Tuesday, 4 August 2009

“ အရွယ်လွန်သင်္ကြန်”

Photobucket
ကိုသက်ပန်တို့ သင်္ဘောသားများ၊ သင်္ဘေပေါ်တွင်နှစ်ပြည့်၍ အိမ်ပြန်ရခါနီးအချိန်သည် ပျော်စရာလည်းကောင်း၊ စိတ်ကူးယဉ်၍လည်း အလွန်ကောင်းသောအခါ သမယပေတည်း၊ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်၊ အလုပ်လုပ်ပြန်တော့လည်း အလုပ်ထဲမှာ အာရုံက တယ်မငြိချင်လှ။ အိမ်ပြန်ရဖို့ရက်ကို ပြက္ခဒိန်ကြည့်ရင်သာ တွက်နေချင်မိတော့သည်။
ပြန်ရမည့်ရက် အတိအကျ သင်္ဘောသို့ ကြေးနန်းဝင်ထားပြီးပြီဆိုလျှင် ပိုဆိုးသေးသည်။ လက်ဖက်ရည်ချိန် မိနစ်နှစ်ဆယ်ခန့်အနားရသော၊ အချိန်ကလေးအတွင်းမှာပင် ပြန်ရဖို့ ကိစ္စ၊ မြန်မာပြည်ပြန်ရောင်လျှင် လုပ်ချင်တဲ့ အစီစဉ်တွေ ဖြစ်ချင်တဲ့ ဆန္ဒတွေကို အလုအယက်ကို ပြောဆိုကြတော့သည်။ ဘယ်ဟိုတယ်တတ်ပြီး၊ ဘယ်နိုက်ကလပ်မှာ ဘယ်လိုကဲ့ပစ်မည် ဟုမောင်းတင်ထား သူလည်းရှိရဲ့၊ ပဉ္စင်းဒါယကာခံပြီး မြန်မာပြည်အနှံ့ ဘုရားလှည့်ဖူးဖို့ပြောသူလည်းမရှား၊ (လိပ်ဥတူးဖို့ကိစ္စလည်းပါကောင်းပါနိုင်သည်။) အိမ်မှာရှိတဲ့ကားလေးကို ပြန်ထုတ်ပြီး မော်ဒယ်ပိုမြင့်တာလေးဝယ်ဖို့ ခရေဇီဖြစ်နေသူကလည်းပါ။ အိမ်ကဟာကြီးမသိအောင် အရင်အခေါက်က ဇာတ်လမ်းစထားခဲ့တဲ့ အနိတ်ကလေး၊လိပ်စားများ ပြောင်းသွားပြီလားဟု တွေးပူနေသူ တွေလည်းတစ်မျိုး အစုံစုံမှ အစုံစုံရယ်ပါ။
သင်္ကြန်ပွဲတော်မတိုင်ခင် ပြန်ရဖို့ သေချာသူများဆိုလျှင် ပိုတောင်စိတ်ကူယဉ်၍ ကောင်းသေး၊ ကိုယ်ပြန်ရောင်ပြီးသည်နှင့် ရေသဘက်ပွဲတော်နှင့် တိုးတော့မည်ဆိုတော့ ဘယ်မပျော်ရှိပါ့ မလဲဗျာ။ ကိုသက်ပန်တို့ မြန်မာသင်္ဘောသားအများစုမှာ မြန်မာသင်္ကြန်ကို လွဲကြရသူများပါသည်။ ကိုသက်ပန်ဆိုလျှင် သင်္ကြန်နှင့်လွဲတာ၊ ငါးကြိမ်ရှိခဲ့ပြီ။
သင်္ကြန်မတိုင်ခင် ပြန်ခွင့်ရသူများမှာ ရန်ကုန်ပြန်ရောက်လျှင် သင်္ကြန်မှာစုပြီး ပျော်ကြဖို့ အချိန်းအချက်တွေလုပ်၊ စည်းဝါးတွေရိုက်နှင့် တွက်ရေးမှာ စက်သူဌေးတွေပေပ။ ထိုသို့ သင်္ကြန်နားနီး၍ ပြန်ရခါနီး တိုင်ပင်ကြတာတွေမြင်ရ၊ ကြားရလျှင် ကိုသက်ပန် မျက်လုံးထဲတွင် အဘဦးလွန်းမောင်ကိုသာ ပြေးမြင်မိသည်။ ၀ါရင့်ဆီလောင်း ကြီးတစ်ဦးပါ။ အခုတော့မရှိရှာတော့၊ ဆုံးပါးသွားသည်မှာ သုံးနှစ်ခန့်ရှိရော့မည်။ လွန်လေပြီးသောရှစ်နှစ်ခန့်က သင်္ဘောတစ်စီးပေါ်တွင် ကိုသက်ပန်နှင့် အဘဦးလွန်းမောင် ရေစက်ဆုံခဲ့ဖူးပါသည်။ ထိုစဉ်က ကိုသက်ပန်က J/E ဘာဝ၊အဘက အသက်ခြောက်ဆယ်နီးပါးအရွယ်ပါ။ အလွန်ခင်မင်ခဲ့ပါ၏။
အဆိုပါသင်္ဘေပေါ်တွင် ကိုသက်ပန်နှစ်ပြည့်၍ ပြန်ရခါနီးတော့၊ အဘဦးလွန်းမောင်လည်း ပြန်ရမည့်အဖွဲ့တွင် ပါဝင်ခဲ့သည်။ သင်္ဘောသို့ ကြေးနန်းဝင်ထားတာ အားလုံးရှစ်ယောက်ပြန်ရမည်။ ဧပြီလ ပထမပတ်တွင် ဂျန်ပန်နိုင်ငံ၊ ယိုကိုဟားမားမြို့မှ ပြန်ကြရမည်ဆိုတာ သိလိုက်ရတော့ ကိုသက်ပန်တို့ ပျော်လိုက်သည့်ဖြစ်ခြင်း၊ မဟာသင်္ကြန်မှာ တာတေလန်အောင် ကဲ့ကြဖို့တိုင်ပင်ကြတော့သည်။ ကိုသန်းညွှန့်ဆီမှာ ပါပလေကာ ကားလေးတစ်စီးရှိသည်။ သူ့ကားနှင့် သင်္ကြန်ရက်တွင် ရေပက်ခံကြဖို့ သဘောတူဖြစ်ကြသည်။
နေ့စဉ်လိုလို သင်္ကြန်မှာ ပျော်ကြဖို့ အကြောင်းကို မစားရ၊ ၀ခမန်းပြောနေကြတော့ အိမ်ပြန်ရောင်လျှင် ပဉ္ဇင်းပဲတက် မလိုလို၊ တရားစခန်းပဲ ၀သ်မလိုလို ပြောနေသော အဘဦးလွန်းမောင် တစ်ယောက်၊ ကိုသက်ပန်တို့ လူငယ်တစ်တိုက်ကိုကြည့်ပြီး ငယ်မူငယ်သွေးကြွလာပုံရသည်။ တစ်ရက် ဒီလို စကားစလာသည်။
“ ဟ...... ကောင်လေးတွေရ...... ငါကော သင်္ကြန်တစ်ရက်လောက် မင်းတို့နဲ့ လိုက်လည်လို့ရမလားကွ....... ”
“ ဟ...အဘကလည်း ဘလို့ မဖြစ်ရမှာလဲ.... လိုက်ပါဗျ....”
ကိုသက်ပန် ၀ဲလ်ကမ်းလုပ်ရသည်။
“ ငါ့အသက်အရွယ်ကြီးနဲ့ ဖြစ်ပါ့မလားကွာ..... အိမ်က အဘွာကြီးနဲ့ နောင်ဂျိန်ချနေရဦးမလားမသိဘူး...”
အဘက နောက်ကြောင်းအေးဟန်မတူ။ “ အဘကလည်းဗျာ........ အသက်ကြီးပေမဲ့ မပျက်စီးသေးပါဘူး တစ်ရက်လောက်တော့ လိုက်လည်စမ်းပါ... ”
အားလုံး ၀ိုင်းမြှောက်ပေးလိုက်ကြသဖြင့် ဘူးဒါးကြီးလည်း သင်္ကြန်တွင်း ကဲမည့်အဖွဲ့ဝင် ဖြစ်လာတော့သည်။ ကိုသက်ပန်တို့ ရန်ကုန်ပြန်ရောက်ကြပြီး နောက်တစ်ရက်၊ ကုမ္ပဏီတွင် သတင်းပို့ကြရင်း ဆုံမိကြတော့၊ သင်္ကြန်အတွင်း လည်မည့်အစီအစဉ် အတိအကျကို တိုင်ပင်ဖြစ်ကြသည်။ ကိုသန်းညွှန့်က သာကေသမှာနေသည်။ ကိုသက်ပန်က (ထိုစဉ်) ဒေါပုံတွင်နေတော့ အစီစဉ်အရ သင်္ကြန်အကျနေ့မှာ ကိုသန်းညွှန့်က ကိုသက်ပန်ကိုဝင်ခေါ်ပြီးလျှင် အဘဦးလွန်းမောင် နေထိုင်ရာ ကျောက်မြောင်းသို့သွားမည်။ အဘကိုခေါ်ပြီး ကျန်သူများကို တင်ကြိုသတ်မှတ်ထားသော စုရပ်တစ်ခုမှာဝင်ခေါ်ပြီး အားလုံးခရီးစဉ် စကြမည်ဟု..။
သင်္ကြန်အကျနေ့ မနက်မှာ ကိုသန်းညွန့် ရောက်လာသည်နှင့် ကိုသက်ပန် ကားပေါ်တက် လိုက်လာခဲ့သည်။ အဘနေထိုင်ရာ ကျောက်မြောင်း(...) လမ်းထိပ်သို့မနက်ရှစ်နာရီခန့် ရောက်သွားကြသည်။ စောနေသေးတာကလည်း တစ်ကြောင်း။ အဘကလည်း သူ့တိုက်ခန်းအထိ လာကြိုစရာမလို၊ သူလမ်းထိပ်ကထွက်စောင့်မည်ဟု မှာထားသည်က တစ်ကြောင်းတို့ကြောင့် လမ်းထိပ်လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်ဖြစ်ကြသည်။ ကိုသက်ပန် လက်ဖက်ရည်သောက်နေစဉ် ကိုသန်းညွန့်က အသာလက်ကုတ်ပြီး ပြသဖြင့် သူလက်ညှိုးညွတ်ရာကြည့်မိတော့...
“ဟိုက်...ရှာလပတ်ရေ...အဘိုးကြီး တယ်မိုက်နေပါလား...”
ကျွန်တော်တို့ လူငယ်တွေတောင် လိုက်မမီ၊ ကြည့်ပါဦး သူ့ဒီဇိုင်းကို...
အပေါ်ပိုင်းက ပါတိတ်အင်္ကျီအဆင် ဆန်းဆန်းလက်တို၊ ခေါင်းပေါ်မှာက အုံးရွက်များနှင့် လုပ်ထားသော သင်္ကြန်ဦးထုပ်၊ ရေဘင်မျက်မှန်က တပ်ထားလိုက်သေး၊ ဘောင်းဘီတိုပွပွ ဝေါ့ကင်းရှူးနှင့် စမတ်ကိုဂွမ်နပါ၏။ သူ့ကိုကြည့်ရင်း ကိုသက်ပန်တို့ နှစ်ဦးသား ရယ်ချင်သွားသည်။ ကိုသက်ပန်တို့ လက်ဖက်ရည်ဆိုင်ထဲ ရောက်နေတာ အဘိုးကြီး မသိသေး၊ ကားလမ်းတစ်လျှောက် ဟိုဟိုဒီဒီ ကြည့်နေသည်။
အလွန်ရွှတ်၊ နောက်တတ်သော ကိုသန်းညွှန့်က ပြေးလာသည်။
“ငါ ဒီအဘိုးကြီးကို ဘယ်လိုကလိရရင်ကောင်းမလဲ မသိဘူးကွ...”
သူစဉ်းစားနေသည်။
ထိုစဉ်မှာပင် ဦးပန်ချာကာ(နိဗဗာန်ယာဉ်) တစ်စီး လက်ဖက်ရည်ဆိုင်နှင့် မလှမ်းမကမ်းတွင် ရပ်လာပြီး၊ ကားမောင်းသူ ဆင်းလာသည်။ ထို့နောက် လက်ဖက်ရည်ဆိုင်ထဲ ၀င်လာပြီး လက်ဖက်ရည်တစ်ခွက်ကို အေးအေးလူလူ မှာသောက်နေသည်။
လူလတ်ပိုင်းတဦးပါ။
ကိုသန်းညွန့် လက်ဖျောက်တစ်ချက်တီးလိုက်ရင်း...
“အကြံရပြီကွ...အဘိုးကြီးကို နောက်ဖို့...”
ပြောပြောဆိုဆို နိဗ်ဗာန်ယယဉ်မောင်း ထိုင်နေသော စားပွဲသို့ထသွားသည်။ ထိုသူကို ခပ်တည်တည်ကြည့်ရင်း စစကားစလိုက်သည်။
“ဘယ်လိုလဲ သူငယ်ချင်း...ဒီနေ့အော်ဒါရပြီလား...”
ထိုသူမှာ အူကြောင်ကြောင်နှင့် ကိုသန်းညွန့်ကို ပြန်ကြည့်ရင်း၊
“အင်း...အဲ မရ...မရသေးပါဘူးဗျ...ဘာဖြစ်လို့လဲ...”
“သူငယ်ချင်းကို အလုပ်တစ်ခုအပ်ချင်လို့ကွ...”
“ခင်ဗျားတို့ အသူဘက ဘယ်မှာလဲ အိမ်မှာလား...ဆေးရုံမှာလား...”
ထိုသူက ပြန်မေးလိုက်သဖြင့် ကိုသန်းညွှန့် မျက်နှာမှာ နေလောင်ခံထားရသော ဂေါ်ရခါးသီးဖင်နှယ် ရူံ့တွသွားပါ၏။
“ဟာ...ထပ်သရီး...မောင်ရင်လုပ်နေကျ လုပ်ငန်းကြီးကို မေ့ထားလိုက်စမ်းပါ...အခု ကိုယ်ပေးမယ့်အလုပ်က မိနစ်ပိုင်းနဲ့ ငွေတစ်ရာရမှာ(ထိုစဉ်က ငွေတစ်ရာမှာ အတော်သုံးရပါသည်) ဘာမှခဲခဲယဉ်းယဉ်း လုပ်စရာမလိုဘူး...”
“ကျွန်တော်က ဘာလုပ်ပေးရမျာလဲဗျ...”
ထိုသူက ပြန်မေးသည်။
“သူငယ်ချင်း ဟိုလမ်းထိပ်မှာရပ်နေတဲ့ ဘောင်းဘီတိုနဲ့ ဟော့ရှော့ အဘိုးကြီးကို တွေ့သလား...”
ကိုသန်းညွန့်က အဘဦးလွန်းမောင်ကို လက်ညှိုးထိုးပြလိုက်သည်။
“အင်း...တွေ့သားပဲ ဘာဖြစ်လို့လဲ...”
ကိုသန်းညွှန့်က ရှင်းပြရသည်။ လက်ဖက်ရည်ဆိုင်ထဲမှ စိတ်ဝင်စားသူတွေလည်း အကဲခတ် နားထောင်နေကြသည်။
“ဒီလိုကွ...ကိုယ်တို့က ဒီအဘိုးကြီးကို ရေပက်ခံထွက်ဖို့လာခေါ်တာ...အခုသူ့ပုံစံကိုကြည့်ပြီး နောက်ချင်လာလို့ သူငယ်ချင်းလုပ်ပေးရမှာက...သူငယ်ချင်းရဲ့ ကားကြိးကို မောင်းသွားပြီး သူ့ရှေ့မှာရပ်လိုက်...ပြီးရင်...ဦးလွန်းမောင်ဆိုတာ အဘလားလို့မေး...သူကဟုတ်တယ်လို့ ပြန်ဖြေမှာပဲ...အဲဒါဆိုရင် အဘသူငယ်ချင်းတွေက သင်္ကြန်မှာလည်ဖို့ ကျွန်တော့ကို လာ ကြိုခိုင်းလိုက်တယ်လို့ပြော...လုပ်ပေးရမှာက အဲ့ဒါပဲ...ဒီမှာ ငွေတစ်ရာ...ဘယ်လိုလဲ”
ထိုသူမှာ ကိုသန်းညွန့်လက်ထဲမှာ ငွေတစ်ရာကို ကြည့်လိုက်၊ အဘိုးကြိးရပ်နေရာကို ကြည့် လိုက်၊ ခေါငလာ်းကုတ်လိုက်နှင့် ဇဝေဇ၀ါဖြစ်နေဟန်ရှိသည်။
“ဖြစ်ပါ့မလားဗျာ...ခင်ဗျားတို့ အဘိုးကြီး ကျွန်တော့်ကို သမနေဦးမယ်...”
“အခြေအနေ မကောင်းတော့လည်း ကားမောင်းပြေးပေါ့ကိုယ့်လူရယ်...ဘာများခက်လို့လဲ”
နေရင်းထိုင်ရင်း ငွေတစ်ရာရမည်ဆိုတော့ အသားချောလည်း ဆုံးဖြတ်လိုက်ဟန်တူသည်။ ကိုသန်းညွန့်လက်ထဲမှ ပိုက်ဆံကို လှမ်းယူလိုက်ရင်း...
“လုပ်ပေးမယ်ဗျာ...မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပဲ...ခင်ဗျားတို့ အတော်ကြံကြံဖန်ဖန် နောက် တဲ့လူတွေပဲ...”
နိဗ်ဗာန်ယာဉ်မောင်းလည် ဆိုင်ထဲမှထွက်၍ သူ့ကားရှိရာသို့ လျှောက်သွားသည်။ ကိုသက် ပန်တို့ နှစ်ဦးနှင့်အတူ ဆိုင်အတွင်းမှ ပရိတ်သတ်များရှေ့ ဖြစ်လာမည့် မြင်ကွင်းကို စိတ်ဝင် တစား ငံ့လင့်လို့နေကြတော့သည်။ နိဗ်ဗာန်ယာဉ်ကြီး စက်နှိုးပြီး အသာဘီးလှိမ့်ထွက်လာပြီး။ ဦးလွန်းမောင်မှာ တစ်ဘက်သို့ ငေးနေသဖြင့် ထိုကားကြီးကို သတိမှုမိသေး၊ ကားက သူ့ေ၇ှ့
တည့်တည့်တွင် ဟွန်းတီးပြီးထိုးရပ်လိုက်သည်။ အဘိုးကြီးကားကို ပြူးတူးပြဲတဲကြည့်ရင်း အလန့်တကြားနှင့် နောက်သို့ သုံးလေးလှမ်းဆုတ်သွားသည်။ သူဆုတ်သွားတော့ ကားက ဘီးလှိမ့်ပြီး ရှေ့တိုးလာသည်။
“ဟေ့ကောင်...မင်းကားက ဘာ...ဘာလုပ်တာလဲ...”
အဘိုးကြီး ဒေါသသံဖြင့် မေးတော့၏။ ယာဉ်မောင်းက ကားထဲမှ ခေါင်းထွက်လာပြီး ကိုသန်း ညွန့် သင်ပေးလိုက်သလို မေးပါတော့သည်။
“ဦးလွန်းမောင်ဆိုတာ အဘလား...”
“ဟုတ်တယ်...ဘာဖြစ်လို့လဲ...”
အဘိုးကြီးအသံက မာလှသည်။
မာတော့မပေါ့ ဘယ်နှယ့်ဗျာ မနက်စောစောစီးစီး မင်္ဂလာယူနေတုန်း ဒီနိမိန်မရှိ နမာမရှိ ကားကြီးက ရှေ့မှာလာရပ်တယ်ဆိုတော့...။
“အဘ...သူငယ်ချင်းတွေကဒီနေ့လျှောက်လည်ဖို့ဆိုပြီး...ကျွန်တော့်ကိုကြိုခိုင်းလိုက်လို့ပါ...လာတက်လေ...အဘ...”
ယာဉ်မောင်းက စပ်ဖြီးဖြီးနှင့် ပြောလိုက်သောစကားသံအဆုံးဝယ်...အဘိုးကြီး၏ မျက်နှာ နီရဲ သွားပြီး...
“ဟင်...မင်း...မင်း...လူကြီးကို နောက်စရာလားကွ..ငါ...သာ...”
အဘိုးကြိး တစ်တစ်ခွခွဆဲရင်း လမ်းဘေးက အုတ်ခဲဝိုင်းကျိုးတစ်လုံးကိုပြေးကောက်လေ တော့သည်။ ရထားသော ငွေတစ်ရာမက ဆေးဖိုးလိုက်ရတော့မည့်အဖြစ်ကို ကြိုသိထား သောကားဆရာလည်း တစ်ကြိုးတည်း သူ့ကားကိုမောင်းပြေးပါလေတော့၏။ လက်ဖက် ရည်ဆိုင်ထဲမှ ကြည့်နေကြသော ကိုသက်ပန်တို့မှာ အူတက်မတ်ရယ်နေကြတော့သည်။ အကျယ်ကြီးတော့လည်း မရယ်ရဲ၊ အဘိုးကြီး ကြားသွားမှာဟိုးလို့ပါ။ ပြီးတော့အဘဦးလွန်း
မောင်ကို ကိုသက်ပန်တို့နှစ်ဦးစလုံး သွားမချော့ရဲ မခေါ်ရဲတော့ပါ။ သူ့လက်ထဲမှ အုတ်နီ ခဲသည် ကိုသက်ပန်တို့နှစ်ဦးစလုံးနှင့် မိတ်ဆက်ဖို့က ရာနှုန်းပြည့် သေချာနေသည်မဟုတ်
ပါလား။
ခဏအကြာတွင် ဦးလွန်းမောင်တစ်ယောက် ပါးစပ်က ပွစိပွစိဆဲဆိုရေရွတ်ရင်း လမ်းအတွင်း သို့ ၀င်သွားပါသည်။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ထိုနှစ်သင်္ကြန်က အဘဦးလွန်းမောင်မပါဘဲ ကိုသက်ပန်တို့ချည်းသာ ရေပက်ခံထွက်ခဲ့ပါကြောင်း...။
(ရောက်ရာဘ၀ကသာ ခွင့်လွှတ်ပါတော့အဘရေ)

No comments:

Post a Comment