Sunday, 30 August 2009

ဆန်နှစ်တင်းနှင့်အမေ

အချိန်သည်ဆန်ကို တစ်မြို့နယ်မှတစ်မြို့နယ် မသယ်ယူရသောအချိန်ဖြစ်သည်။ ရန်ကုန်မြို့တွင်ကား လူဦးရေကများ၊ ငွေရှိသူတို့က ၀ယ်ယူသို့လှောင်မှုတို့က အားကြီးလွန်းလှ၍ ဆန်အခက်အခဲ ဖြစ်လာ သည်။

သက်ဆိုင်ရာတွင် ဆန်အလုံအလောက်တော့ ရှိသည်။ သို့သော် ခြိုးခြံ၍ ဆန်ပိုများ ထွက်လာပါ က နိုင်ငံခြားသို့ ရောင်းရလျှင် နိုင်ငံခြားငွေ ရရှိနိုင်သည်။
ယခုအခက်အခဲမှာ လက်ဝယ်ရှိသောဆန်ကို အချိန်မီဖြန့်ဖြူးရေး အခက်အခဲဖြစ်၏။ ပြည်သူ့ဆိုင်မှ လည်း ဆန်ဘယ်လောက်ရမည်၊ ဘယ်နေ့ဖြန့်မည်၊ ဘယ်နှုန်းဖြန့်မည်ကို အာမခံချက် မပေးနိုင်။ သတင်းကိုပင်

မပေးနိုင်ဖြစ်နေ၏။
ရန်ကုန်တစ်မြို့လုံး ကြုံတွေ့နေရသလို ကျွန်တော်တို့မိသားစုတွင်လည်း ဆန်အခက်အခဲ တွေ့လာ သည်။ “ဇနီးကလိုလိုမည်မည် ဆန်သုံးလေးတင်းလောက်တော့ ရှာထားမှဖြစ်မယ်” ဟုဆို၏။ ကျွန် တော်က

“ခေတ္တစောင့်ပါဦး၊ ကုန်သွယ်ရေးမှာ ဆန်ရှိပါတယ်၊ သိပ်စိတ်မစောပါနဲ့၊ သက်ဆိုင်ရာက ဖြန့်ကို ဖြန့်မှာပါဟုဆိုသည်။ သို့သော် ဇနီးက မကျေနပ်။
“ကလေးလည်း ရှိသေးတယ်၊ လူကြီးတွေအတွက် စားစရာမရှိတာ ကိစ္စမရှိဘူး၊ ကလေးတွေအတွက် တော့ ဆန်ရှာထားမှဖြစ်မယ်”
“ရန်ကုန်မြို့မှာ တို့မိသားစုမှာမှ ကလေးရှိတာ မဟုတ်တာ၊ မိသားစုတိုင်းမှာ ကလေးရှိကြတာပဲ၊ သူ့ ဟာသာသူတော့ ဖြစ်လာမှာပါ၊ စိတ်မပူပါနဲ့ကွာ”
“မိသားစုတိုင်းမှာ ကလေးရှိပေမယ့်၊ တစ်ခြားမိသားစုတွေက အိမ်မှာ ဆန်သုံးလေးတင်း စုပြီးသားရှိနေ တာ၊ အိမ်မှာက အလွန်ဆုံးရှိ ငါးရက်စာပေါ့”
“အေး...အဲဒီလိုဆန်တွေစုကုန်လို့ ခက်တာပေါ့၊ ရန်ကုန်မြို့မှာ မိသားစု ငါးသိန်းရှိတယ်ကွာ၊ တစ်မိသား ဟု တစ်တင်းပဲ အပိုစုထားဦး၊ ဆန် တင်းငါးသိန်းလောက် ရန်ကုန်မြို့ပေါ်မှာ ရှိနေသေးတယ်လို့ သက်

ဆိုင်ရာတွေကလည်း တွက်ကြမှာပေါ့”
“ရှင်တို့လို တွက်ချက်နေတာတွေ ထားလိုက်တော့၊ အခုဆန်ပြတ်ရင် ပြည်သူ့ဆိုင်ကလည်း မရသေး ဘူး၊ ဆန်တစ်တင်းနှစ်တင်းတော့ ရအောင်ရှာမှ ဖြစ်မယ်ရှင့်”
“အေးပါကွာ၊ တစ်ရက်နှစ်ရက်တော့ စောင့်ကြည့်ပါဦး၊ မရတဲ့အဆုံးတော့ ရှာရမှာပေါ့“
ကျွန်တော်က တစ်ရက်နှစ်ရကန် အချိန်ဆွဲခဲ့သော်လည်း သုံးလေးရက်အတွင်း ဆန်ကိစ္စမှာ ပြေလည်မှု မရှိခဲ့ပေ။ ထို့ကြောင့်လည်း ကျွန်တော်သည် ဆန်တစ်တင်းလောက် ၀ယ်ထားရန် ထွက်ခဲ့ရ၏။ ဆန်ဈေး ကလည်း

ဘယ်ဈေးရှိမှန်းမသိ၍ ငွေနှစ်ရာတော့ ထည့်ယူခဲ့၏။
အိမ်မှထွက်လာသောအခါ ဘယ်သွားဝယ်ရပါ့မလဲဟု တိတိကျကျစဉ်းစား၍ မရပဲ ရှိနေ၏။ နောက်မှ ပဲခူးသွားရင်တော့ ရမည်ဟု စိတ်ကူးပေါက်လာ၏။
ပဲခူးသည် ကျွန်တော့်မြို့ ဖြစ်သည်။ ကျွန်တော်တို့ က၀မြို့နယ် ရစ်ကံကြီးရွာတွင် မွေးဖွားခဲ့သော်လည်း လူငယ်ဘ၀ စောစောပိုင်း တစ်ခုလုံး ပဲခူးမြို့တွင်သာ ကုန်ဆုံးခဲ့ရ၏။ ပဲခူးမြို့တွင် ကျွန်တော်နှင့် ကျောင်းနေဖက်

သူငယ်ချင်းများရှိသည်။ မြို့နယ်အဆင့်၊ တိုင်းအဆင့်တို့တွင် သူတို့လည်း လုပ်ပိုင်ခွင့် ရှိကြသူများ ဖြစ်၏။ သူငယ်ချင်းများကို ပြောဆို၍ ယူလာလျှင်ပင် ဆန်နှစ်တင်းလောက် လွယ်ကူမည် ဟု ထင်ခဲ့သည်။
ပဲခူးရောက်သော် ဆန်သယ်ယူရေးသည် မလွယ်ကူလှကြောင်း ကျွန်တော်စ၍ သိလာသည်။ မြို့နယ် တစ်ခုနှစ်တစ်ခု အ၀င်အထွက်တိုင်းတွင် ကြပ်ကြပ်မတ်မတ် စစ်ဆေးကြ၍ တစ်မြို့နယ်မှ တစ်မြို့နယ်

ဆန်သယ်ယူရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေကြ၏။ သို့သော် ကျွန်တော်သည် ရောင်းရင်း များ၊ မိတ်ဆွေများ၊ သူငယ်ချင်းများ အားကိုဖြင့် သယ်ယူနိုင်လိမ့်မည်ဟုသာ ဆက်၍ထင်နေမိသည်။
ပဲခူးမှ ဆန်ဝယ်၍ ကားနှင့်ပြန်လာပါက လမ်းတွင်လှည်းကူးမြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ် တို့ရှိသည်။ မင်္ဂ လာဒုံမြို့နယ်သည်ကား ရန်ကုန်မြို့နယ်အတွင်းသို့ ၀င်ပြီဖြစ်၍ လှည်းကူးမြို့နယ်တစ်ခုသာ စိုးရိမ်စရာ ရှိ၏။

ပဲခူးမြို့နယ်မှ ခွင့်ပြုလိုက်သော် လှည်းကူးမြို့နယ်ကို ကျော်ဖြတ်ရန် ကျွန်တော့်အတွက် အတော် လေး လွယ်၏။ မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးသည် ကျွန်တော့်သူငယ်ချင်းဖြစ်နေ၍ သူ့ကားနှင့်ပင် ရန်ကုန်မြို့သို့

ယူလာနိုင်သေး၏။ ပဲခူးမြို့နယ်မှ ယူလာရန်အတွက်လည်း မခက်ခဲပေ။ အဘယ်ကြောင့် ဆိုသော် မြို့နယ်အဆင့်သာမက တိုင်းအဆင့်တာဝန်ရှိသူများပင် ကျွန်တော့်အိမ်သူ သူတို့အတွက် စားအိမ်သောက်အိမ်

ဖြစ်နေသောကြောင့်ပါတည်း။
ပဲခူးသို့ရောက်သော် ကျွန်တော်သည် ကျွန်တော့်သူငယ်ချင်းရုံးခန်းသို့ တန်းတန်းမတ်မတ် သွားခဲ့ သည်။ ကျွန်တော့်မိတ်ဆွေကို အဆင်သင့်တွေ့၏။ ကျွန်တော် ဆန်နှစ်တင်းလောက် သယ်ယူလို ကြောင်းပြောရာ

မိတ်ဆွေမှာအတော်လေး အကြံအိုက်သွားရှာ၏။
“မဖြစ်ဖူးထင်တယ် သူငယ်ချင်း”
“ဘာဖြစ်လို့လဲကွ”
“အခုဆန်တားတာက ငါတို့ကိုယ်တိုင်တားဖို့ အမိန့်ထုတ်ဆောင်ရွက်နေရတာ၊ ရွှေသမင်ဘယ်ကထွက် ဖြစ်နေဦးမယ်”
“ဒါတော့ ဒါပေါ့၊ ဒါပေမယ့် အိမ်မှာကလည်း စားစရာကို မရှိဘူး၊ မိန်းမကလည်း ဆန်နှစ်ရက်စာပဲ ရှိတော့တယ်ဆိုတာနဲ့ ထွက်လာရတာ၊ ကိုယ့်မလည်း အလုပ်ကအားတာ မဟုတ်ဘူး”
“ကဲ...မင်းဆန်သယ်ပို့ရာမှာ ငါလုပ်ပေးရမယ့် အပိုင်းက ဘာလဲ”
“ပဲခူးမြို့ထဲက ဆန်နှစ်တင်း ၀ယ်ခွင့်ရရေးကွာ”
“အမယ်လေး၊ ဘုရား ဘုရား၊ သူငယ်ချင်းရေ၊ ဘယ်လိုမှ မရလို့ပါကွာ၊ ငါတောင်းပန်ပါတယ်၊ ရှိခိုးပါ့ မယ်ကွာ”
“အိမ်မှာစားစရာမရှိတာ ဘယ်လိုလုပ်မလဲ”
“မင်းက ရန်ကုန်မှာပဲနေ၊ အမျိုးသမီးနဲ့ကလေးတွေ ပဲခူးပို့ထား၊ ငါ့အိမ်မှာ ကြိုက်သလောက်စား၊ ကြိုက် သလောက်နေကွာ၊ ဒီဆန်ကိစ္စ အလွန်ဆုံး ဆယ်ရက်ပေါ့ကွာ၊ ဆယ်ရက်လောက်ကျော်ရင် ပြေလည် သွားမှာ၊

မင်းကလည်း သိလျက်နဲ့ အလကားဒုက္ခရှာနေသေးတယ်”
ကျွန်တော်သည် သူနှင့်ပြောလို့တော့ ပြေလည်မည့်ဟန်မရှိသည်ကို တွက်မိ၍ အခြားသူငယ်ချင်း လေးငါးယောက်နှင့် ဆက်၍ တွေ့လိုက်ရသေးသည်။ သို့သော် ထိုကိစ္စတစ်ဦးတစ်ယောက်ကမျှ ဆောင်ရွက်မပေးနိုင်ပေ။
ကျွန်တော် အချိန်ကိုကြည့်လိုက်သောအခါ ဆယ်နာရီခွဲ ရှိနေပြီဖြစ်၏။ သနပ္ပင်သည်လည်း ဆန်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ သနပ္ပင်သည် ပဲခူးထက်စာလျှင် ပိုမိုလွယ်ကူနိုင်မည်ဟု ကျွန်တော်မျှော်လင့်မိ ၏။ ထိုပြင်

သနပ္ပင်မှ တာဝသို့ တူးမြောင်းရှိသည်။ သနပ္ပင်မှ တာဝသို့ ပဲ့ချိတ်ဖြင့် သယ်ယူပြီး တာဝမှ ရထားဖြင့် ရန်ကုန်သို့ ပဲခူးနှင့်လှည်းကူးမြို့နယ်များကိုပင် ဖြတ်သန်းရန် မလိုပေ။ ကျွန်တော်သည် ထိုအကြံအတွက်

လက်ဖျောက်တီးက သနပ္ပင်ကားပေါ်သို့ ခုန်တက်၍ လိုက်ခဲ့တော့၏။
နာရီဝက်ခန့်ကြာသောအခါ ကျွန်တော်သည် သနပ္ပင်သို့ ရောက်လာ၏။ ရှေးဦးစွာ ကျွန်တော့်သူငယ် ချင်းနှင့်တွေ့ရန် သူ့ရုံးသို့သွားခဲ့မိသည်။ ရုံးသို့ရောက်သော် ရုံးတွင်စောင့်နေသူ လူငယ်တစ်ဦးက

အစည်းအဝေးလုပ်နေသဖြင့် ခေတ္တစောင့်ပါရန် မေတ္တာရပ်ခံသ၍ ထိုင်စောင့်နေရ၏။ စောင့်နေသော အခန်းနှင့် အစည်းအဝေးခန်းမသည် သုံးထပ်သားတစ်ချပ်သာ ခြားထားသောကြောင့် အတွင်းမှပြော ဆိုနေသည်များကို

အတိုင်းသားကြားရ၏။ ဦးဆောင်စည်းဝေးနေသူမှာ ပြောမနာဆိုမနာ ကျွန်တော့် သူငယ်ချင်းပင် ဖြစ်သည်။
“ခုစီမံချက်က အရေးကြီးသည့်အတွက် တိတိကျကျတော့ လုပ်ဆောင်ဖို့လိုပါမယ်။ အဆင့်ဆင့် တာဝန် ပေးရာမှာလည်း စိတ်အချရဆုံး လူတွေကိုသာ ရွေးချယ်တာဝန်ပေးထားတာပါ၊ တာဝန်ယူ လုပ်ဆောင် တဲ့သူတွေရဲ့

ခေါင်းထဲမှာ ကျွန်တော်တို့ မြို့နယ်ထဲကဆန်ကို တစ်စေ့မှ တရားမ၀င် အပြင်မရောက် ရဖူးဆိုတဲ့အသိ စွဲနေစေလိုပါတယ်”
ကျွန်တော် ထိုင်နေရင်းမှ ထလိုက်သည်။ ငှဲ့ထားသော အကြမ်းပန်ကန်တစ်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး စောင့်နေသော လူငယ်လေးအား တစ်အောင့်နေမှ ပြန်လာမည်ဟုပြောကာ တစ်ချိုး တည်း

လစ်လာခဲ့သည်။ ကျွန်တော်သည် တစ်ချိုးတည်း လစ်လာခဲ့သော်လည်း ဘယ်သွားရမှန်းမသိ။ ရှေ့ဆက်၍သွားလျှင်ကား က၀မြို့နယ်အတွင်းမှ ကျွန်တော့်မြို့နယ်အတွင်းသို့ ရောက်မည်။ ရွာရောက် လျှင်

ဆန်တော့ရှိသည်။ ဆန်လိုသလောက် ရမည်။ သို့သော် ရန်ကုန်အရောက် မည်သို့သယ်မည် နည်း။
ကျွန်တော်သည် သနပ္ပင် တံးတားထိပ်တွင် ကြံရည်သောက်ရင်း အကြံထုတ်နေသည်။ ယခုအတိုင်းဆို ပါက တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် အပေါ်မှသွား၍ကား မလွယ်ကူပေ။ မိမိဘာသာ အောက်ပိုင်း နည်းကို

အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် ကျွန်တော်သည် ချက်ခြင်းပင် ပဲခူးမြို့သို့ ပြန်လာ၏။ သနပ္ပင်မှ အထွက်တွင် ကားပေါ်မှလူများကို ဆင်းစေကာ ပိုက်စိပ်တိုက်ရှာသေးသည်။ တွေ့သော ဆန်တစ်အိပ်ကို

ဖမ်းထားလိုက်ကြသည်။ သို့တိုင်အောင် ကျွန်တော်ကား စိတ်မလျော့။ ပဲခူးသို့ ကျွန် တော်ပြန်ရောက်သော ဆယ့်တစ်နာရီခွဲ ကျော်နေပြီဖြစ်သည်။ ကျွန်တော်သည် ပဲခူးဈေးထဲမှ အဒေါ်တစ်ယောက်၏ အကူအညီဖြင့်

မှောင်ခိုဈေးမှ နှစ်တင်းကို ၀ယ်ယူလိုက်သည်။
အဒေါ်က “သယ်လို့လွယ်ပါမလားဟယ်” ဟုဆိုက အိတ်ကိုသာ လုံအောင်ချည်ပေးပါဟု ပြောလိုက်၏။ ကျွန်တော်သည် ဆန်ဝယ်ရသည့်နေရာမှ ဆိုက်ကားတစ်စီးကို ငှားကာ ရန်ကုန်ကားဂိတ်သို့ လာခဲ့ သည်။

ကားဂိတ်တွင် ကားဆရာက ဆန်တင်ရန်ငြင်းဆိုနေသည်။ ကျွန်တော်က လမ်းတွင်တွေ့သည့် ပြဿနာကို ကျွန်တော့်ပြဿနာထားပါ၊ ကားခကို နှစ်ဆပေးမည်ဟု ပြောလိုက်၏။ ကားဆရာ သဘောတူပြီး

တင်ခွင့်ပြုလိုက်သည်။ ကျွန်တော်သည် ဆန်အိတ်ကို ကားခေါင်မိုးပေါ်သို့ တင်လိုက် သည်။ ခေါင်မိုးပေါ်တွင် ဆန်အိတ်ကိုချည်ထားသော ကြိုးပြတ်ကာ ဆန်နည်းနည်း ထွက်ကျလာ၏။ ထွက်ကျလာသော ဆန်များကို

လွယ်အိတ်ထဲသို့ထည့်ကာ ဆန်အိတ်ကိုပြန်၍ ကြိုးနှင့်ချည်ရသည်။ ကြိုးချည်ရုံဖြင့်မရသောကြောင့် အနီးရှိအုန်းသီးဆိုင်မှ အပ်ငှား၍ ချုပ်လိုက်ရသေး၏။
ကျွန်တော့် ဆန်အိတ်ပေါ်တွင် အခြားပစ္စည်းများကို တင်လိုက်၏။ ကျွန်တော်တို့ကားသည် ပဲခူးမှနေ့ လည် တစ်နာရီလောက်တွင့် ထွက်လာသည်။ ကားထွက်၍ ဆယ့်ငါးမိနစ်ပင်မကြာပါ။ ပဲခူးမြို့ အထွက် တွင်

ကျွန်တော်တို့ကား အစစ်ခံရပါတော့သည်။ ကျွန်တော်သည် ပါးစပ်မှ လေများကို တ၀ူးတ၀ူးမှုတ် ထုတ်ရင်း က္ကုနြေ္ဒဆည်နေရသော်လည်း စိတ်တွင်း၍ ကား ပျလောင်ခတ်နေမိ၏။ ဥပဒေနှင့်မကင်း သောအလုပ်မို့လည်း

ရင်မောရ၏။
ဤကဲ့သို့သော အဖြစ်မျိုး ရန်ကုန်မရောက်မီ ဘယ်နှစ်ကြိမ်လောက်များ ကြုံရလေဦးမည်မသိ။ ကားအောက်ပိုင်း၊ ဒရိုင်ဘာခန်း၊ ကားရှေ့ပိုင်း နောက်ပိုင်း အနှံ့ရှာကြသည်။ သို့သော် ဘာကိုမျှ မတွေ့။

ကျွန်တော့်စိတ်ထဲတွင် ကားခေါင်မိုးပေါ်သို့ မတက်သည်ကိုပင် ကျိတ်၍ ကျေးဇူးတင်နေရ သည်။
သို့သော် ကျေးဇူးတင်၍မဆုံးသေးခင်မှာပင် ခေါင်မိုးပေါ်မှ အသံတစ်ခုက“ဟောဒီဆန်အိတ်ဘယ်သူ့ ဟာလဲဟု” အော်မေးလိုက်၏။ စပါယ်ယာက ကျွန်တော့်အား လှမ်း၍ကြည့်လိုက်သည်။ ကျွန်တော်က ကတိအတိုင်း

ကျွန်တော့်ဟာပါဟု ၀န်ခံကာ ကားပေါ်မှဆင်းလိုက်ရ၏။ ကားပေါ်မှဆန်အိတ်သည် ဖုတ် ခနဲကျလာသည်။ ကားသည်ဝူးခနဲ ထွက်သွား၏။ ကျွန်တော်သည် ရှက်လွန်းလှ၍ မျက်နှာကိုပင် ဘယ် ထားရမည်မသိပေ။
ကျွန်တော်သည် ဆုံးဖြတ်ချက်ချပြီးသားမို့ အပေါ်အင်္ကျီ အိတ်ကပ်ထဲမှ ဆယ်တန်လေးများကို စမ်းစစ် မိ၏။ ဆယ်တန်လေးများသည် ထွက်ချင်လွန်း၍ ခုန်နေသည်ဟု ထင်ရသည်။
ဆန်ရှာရေးအဖွဲ့သည် ကျွန်တော့်အား အနီးရှိ အမိုးတစ်ခုအောက်သို့ခေါ်ကာ တစ်ဦးက စာရွက်တစ်ခု ပေါ်တွင် ရေးမှတ်၍ မေးခွန်းများမေး၏။
“ဒီဆန်အိတ်က ခင်ဗျားဟာလား”
“ဟုတ်ပါတယ် ခင်ဗျ”
“ဘယ်ကို သယ်မှာလဲ”
“ရန်ကုန်ကိုပါ”
“ခင်ဗျား နာမည်က”
“ကျွန်တော့်နာမည် ချစ်စံဝင်းပါ”
“စာရေးဆရာ နာမည်ပဲ”
“ကျွန်တော်လည်း စာရေးဆရာပါ”
“စာရေးဆရာဆို ကလောင်နာမည်ကရော”
“ချစ်စံဝင်း လေ”
“ဆရာက ချစ်စံဝင်းလား”
“ဟုတ်တယ်၊ ကျွန်တော်က ဆောင်းပါးရှင်ပါ”
ဆရာ့ကို ကျွန်တော်က လူကြီးကြီးမှန်နေတာ၊ ဆရာက သိပ်မှ မကြီးသေးတာပဲကို၊ ဆရာ့စာအုပ်တွေ ကို ကျွန်တော် မလွတ်တမ်းဖတ်တယ်၊ အကြိုက်ဆုံးကတော့ “မှုလတန်းပြဆရာဖြစ်သောနေ့”ဆိုတာပဲ ၊ ကြေးမုံမှာ

ပါတာလေ၊ ကျွန်တော်အဲ့ဒီဆောင်းပါးကို ဖြတ်ပြီးသိမ်းထားတယ်၊ ကျွန်တော်လည်း မှုလ တန်းပြ ဆရာပဲ”
ကျွန်တော့်အဖို့ မုတ်ဆိတ်ပျားဆွဲခြင်းပင်တည်း။ ကျွန်တော်၏ စာကို နာမည်နှင့်တကွ ချက်ခြင်း ဖော်ပြနိုင်ပြီး ကျွန်တော့်အားလေးစားသူ စာဖတ်ပရိတ်သတ်နှင့် တိုးနေ၍ ကျွန်တော်ဝမ်းသာနေမိ ပြန်သည်။ သူငယ်ချင်းတို့

မိတ်ဆွေတို့မကူလျှင်နေ၊ စာရေးသူတို့ဝယ် စာဖတ်ပရိတ်သတ်ရှိနေသည်။ ကျွန်တော့်ကိုယ်ကျွန်တော် ဂုဏ်လည်း ယူနေမိပါသည်။
ကျွန်တော် သူ့နာမည်ကို မေးကြည့်သည်။ သူကနာမည်ကိုသာမက အိမ်လိပ်စာ၊ အလုပ်လိပ်စာတို့ကို ပါ ပေးသည်။ ထိုကဲ့သို့ ပေးနေရသည်ကိုလည်း ကျေနပ်နေဟန် ရှိ၏။
“ကျွန်တော်လည်းဗျာ အိမ်မှာ ဆန်ကို စားစရာမရှိလို့ ဒီမှာ ဆန်လာဝယ်တာ၊ အဲ့ဒါခင်ဗျားပဲ ကြည့်လုပ် ပေးပါဦးဗျာ”
“ဆရာတို့က တစ်ကယ့်ကိုကိုယ်ကျိုးစွန့်လုပ်နေတယ်ဆိုတာ ကျွန်တော်ယုံပါတယ်” ဆရာတို့မှာ စားစ ရာမရှိဘူး ဆိုတာလည်း ယုံပါတယ်ဆရာ၊ စာရေးစရာဆိုတာ ကျွန်တော်တို့နိုင်ငံမှာ ငမွဲပါ။
အလားအလာ ပိုကောင်းလာပါသည်။ မမျှော်လင့်ပဲတွေ့ခဲ့ရသော ကျွန်တော့်စာဖတ်ပရိတ်သတ်သည် ဤဆန်အိတ်ကို ပဲခူးနယ်နိမိတ်မှလွန်အောင်ကား စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည် မိပါသည်။
“ဒီလိုဆို ဒီဆန်အိတ်ကို ကျွန်တော်ဘယ်လို လုပ်ရပါ့မလဲ”
ထိုပုဂ္ဂိုလ်သည် အလေးအနက် စဉ်းစားနေ၏။
“ဒီလိုလုပ် ဆရာရယ်၊ ဒီနေ့တော့ ဒီဆန်အိတ်ကို သယ်ဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်က အဖွဲ့နဲ့လုပ်နေရတာ၊ နောက်ပြီးတိတိကျကျ ညွှန့်ကြားချက်တွေလည်း ရှိနေတာ၊ ဆန်ဆိုရင် ဖမ်းပြီး တရားစွဲရမှာ၊

ဒီတော့ ဒီဆန်နှစ်အိတ်ကို ပဲခူးမှာ မိတ်ဆွေရှိရင် အဲဒီအိမ်မှာ ထားခဲ့၊ မရှိရင်လည်း ကျွန် တော့်အိမ်မှာ ထားခဲ့၊ နည်းနည်းလေးချောင်တာနဲ့ ကျွန်တော် ဆရာ့အိမ်ကို လာပို့ပေးမယ်”
ထိုပုဂ္ဂိုလ်သည် တစ်ကယ်ပင် လေးလေးနက်နက်ပြောနေသည်ကို ကျွန်တော်သတိထားမိလိုက်သည်။ သူ၏ စေတနာကိုလည်း ကျွန်တော်နားလည်လိုက်၏။ ကျွန်တော်ကိုမဖမ်းပဲ ဆန်များပြန်ပေးသည်ကို ပင်

ကျွန်တော်ကျေးဇူးတင်ရမည် ဖြစ်၏။ ကျွန်တော်သည် ကျွန်တော့်ကိုလေးစားနေသည့် စာဖတ်ပ ရိတ်သတ်တစ်ဦးအား ဒုက္ခဆက်မပေးလိုသည်နှင့်...
“ကိစ္စမရှိပါဘူး၊ ခုလိုကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ညနေပိုင်းကျမှ ခင်ဗျားဆီလာခဲ့မယ်”ဟုဆို ကာ ဆန်အိတ်ကို မြို့ထဲသို့ ပြန်သယ်လာရသည်။ ထိုပုဂ္ဂိုလ်သည် ဆိုက်ကားတစ်စီးစီးငှား၍ ဆန်

အိတ်ကိုတင်ပေးလိုက်သည့်အပြင် ဆိုက်ကားခကိုပါ ပူဇော်လိုက်သေးသည်။ ကျွန်တော်မပေးပါနှင့် ဆိုသည်ကိုလည်း မရ။ သူကခုလို ပေးလိုက်ရသည်ကိုပင် ကျေးဇူးတင်နေဟန်ရှိ၏။
ဆိုက်ကားဆရာ၊ ကျွန်တော်နှင့် ဆန်နှစ်အိတ်သည် ပဲခူးမြို့ထဲသို့ ပြန်ဝင်လာသည်။ ကျွန်တော်က ကျွန်တော့်၏ ဖြစ်ရပ်ကို ဆိုက်ကားဆရာအား ပြောပြ၏။ သူကလွတ်ချင် လွတ်မယ်၊ ဖမ်းချင် ဖမ်းမယ်၊

လော်ကယ်ရထား တစ်စင်းတော့ ရှိသေးတယ်၊ အဲဒီရထားနှင့် လိုက်ပါလားဟု ဆို၏။ ကျွန်တော်က ရထားပေါ် ဆန်အိတ်ရောက်သည်အထိ ကူရန်နှင့် ပိုက်ဆံပိုပေးပါမည်ဟု ဆိုလေရာ သူက သဘောတူ ၏။
ဆိုက်ကားဆရာသည် အတွေ့အကြုံရှိသူ ဖြစ်သည်။ ဆရာ့ဆန်အိတ်က ဘယ်လောက်ပါသလဲဟု မေး၏။ ကျွန်တော်က နှစ်တင်း၊ ဖိတ်တာနဲ့ဆို နည်းနည်းပဲလျော့မည်ဟု ဆို၏။ ကျွန်တော်က ဘာပြုလို့ လဲဟု

မေးကြည့်ရာ ...
“ဒီလိုဆရာရဲ့၊ နှစ်အိတ်ခွဲထားတော့ တစ်တင်းမိလည်း တစ်တင်းကျန်သေးတာပေါ့” ဟုဆိုသည်။
ကျွန်တော်တို့ စာရေးသူများပင် ဒီအကြံမရပေ။ ဘ၀ကသင်ကြားပေးသော သဘောတရားပင်ဖြစ် သည်။ ကျွန်တော်က သဘောတူ၍ ကြိမ်ခြင်းတစ်လုံး ထပ်ဝယ်ကာ ၀ဇီရာရုပ်ရှင်ရုံဘေးတွင် ခွဲထည့် ကြ၏။ ပြီးမှ

ဘူတာရုံသို့ ချီတက်သွားကြသည်။
မီးရထားဝင်လာသည်မှာ တွဲပေါ်ရောက်သည်အထိ ဘူတာရုံရှိကုလား နှစ်ယောက်၏ အကူအညီကိုပါ ယူကာ ဆန်တစ်အိတ်နှင့် လက်ဆွဲခြင်းကိုပါ ရထားပေါ်သို့တင်ခဲ့ကြ၏။ မကြာမီရထား စတင်ထွက်ခွာ

လာတော့သည်။ ရထားပေါ်တွင်ကား ခရီးသည်များကလည်း ပြည့်နှက်နေလေ၏။ ဆန်အိတ်များလည်း ပါ၏။ အခြားမှောင်ခိုပစ္စည်းများလည်း ပါသည်။ ပဲခူးမှထွက်လာ၍ ဒါးပိန်ဘူတာသို့ရောက်သော် ကျွန်

တော်တို့ရထားကို ရှာဖွေရေးဝင်ပါတော့သည်။ ရထားကိုရပ်၍ ရှာဖွေကြပေရာ မှောင်ခိုပါလာသူများ၊ ဆန်ပါလာသူများ အားလုံးသည် ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။ ကျွန်တော်သည်လည်း ကျွန် တော့်အပူနှင့်

ကျွန်တော် ချွေးပြန်နေမိသည်။ ရှာဖွေရေးသမားများသည် ကျွန်တော့်ဆန်အိတ်ကို တွေ့ သွားကြသည်။ ခုံအောက်မှ ဆွဲထုတ်ကြ၏။ ဘယ်သူ့ဆန်အိတ်လည်းဟု အော်တော့မေးသေးသည်။ သို့သော်

ပိုင်ရှင်မပေါ်သည့်အဆုံး ရထားအောက်သို့ ဆွဲချလိုက်သည်။ ကျွန်တော်သည် ခေါင်းနပန်း ကြီးသွားသည်။ သို့သော် ဆန်တစ်တင်းကျန်နေသေး၍ တော်သေးသည်။ ဆိုက်ကားဆရာကို ကျေးဇူး တင်ရသေးသည်။

ကျွန်တော်သည် ကျွန်တော့်ပေါင်အောက်မှ ခြင်းကို မမြင်အောင် ဖုံးထားရ၏။ မမြင် အောင်ဖုံးထားမှ မြင်မိအောင် မြင်သွားတော့သည်။
“ဒီအထဲက ဘာတွေလဲ”
ကျွန်တော်သည် အဆင်သင့်စဉ်းစားမထား၍ ဘာဖြေရမှန်းမသိ။ သူက သူ့ဘာသာသူ ဖွင့်ကြည့်လိုက် သည်။
“ဆန်တွေပဲ ဘယ်သူ့ဟာလဲ”
“ဆရာရယ်...ကျွန်တော့်ဟာပါဗျာ”
“ဒီလိုဆို အောက်ချဗျာ”
“တောင်းပန်ပါတယ် ဆရာရယ်၊ စားဖို့တင်ပါ တစ်တင်းတောင် မရှိပါဘူး”
“မရဘူးဗျာ၊ တစ်ခုနှစ်ခု ခွင့်ပြုရင် အားလုံးခွင့်ပြုရမှာ ကျွန်တော်တို့လည်း တာဝန်အရလုပ်ရတာဗျာ”
ထိုပုဂ္ဂိုလ်ကလည်း ရေလည်အောင် ရှင်းပြနေသေး၏။ နောက်တစ်ယောက်က ခြင်းထောင်းကို ဆွဲချ သွား၏။ ကျွန်တော်ကခြင်းတောင်ကိုပြန်ဆွဲရင်း ထိုသူ့လက်ထဲ ငွေနှစ်ဆယ်ထည့်သည်။ ထိုသူကမယူ။

ခြင်းတောင်းကိုသာ ဆွဲသည်။ ကျွန်တော်စိတ်ကို လျှော့လိုက်ရသည်။
ရထားသည် တဖြည်းဖြည်း ထွက်၍လာ၏။ ကျွန်တော်သည် မတ်တပ်ရပ်ရင်းပါလာသော ငွေကို စစ်ကြည့်မိသည်။ ငွေနှစ်ဆယ်နှင့် အကြွေသာကျန်တော့၏။ ငွေတစ်ရာ့ရှစ်ဆယ်ကုန်ပါသော်လည်း ဆန်တစ်စေ့မှ

မပါတော့ပြီ။ ကျွန်တော်သည် မည်သူ့အားစိတ်ဆိုးရမည်မသိ။ အိမ်က မိန်းမကိုသာ စိတ်ဆိုးနေမိသည်။ အိမ်သို့ရောက်သော် မိန်းမက ဆန်ပါးသလားဟု လှမ်း၍မေး၏။
“အေး..မင်းကဆန်ပါလား လှမ်းမေးနေ၊ အဖမ်းမခံရတာဘဲ ကံကောင်းလို့”
“ဘာပြုလို့လဲ”
ကျွန်တော်က ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြသည်။ မိန်းမက ဘာမှမပြောတော့ပေ။ ဆန်မပါဘူးဟု ဆိုသော်လည်း ကျွန်တော်သည် ပဲခူးကားဂိတ်တွင် ဆန်အိတ်ကိုအမိုပေါ်တင်စဉ်က ဖိတ်ကျ၍လွယ် အိတ်ထဲသို့

ကျုံးထည့်ခဲ့သော ဆန်တော့ပါလာသေးသည်။ နိုင်ဆီဘူး ငါးလုံးခန့်ပါ၏။
“ကို့ ဆန်နို့ဆီဘူးငါးလုံးကို တစ်ရာ့ရှစ်ဆယ်တောင်ကျတာ၊ မစားပါနဲ့၊ ဘုန်းကြီးကျောင်းပဲ ဆွမ်းချက် လှူလိုက်ပါ” ဟု မိန်းမကပြောသည်။ တကယ်တော့လည်း စားရက်စရာမရှိ၊ ဆွမ်းချက်လှူဖို့သာ ကောင်းသည်။

သုံးလေးရက်စာကိုတော့ မိန်းမက အမေတို့အဖေတို့ လာပို့သွားသည်ဟု ဆို၏။
ကျွန်တော့်မိဘများမှာ က၀မြို့နယ်အတွင်းနေ၍ သူ့မိဘများက ကြည်းမြင်တိုင်၌နေသည်။ သူ့မိဘများ မှာလည်း ဒယ်ကြီးအိုးကြီးနှင့် တစ်နေ့တစ်ပြည်ကျော်ကျော် ချက်ရသည်။ မိသားစုကများ၍ ပြောကြ စမ်းဆိုလျှင်

ကျွန်တော်တို့ထက်ပင်ပို၍ အခက်အခဲတွေ့နိုင်ပေသည်။ သို့သော်မိဘဆိုသည်ကာ စုန်ရေ မဟုတ်ပါလား။
ကျွန်တော်သည် စဉ်းစားရင်းမောမောနှင့် တုံးလုံးလှဲနေစဉ် အိမ်အောက်ထပ်မှ ကလေးများ တံခါးကို လာ၍ ထုကြ၏။ ကလေးများက “ဦးချစ်စံ၊ ဦးချစ်စံ အောက်မှာ ဦးချစ်စံတို့ အမေရောက်နေတယ်“ဟု ဆို၏။ တိုက်သည်

လေးထပ်တိုက် ဖြစ်၏။ ကျွန်တော်တို့နေသည်မှာ အပေါ်ဆုံးထပ်တွင် ဖြစ်သည်မို့ အိမ်သို့ေ၇ာက်လာသူတို့အား ဗြူန်းခနဲ မမြင်ရပေ။ ကျွန်တော့်အမျိုးသမီးနှင့် ညီဖြစ်သူက အိမ်အောက် ထပ်သို့ အပြေးဆင်းသွားကြ၏။
ကျွန်တော့် စိတ်တွင်ကား ဆန်ရှားတုန်းအမေရောက်လာ၍ ဘယ်လိုများလုပ်ရပါ့မလဲဟု စဉ်းစားနေမိ ၏။ အမေ့ကို ကျွန်တော်မကျွေးလို၍မဟုတ်၊ ဆန်ရှာရခက်လွန်း၍ အမေ့ကို ကျွန်တော် ရှာမကျွေးနိုင်

မည်ဆိုးသောကြောင့် ဖြစ်သည်။ ကျွန်တော့်အစွမ်းအစနှင့် ဆန်သွားရှာသည်မှာလည်း နို့ဆီငါးလုံးခန့် သာရခဲ့၏။ သို့သော် အိမ်မှာ ယခုရှိသောဆန်နှင့် ပြည်သူ့ဆိုင်ကပေးမည့် အချိန်နှင့် ဆက်မိသွားမှာပဲ ဟုတွက်ကာ

အမေ့ကိုကြိုရန် ကျွန်တော်အောက်သို့ဆင်းလိုက်သွား၏။
အမှတ်မထင်တွေ့လိုက်ရတာက ဆန်နှစ်တင်းနှင့်အမေပါ။ ကျွန်တော်အမေ့ကိုကြည့်ရင်း ကျွန်တော့်မျက်ရည်များ ယိုစိမ့်ကျလာမိတယ်။ အော်မျှော်လင့်ချက်မထားပဲ လာတဲ့အမေ..စုန်ရေသာရှိပါရော့လား။

ချစ်စံဝင်း

No comments:

Post a Comment