Tuesday, 10 August 2010

ဒက္ခိဏသာခါ ဘုရားပုံတော်ဟာ ဘာဖြစ်လို့ အခြား ရုပ်ပွားတော်တွေနဲ့ မတူတာလဲ?

ဒက္ခိဏသာခါဆိုတဲ့ ပါဠိစကား နှစ်လုံးက တောင်ဘက်အကိုင်းလို့ အဓိပ္ပာယ်ရတယ်။ (၃)ရာစုဘီစီမှာ အသောကမင်းတရားကြီးက သားတော်မဟိန္ဒနဲ့ သမီးတော် အသင်္ဃမိတ္တာတို့ကို သီဟိုဠ်ကျွန်းသို့ သာသနာပြု စေလွှတ်တော်မှုတဲ့အခါမှာ ပရိဘောဂစေတီအဖြစ် ပူဇော်ဖို့ မဟာဗောဓိပင်ရဲ့ တောင်ဘက်အကိုင်းတစ်ကိုင်းကို ဖြတ်ယူ ပင့်ဆောင်ပြီး သီဟိုဠ်မှာ စိုက်ပျိုးကိုးကွယ်ကြတယ်။ ဒီ ဒက္ခိဏသာခါဗောဓိပင်နဲ့ ဒက္ခိဏသာခါဘုရားပုံတော်ဟာ ဘယ်လို ဆက်စပ်တယ်ဆိုတာနဲ့ ဘာဖြစ်လို့ အခုလို ပုံတော်တစ်မျိုးဖြစ်နေတယ်ဆိုတာကိုတော့ စာပေအထောက်အထား မတွေ့ရသေးဘူး။ ဒီ ဒက္ခစသာခါပုံတော် ဘုရားဟာ သီဟိုဠ်ကျွန်းကတစ်ဆင့် မြန်မာပြည်ကို ရောက်လာတယ်လို့တော့ ဆရာစဉ်ဆက် ပြောစမှတ်ပြုကြပါတယ်။


ဒက္ခိဏသာခါလို့ခေါ်တဲ့ တောင်ကိုင်းကို ဖြတ်စိုက်တဲ့ ဗောဓိပင်ဟာ သီဟိုဠ်မှာရှိတော့ ဒက္ခိဏသာခါ ဘုရားဟာလဲ သီဟိုဠ်ကပဲ လာဖို့ ရှိပါတယ်။ ဒါပေမယ့် သီဟိုဠ်မှာ နေဖူးတဲ့ ဆရာတော်တွေကို လျှောက်ထားကြည့်ကြတော့ သီဟိုဠ်ဒက္ခိဏသာခါ ဘုရားးဟာ အခုမြန်မာပြည်မှာ တေရရတဲ့ ပုံတော်မျိုး မဟုတ်ဘဲ အခြား ရုပ်ပွားဆင်းတုတော်တွေကို ဖော်ပြတဲ့ စာအုပ်တွေမှာလဲ ဒက္ခိဏသာခါပုံ တစ်ပုံမှ မပါရှိပါဘူး။


ဒါကြောင့် သီဟိုဠ်ကရောက်တဲ့ ဒက္ခိဏသာခါဟာလဲ ရိုးရိုးဆင်းတုပုံဖြစ်မယ်လို့ပဲ ခန့်မှန်းရပါတယ်။ ဒီနေ့ မြန်မာပြည်မှာတွေ့ရတဲ့ ဒက္ခိဏသာခါပုံမျိုးကတော့ မြန်မာပြည်မှာပဲရှိတဲ့ ပုံတော် အထူးအဆန်း ဖြစ်ပုံရပါတယ်။ ဘာကြောင့် ဒီပုံမျိုး ဖြစ်တယ်ဆိုတာတော့ ခိုင်ခိုင်မာမာ မတွေ့ရသေးပါဘူး။

No comments:

Post a Comment