Wednesday, 11 August 2010

အနေကဇာမတင်ဘဲ ကိုးကွယ်လို့ ရသားနဲ့ အနေကဇာတင်တဲ့အတွက် အကျိုးထူးပါသလား?

အနေကဇာတင် အခမ်းအနား ကျင်းပတဲ့ အတွက် အကျိုးအများကြီး ပိုထူးပါတယ်။ ထူးလို့ ရှေး မြန်မာကြီးတွေက ပိဋက အစဉ်အလာမဟုတ်ပေမယ့် ဒီအနေကဇာတင် အခမ်းအနားကို စီစဉ်ပြုလုပ်လိုက်နာခဲ့ခြင်း ဖြစ်ပါတယ်။


(၁) အနေကဇာတိသံသာရံစတဲ့ ဘုရားရှင်ရဲ့ ဥဒါန်း စကားကို ဘုရားရှင်ကိုယ်စား ရဟန်းတော်တွေက ရွတ်ပေးရတာဖြစ်လို့ ရဟန်းတော်တွေကို ဆွမ်းသင်္ကန်းစတဲ့ ပစ္စည်းတွေ လှူဒါန်းရတဲ့ ဒါနကုသိုလ်၊ လူပုဂ္ဂိုလ်တွေကို ပင့်ဖိတ် ကျွေးမွေးရတဲ့ ဒါနကုသိုလ်၊ ကျင့်သုံးဆောက်တည်ရတဲ့ သီလကုသိုလ်တွေ ပိုရပါတယ်။


(၂) အနေကဇာတိသံသာရံစတဲ့ ဘုရားရှင်ရဲ့ နှုတ်တော်ထွက် ဒေသနာတွေကို ကြားနာရတဲ့ ဓမ္မသ၀န ကုသိုလ်တွေ ပိုရတယ်။ ဟောကြားရတဲ့ ရဟန်းတွေလဲ ဓမ္မဒေသနာ ကုသိုလ်တွေ ပြုခွင့်ရပါတယ်။


(၃) အလှူရှင်အနေနဲ့ မိမိပြုလုပ်တဲ့ ဘုရားပူဇော်မှုကုသိုလ်၊ ဒါန သီလကုသိုလ်၊ အမျှအတမ်းပေးဝေခြင်း ပတ္တိဒါနကုသိုလ်ကို ရပါတယ်။



(၄) တရားဒေသနာတွေကြားနာရလို့ ဗုဒ္ဓဘာသာဆိုင်ရာ အသိအမြင် မှန်ကန်မှု ဒိဌိဇုကမ္မဖြစ်ရတယ်။


(၅)အနေကဇာတင်ပွဲ လာရောက်ကြတဲ့ ပရိသတ်တွေအတွက် အလှူကိစ္စ ၀ိုင်းဝန်းဆောင်ရွက်ရတဲ့ ဝေယျာဝစ္စကုသိုလ်၊ သာဓုအနုမောဒနာ ခေါ်ဆိုရတဲ့ ပတ္တာနူမောန ကုသိုလ်တွေ ပိုရပါတယ်။


အဲဒီလို အကျိုးထူးတွေကို ပိုရစေနိုင်တဲ့အတွက် အနေကဇာတင်အခမ်းအနားကို ကျင်းပတဲ့ အစဉ်အလာကို ရှေးမြန်မာတွေက ယဉ်ကျေးမှုတစ်ခုအနေနှင့် လိုက်နာ ကျင့်သုံးလာကြခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment