Friday, 22 February 2013

ငယ်ယုတ်မာ အိုခါဆိုးဝါး တို့လူသား

ထိုညသေ နေ့မရှင်တို့သည် -

၁။ မွေးစမှ ဆယ်နှစ်တန်းအထိ မသိတတ်ချိန်တို့၌လည်း ထိုအတိုင်းသာ။

၂။ ဆယ်နှစ်ကျော်မှ အနှစ်နှစ်ဆယ်အထိ ပျော်ပါးချိန်တို့၌လည်း သာလို့ဆိုး။

၃။ နှစ်ဆယ်ကျော်မှ သုံးဆယ်အထိလည်း ကိုယ့်ကိုကိုယ် အရိပ်ကြည့်ချိန်ဖြစ်၍ မေ့မေ့ပျောက်ပျောက်။


၎။ သုံးဆယ်ကျော်မှ လေးဆယ်အထိ ကာမအား၊ ဓနအား ကြွယ်ဝချိန်ဖြစ်၍ မာန်တကြွကြွ။

၅။ လေးဆယ်ကျော်မှ ငါးဆယ်အထိ အတွေ့အကြုံ စုမိနေချိန်ဖြစ်၍ ကစားကွက် မပျက်။

၆။ ငါးဆယ်ကျော်မှ ခြောက်ဆယ်အထိ သားတို့သမီးတို့ဘေးမှ ပံ့ပိုးပေးရချိန်ဖြစ်၍ ပုဆိုးပင် မကပ်နိုင်တော့။

၇။ ခြောက်ဆယ်ကျော်မှ ခုနှစ်ဆယ်အထိ ချွေးမနှင့်သား မက်လက် သားသမီးပစ္စည်းများ အပ်ခဲ့ရေသော်လည်း မျှော်တလင့်လင့်။

၈။ ခုနှစ်ဆယ်ကျော်မှ မသေမီအတွင်းလည်း ကလေးတို့ တုပ အားကျနေဆဲဖြစ်၍ သူငယ်ပြန် နာလန်ထ။

ဤသို့အားဖြင့် မအားသည့်အကြားမှပင် ထိုလူသား တစ်ဘ၀ အနားယူသွားရရှိချေပြီ။

ထိုတစ်သက်တာကာလအတွင်း -

လူသားတိုင်း၌ ကိုးကွယ်ရာ၊ ဘာသာတစ်ခု ရှိမြဲပင် ဖြစ်ကြ၏။ ဘာသာအားလုံးတို့တွင် အချို့ကား အကျင့်မျှ ဦးစားပေး၏။ အချို့ကား အသိထိ လိုက်စားစေ၏။ အချို့ကား အသိရော၊ အကျင့်ပါဘက်စုံ လိုက်စားစေ၏။

ထိုအသိတွင်လည်း -

အချို့ဘာသာ၌ကား လက်ငင်းတစ်ဘ၀၏ ကောင်းကျိုးတိုးပွားစေနိုင်သော အသိမျိုးကိုသာ ဖြည့်စွမ်းပေးနိုင်၏။ အချို့ကား နောက်နောက်ဘ၀များအထိ ခံစားစေနိုင်သော ကာမဂုဏ်ကောင်းကျိုးမျှကိုသာ လမ်းပြနိုင်၏။

အချို့ကား ကာမဂုဏ် ခံစားနည်းကဲ့သို့ သူ့ဘက်ကိုယ့်ဘက် ဖက်၍ ခံစားပေးနေစရာလည်း မလို၊ တစ်ယောက်တည်း ကောင်းနည်း။
ကာမဂုဏ် ခံစားပုံမျိုးကဲ့သို့ သူ့ဖျက်ကိုယ့်ဖျက် ဖျက်စီးပေး၍ သွေးထွက်သံယို အရည်တစိုစို စီးကျလာစရာ မလို၊ စိတ်ချမ်းသာရုံ ကောင်းနည်း။

(၁) ငါတို့ ဗုဒ္ဓဘာသာ၌ကား ထိုကာမ ကြီးပွားနည်း၊ ကံချမ်းသာဖြင့်လည်း ရပ်နားမနေရ။ ထိုချမ်းသာသည် ခရီးသွားဟန်လွှဲ လက်ထဲပါလာသော ခေါက်ဆွဲထုပ်ပမာ ရှေ့ခရီး အတက် ဆက်ရုံသာ သုံးသော သူ့ကြိုက်စာကျွေး၍ ကိုယ်ခရီးဆက်ရန်မျှ ဖြစ်ခြင်းကြောင့်။

(၂) စိတ်ချမ်းသာနည်း၊ ဈာန်ချမ်းသာဖြင့်လည်း ရပ်နားမနေရ။ ထိုဈာန်ချမ်းသာသည်လည်း လမ်းမှာတွေ့သော ရေချမ်းစင်ပမာ ဈာန်အရှိန်သတ္တိ မကုန်ခမ်းမီ အခိုက်မျှသာ ချမ်းသာမူပြေးပြီး ထိုဈာန်အရှိန်သတ္တိ ကုန်ခမ်းသွားသည်နှင့် လာရာလမ်း ပြန်လှည့်လာရမည်သာ ဖြစ်ခြင်းကြောင့်။

ထိုကိုယ်ချမ်းသာမူဖြစ်သော ကာမအာရုံ ကံစုံကို ခံစားရရာတိုင်း၌လည်းကောင်း၊

ထိုစိတ်ချမ်းသာမူဖြစ်သော သမထအာရုံ ဈာန်အဟုန်ကို ခံစားရရာတိုင်း၌လည်းကောင်း၊

၁။ မည်သူသည် ခံစားနေသနည်း၊ တိတိပပအဖြေရအောင် စစ်ဆေး၍၊

၂။ ခံစားသူ၏ ပိုင်ရှင်ကား မည်သူနည်း၊ တရားခံပေါ်အောင် ဖော်ထုတ်၍၊

၃။ ဘာကြောင့် ခံစားနေသနည်း၊ အမူပေါ်လွင်ထင်ရှားအောင် စီရင်ဆုံးဖြတ်၍။

လက်စသတ်တော့ အကြောင်းတစ်ခုက အကြောင်းတစ်ခုကို တိုက်ခိုက်ကာ အကျိုးဆက် တစ်ခုတစ်ခု ဖော်ထုတ်နေခြင်းမျှသာတည်း။ ဖြစ်စဉ် ဖြစ်ရပ် အငွေ့တန်းတစ်ခုက အခြားအငွေ့တန်းတစ်ခုကို ရင်ဆိုင်စေပြီး နှစ်ဘက် စေတနာချင်းတို့ လူံ့ဆော်ရာမှ ပေါ်ပေါက်လာခြင်းမျှသာတည်း။

ထိုဖြစ်စဉ် အငွေ့အသက်နှစ်ခုစလုံး (အားလုံး)လည်း ရွေ့လျား ပျောက်ကွယ်သွားတော့ခြင်း၊ ပျေက်ကျသွားတော့ခြင်း၊ အရိပ်အငွေ့မျှသာ ပြသနိုင်ခြင်းတို့ကြောင့် အားကိုးစရာလည်း မရှိ၊ သိမ်းပိုက်ထား၍လည်း မရသော ကောင်းကင်လေပမာမျှသာတည်း။

ဤသို့လျှင် ပင်ကိုဉာဏ်သုံး၍ ဦးစွာ အဖြေမှန် ဖော်ထုတ်ရ၏။ ထို့နောက် လောင်ကျွမ်းခြင်းကို ငြိမ်းသတ်၍၊ အစွဲကို ဖြတ်တောက်၍ အငြိကို ဖြေလွှတ်၍ ကိုယ်လည်းမရှိ၊ စိတ်လည်းမရှိ မိမိသာ ပကတိ အငြိမ်းဓာတ်ချည်းထဲ၌ ကိန်းနေသည်အထိ ကျင့်သုံးကာ လမ်းဆုံးစေသော ကျင့်စဉ်မျိုးအထိ ရှိ၏။

ထိုလမ်းဆုံးအကျင့်သည် သတိပင်းသော ပင်ရင်းအသိပေါ်မှ ရ၏။

ထိုလမ်းဆုံးအကျင့်သည် ပြင်ပမလှည့် မိမိအရှိ ကြည့်မှသိရ၏။

ထိုကဲ့သို့သော ကာမချမ်းသာကို လူအဖြစ် နတ်အဖြစ်ဖြင့် ခံစားရင်း၊ အထက် တက်လမ်းရှာဖွေရင်း၊ ဈာန်ချမ်းသာကိုလည်း ဗြဟ္မာအဖြစ်ဖြင့် ခံစားရင်း၊ အထက်တက်ရင်း၊ တစ်ဖန် မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို လူအဖြစ်၊ နတ်အဖြစ် ဗြဟ္မာအဖြစ် ခံစားရင်း၊ အစွဲဖြတ်ရင်းဖြင့် တက်ရောက်နိုင်မှသာ အလံတံခွန်ကဲ့သို့ တလွင့်လွင့်တလူလူ တက်နည်းဖြစ်၍ လူဆိုရ၏။ ဘာသာအားလုံးလျှင် တက်ကား တက်၏။ အစတက်၊ အလယ်တက်၊ အဆုံးတက်ဟူ၍ကား ကွာခြားကြ၏။ မည်သည့်ဘာသာမျှ အောက်ပို့နည်း မသင်ပြချေ။ အဆုံးထိ မတက်နိုင်ကြသဖြင့်လည်းကောင်း၊ တက်နည်း မသိသဖြင့်လည်းကောင်း၊ အောက်ကျကြရသည်သာ ရှိ၏။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment