Wednesday, 22 September 2010

သဗ္ဗေသတ္တာစတဲ့ မေတ္တာပို့ ဗြဟ္မ၀ိဟာရ ပွားများနည်းကို အနက်အဓိပ္ပာယ်မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ ရောက်ပါ့မလား?

အနက်အဓိပ္ပာယ်မသိဘဲ ပါဠိလို လျှောက်ရွှတ်နေလို့ မေတ္တာပို့ရာ မရောက်ပါဘူး။ ပရိတ်ရွတ်လို့ အန္တရာယ်ကင်းပေမယ့် မေတ္တာကိုရွတ်လို့ မရပါဘူး၊ မသိဘဲရွတ်နေလို့ မေတ္တာပို့ရာ မရောက်ပါဘူး။ ပရိတ်တော်ကတော့ မသိဘဲရွတ်ပေမယ့် ဘုရားဂုဏ်တော်တွေကို ရွတ်ဖတ်နေတာဖြစ်လို့ အဲဒီပရိတ်ကို ကြားနာလိုတဲ့ နတ်ဗြဟ္မာတွေက ကြားနာနိုင်တဲ့အတွက် မိမိကမသိပေမယ့် ဓမ္မဒေသနာကုသိုလ်တော့ ရနိုင်ပါတယ်။ အဲဒီကုသိုလ်ကြောင့် အန္တရာယ်ကင်းနိုင်ပါတယ်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မ၀ိဟာရတရားတွေက စိတ်တည်ငြိမ်အောင် သမာဓိရအောင် ပွားသွားရတဲ့ ဘာဝနာကမ္မဌာန်းတွေ ဖြစ်ပါတယ်။ ချစ်မြတ်နိုးတဲ့ သတ္တ၀ါတွေအကျိုးကို တကယ်မလိုလားဘဲ၊ ဒုက္ခိတသတ္တ၀ါကို တကယ်မသနားဘဲ၊ သုခိတသတ္တ၀ါကို တကယ်ဝမ်းမမြောက်ဘဲ သတ္တ၀ါတွေဟာ ကမ္မသကာ ကံတရား စီမံရာပဲလို့ တကယ်စိတ်က မရောက်ဘဲ သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာတွေကို အရကျက်ပြီး လျှောက်ရွတ်နေလို့တော့ မေတ္တာပို့ရာ မရောက်ပါဘူး။

ဒါကြောင့် ပါဠိကို ခက်လို့ အနက်မထင်တဲ့ ပါဠိမတတ်တဲ့ လူတွေဟာ ရှေးငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာပွားနည်းမှာ ပြထားတဲ့အတိုင်း မြန်မာလိုမေတ္တာပို့ကြ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေ ပွားကြရင် အကောင်းဆုံးပါပဲရှင်။

No comments:

Post a Comment