အလှူရှင်က အမျှမဝေဘဲ သာဓုအနူမောဒနာ ခေါ်ရင်လဲ ကုသိုလ်တော့ရပါတယ်။ အထက်မှာပြခဲ့တာက ပြိတ္တာတွေ လက်ငင်း အကျိုးခံစားခွင့် မရှိတာကို ပြခြင်းဖြစ်ပါတယ်။ ကောသလမင်းကြီးမှာ အသဒိသအလှူ ဘယ်သူမှ ဘယ်တုန်းကမှ မလှူဘူးတဲ့ ဘုရားတစ်ဆူအတွင်း တစ်ကြိမ်သာ လှူနိုင်တဲ့ တစ်နေ့တည်း တစ်ဆယ့်လေးကုဋေကုန်အလှူကြီးကို ပေးလှူပါတယ်။ အဲဒီအလှူမှာ ကာဠအမတ်ကတော့ တစ်နေ့တည်း တစ်ဆယ့်လေးကုဋေလှူပစ်တာ ငွေဖြုန်းတီးပစ်တာပဲ။ ဘာအကျိုးမှ ရှိမှာလဲမဟုတ် ပါဘူး။ ဒီရဟန်းတွေကလဲ စားပြီး အိပ်ကြမှာပဲလို့ စိတ်ထဲမှာ မနာလို ၀န်တို ဖြစ်တယ်။ ဇုဏှအမတ်ကတော့ ဒီအလှူမျိုး ဘုရင်မို့သာ လှူနိုင်ပေတာပဲ။ ဒီအလှူရဲ့ အဖို့ကို သတ္တ၀ါတွေ အမျှတော့ ပေးဝေမှာပါပဲ၊ ငါလဲ ဒီကောင်းမှုကို ၀မ်းမြောက် ၀မ်းသာ သာဓုအနူမောဒနာ ခေါ်ပါတယ်လို့ ချီးကျူးတယ်။
ဒီအမတ်နှစ်ယောက်ရဲ့အကြံကို ဘုရားရှင်ကသိတော့ ဒီအလှူရဲ့ အကျိုးတရားတွေကို ဟောရင် ကာဠအမတ်ဟာ ဦးခေါင်း ခုနှစ်စိပ်ကွဲမယ်။ ဇုဏှအမတ်ကတော့ သောတာပန် တည်မယ်ဆိုတာကိုမြင်တော့ ကာဠကို သနားသောအားဖြင့် ဒီအလှူတော်ကြီးရဲ့ အကျိုးတရားတွေမဟောဘဲ ဘုရားရှင်က ကြွသွားတယ် ကောသလမင်းကြီးက တရားမချီးမြှင့်ဘဲ ကြွသွားလို့ စိတ်မကောင်းဘူး။ ဘုရားကျောင်းတော်ကို လိုက်ပြီး ဘာကြောင့် အနူမောဒနာ တရားမဟောပါသလဲလို့ လျှောက်ထားပါတယ်။ ဘုရားရှင်က အမတ်နှစ်ယောက်ရဲ့ အကြံဖြစ်ပုံ၊ ကာဠ ဒုက္ခရောက်မှာမြင်လို့ မဟောပုံကို မိန့်ကြားပါတယ်။
ဘုရင်ကြီးက ကာဠအမတ်ကို ခေါ်ပြီး “မင်း ပိုက်ဆံမပါဘဲ ငါ့ပစ္စည်းငါလှူတာ မင်းဘာဖြစ်လို့ မနာလို ၀န်တိုရသလဲ” ဆိုပြီး တိုင်းပြည်က နှင်ထုတ်လိုက်တယ်။ အလှူကို ၀မ်းမြောက် ၀မ်းသာရှိတဲ့ ဇုဏှအမတ်ကိုတော့ ဘုရင့်ဘဏ္ဍာတော်တွေနဲ့ ၇-ရက်တိတိ အလှူပြုခွင့်ပေးတယ်။ ဒီတော့မှ ဘုရားရှင်က မင်းကြီး လူမိုက်တွေကတော့ သူတစ်ပါး အလှူပေးတာကို မနာလိုဝန်တိုဖြစ်ကာ အပါယ်ဒုဂ္ဂတိ ရောက်ရတယ်။ ပညာရှိ လူလိမ္မာတွေကတော့ သူများပြုတဲ့ အလှူကို ၀မ်းမြောက်ဝမ်းသာ သာဓုအနူမောဒနာခေါ်ပြီး လူနတ်ချမ်းသာကို ခံစားရတယ်လို့ တရားဟောပါတယ်။ ဇုဏှအမတ်ဟာလဲ သောတာပန် တည်သွားပါတယ်။ ဒါကြောင့် သူများလှူတာကို မနာလိုဝန်တိုတဲ့ ကာဠအမတ်လို မမိုက်ကြဘဲ သူများအလှူကို ၀မ်းသာအားရ သာဓုခေါ်ပြီး ကုသိုလ်ဝေစုရအောင် ယူနိုင်တဲ့ ဇုဏှအမတ်လို လူလိမ္မာပညာရှိတွေ ဖြစ်နိုင်ကြပါစေလို့။
No comments:
Post a Comment