယ် ယုန်စည်းများပြုလုပ်ကြရ၏။ ညတွင်ကား လူအုပ်စု၊ ထောင်ပိုက်၊ ခွေးများဖြင့် ယုန်လိုက်လေ့ ရှိကြရာ -
တစ်ဦးကိုကား ယုန်မိလျှင် ဖမ်းဆီးရန် ပိုက်စောင့်သမားအဖြစ် ထားခဲ့၏။ ပိုက်တို့ကိုကား အကြီးအသေးအလိုက် စည်၏ ရိုးအတိုင်း လိုက်လံကာ ထောင်ပေးထားခဲ့၏။
ကျန်လူတစ်စုနှင့် ခွေးတစ်စုတို့ကိုကား ခေါင်းဆောင်သည် တောအစပ်အထိ အပါခေါ်သွားကာ လက်တို့ကိုကား ဟိုချုံ သည်ချုံ ပုတ်ချောက်ခိုင်း၏။ ပါစပ်တို့ကိုကား ယုန်ကလေးတို့ ထိတ်လန့်တကြား ပြေးသွားစေရန် အော်ဟစ်ခိုင်း၏။ ထိုအခါ တောရှိ ယုန်သူငယ်လေးများသည် -
လူစုက အနောက်ကအော်ပေးလျှင် အရှေ့သို့ ကြောက်အားနှင့် လန့်အားများ အသုံးချပြီး ထိတ်လန့်တကြား ခြေဦးတည့်အတိုင်း ပြေးလွှားကြရ၏။
လူစုက အရှေ့ကအော်လျှင် အနောက်၊ မြောက်ကအော်လျှင် တောင်၊ တောင်ကအော်သံပေးလျှင်ကား မြောက်သို့ ကောက်ကောက်ပါ ပြေးလွှားကြရ၏။
ခွေးစုကား အနံ့ခံခြင်း၊ အစ်သံပေးခြင်း၊ ပြေးရာလိုက်အစ်ပေးခြင်းတို့ဖြင့် ခွေးအလုပ် ခွေးသရုပ်ပီပြင်စွာ လိုက်လံအားထုတ်ပေးရ၏။
ထိုစဉ် ပိုက်စည်းစောင့်ကာ
လူအော်သံ၊ ခွေးအစ်သံတို့ကို စောင့်စားနာခံလျက်က သူ့ဆီအလာ မှန်းရ၏။ ယုန်ပြေး၊ ခြေသံနားခံရ၏။ အနီးအဝေး ချင့်တွေးရ၏။ ဘယ်ပိုက်ဆီသို့ လာနေသည်ကိုလည်း ခန့်မှန်းကာ ဟန်တပြင်ပြင် အဆင်သင့်ထားလည်း ထားရသေး၏။
ယုန်အပြေး ခွေးလိုက်လာပြီ။
ပိုက်ကြီးထဲ တွဲခနဲ မိသွားပြီ၊ ပိုက်စောင့်သမား ကောက်သိမ်းပြီး ပိုက်ပြန်ထောင်။
တစ်ဖန် ပိုက်ကလေးထဲ ထွေးမိသွားပြီ၊ ပိုက်စောင့်သမား ကောက်ဖမ်းပြီး ပိုက်ပြန်ထောင်။
စည်းကျော်၍ ပြေးသွားပြီ၊ ပိုက်စောင့်သမား တောက်ခေါက်ပြီ ခါးထောက်ကြည့်။
ပိုက်တို့အတွင်း ကြောင်က အတင်းဝင်တိုးလာပြီ၊ ငုံ့ကြည့်ယုန်ထောင် ကြောင်မိ ရရာသိမ်းရ၏။
ဤသို့ဖြင့် မှောင်တစ်ညကာလ ကုန်ဆုံးသွားခဲ့ရာ ယုန်ကားနည်းနည်း၊ ကြောင်ကြီးများကသာ အတိုးများပြီး တစ်ညတာ စခန်းသိမ်းခံကြရချေပြီ။
ဤအတိုင်းပင်လျှင် လူတို့တွင်လည်း ၀တ္ထုအာရုံကို ပုံဖော်မှန်းပြီး ငန်းမန်းဖမ်းကာ အမည်ခံအစွဲကို သည်းသည်းမဲမဲကြီး လိုက်လံပြုကျင့်နေကြရလေရာ
စေတနာလူံ့ဆော်ပေးမူ ယုန်လိုက်သမား အမှားသိလည်း အများအပြား ပါ၏။
ကြိုက်စော်ကား မုန်းပြစ်မှား ခွေးတစ်အုပ်လည်း ပါ၏။
အမည်ပေါ်ကြိုက်စွဲ၊ မုန်းတေး၊ ပိုက်စောင့်လေးလည်း ပါ၏။
အာရုံတင် ၀တ္ထုကိုခဲလျက်က အမည်ဖော်အစွဲမှားလည်း ပါ၏။
ထိုအမည်ဖော်အစွဲမှာ ကြိုက်စွဲမုန်းစွဲအတိုင်းပင်လျှင်
ဝက်သံကြား ၀က်နားရောက် ၀က်စိတ်ပေါက်သွားရတော့၏။
သေခါနီိးဝယ် ထိုအမှားသိ မောဟစွဲ အားလုံးတို့အထဲမှပင် တစ်ခုတစ်ခုသို့ အာရုံအထင် အမြင်ပေါ်လာစဉ် လူ့ဝိညာဉ် ကုန်ဆုံးသွားရသော် -
ထိုအမှားသိ စိတ်စွဲရာ၏ တိရစ္ဆာန်ပုံ အတိုင်းသော တိရစ္ဆာန်ကောင်ဘ၀ တစ်ဘ၀ သွားရ၊ ရောက်ရတော့၏။
အမှားသိတွင် ကြိုက်သောအစွဲ အငြိပါနေပါက
(က) ထိုအစွဲသည် မိမိစိတ်ဘက်၌သာ အားသာနေသော် ပြိတ္တာ စသည်ဘ၀။
(ခ) ထိုအစွဲသည် သူ့အာရုံဘက်သွား အားသာနေသော် ၀က်စသည့်ဘ၀ ရမ္မက်ကြီး မ-အစီးသန်သော တိရစ္ဆာန်ကောင်မျိုးထဲသို့ ထိုးကျစေ၏။
အကယ်တိတိ အမှားသိတွင် ဒေါသအစွဲ အငြိပါနေပါက ဒေါသမာန်အား ကြီးမားလှစွာသော တိရစ္ဆာန်ကောင်မျိုးထဲ ထိုးကျသွားရ၏။
ကြက်ဘ၀၊ ၀က်ဘ၀ မည်သူမျှ မလိုချင်ကြပါ။
သို့သော် အမည်ခင် ကြက်သိ၊ ၀က်သိတို့က အမြဲ ပို့လွှတ်နေပါသည်။
ထိုအဖြစ်ဆိုးတို့သည် အာရုံခံစားခွင့် ရစဉ်တုန်းက အာရုံမှန် အမြင်မှန်များဖြင့် မခံစားတတ်သော အမှားသိ အမည်ဖော်ခံစားထားခြင်း၏ ရလဒ်များချည်း ဖြစ်လေရာ အနေမတတ်သဖြင့် အသေမတတ်ခြင်းပင် ဖြစ်ကြပါသည်။
အာရုံလည်းမှား စိတ်ထားမှားဖြင့် ခံစားနေခြင်းသည် အနေမတတ်ခြင်းပင်တည်း။
အာရုံမှားကို စွဲကိုင်လျက်က သေရခြင်းသည် အသေမတတ်ခြင်းပင်၊ ထိုအာရုံမှာ၊ အထားမှားတို့ဖြင့် သေရရာ၌လည်း မိမိမတွေ့မထိ စိတ်ငြိမရှိသေးသော အာရုံတို့ကိုကား သေခါနီး ပုံဖော်၍ မရပါပြီ။
ထိုအာရုံမှားတို့သည် မိမိ၏ ကိုယ်စိတ်နှစ်ပါးတို့၏ အကြားဝယ် -
(က) စိတ်၌ကား အာရုံကိန်း၊ ကိန်းလျက်က အသည်း၌ စွဲကျန်ရစ်သော အမည်းရိပ်ကို တစ်ဖန် စိတ်ညွတ်၍ အတွေးဖြင့် ပုံဖော်ကြည့်တိုင်း သိနိုင်ရန် သိုမှီပေးထားလိုက်ပြီ။
(ခ) ကိုယ်၌ကား သဏ္ဌာန်ကိန်း၊ ကိန်းလျက်က အသည်း၌ အမည်းရိပ်စွဲစေပြီး တစ်ဖန် စိတ်ညွတ်၍ ပုံဖော်ကြည့်သောအခါ အတွေ့ဖြင့် နဂိုအတိုင်း ပြသနိုင်ရန် သိမ်းဆည်းပေးထားလိုက်ပြီ။ သို့ကြောင့် ထို အာရုံဟောင်းများကိုသာ သေခါနီး ပုံဖော်ဆွဲကိုင်ပြီး သွားနိုင်၏။ သို့ကြောင့်လျှင် လူမိုက်သည် တစ်သက်လုံးလုံး လူမိုက်အလုပ် လုပ်လာပြီးကာမှ သေခါနီး ဘုရာတ၍ အစားထိုးမရတော့ပြီ။
လူယုတ်မာသည်လည်း တစ်သက်လုံးလုံး သူယုတ်မာအကျင့် အတင့်ရဲရဲ စွဲကိုင်ပြီးကာမှ သေခါနီး သူတော်ကောင်းစိတ် မွေးမရပြီ၊ ငရုတ်ပင်စိုက်ထားရာမှ ငရုတ်ကောင်းသီး သီးစေခြင်း လောက၌ မရှိချေ။
ထိုထို တိရစ္ဆာန်မျိုးတို့သည် အဆန်မရှိ၊ အစုန်သာ ရှိ၏။ အစံလည်းမရှိ အခံသာ ရှိဘိ၏။ ကိုယ်ပြီး ကိုယ်ပိုင်ဘ၀ မရှိ၊ သူတစ်ပါး လက်ဝယ်၌သာ ရှိဘိ၏။
ထိုဘ၀မျိုးတို့သည်လည်း -
သူတစ်ပါးတို့အတွက် အသက်ပေးရာ ဘ၀မျှသာ ဖြစ်၍ မိမိစိတ်တိုင်းကျ ဘာမျှ မရ။
မိမိတို့အလိုကျ ဘာမျှ၊ ပြုကျင့်ခွင့် မရကြလေလျှင် သက်မဲ့ဘ၀သာ ဖြစ်ပြီး ကောင်းကျိုးမျိုး တိုးမရ။
အစွဲတို့ ပစ်ချရာ လိုက်ပါခံပေးရသော ဆိုးပြစ်ကျ ဖြစ်နေ၍ ကိုယ်ပိုင်ဘ၀ မမဆိုရ။
သို့ကြောင့် ထိုဘ၀မျိုးတို့သည်လည်း အသေဘ၀မျှသာတည်း။
ဤကား နောင်ဘ၀၏ သေပုံတစ်မျိုးတည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment