ပြိတ္တာတွေဟာ ကုသိုလ်ကောင်းမူ ပြုတဲ့လူက သာဓုအနူမောဒနာခေါ်မှ ပတ္တာနူမောဒနာ ကုသိုလ်ရပါတယ်။ အမျှမဝေဘဲ မြင်လို့ကြားလို့ သာဓုခေါ်ရုံနဲ့ ပတ္တာနူမောဒနာကုသိုလ် မရပါဘူး။
သာဓက ပြမယ်ဆိုရင်တော့ ဗိမ္ဗိသာရမင်းကြီးဟာ ဝေဠုဝန်ကျောင်းကို ဆောက်လုပ်ပြီး ဘုရားရှင်ကို လှူဒါန်းပါတယ်။ ကျောင်းအလှူ ရေစက်ချ ပွဲတော်ကြီးလဲ အကြီးအကျယ် ကျင်းပတယ်။ ဒီလို ကောင်းမှု ပြုနေတာကို ရှေးယခင်က ဆွေမျိုးတော်ဖူးတဲ့ ပြိတ္တာတွေက တွေ့နေမြင်နေရပါတယ်။ ဒါပေမယ့် ဗိမ္ဗိသာရမင်းကြီးက ဆွေမျိုး ပြိတ္တာတွေကို အမျှ မဝေတဲ့အတွက် သာဓု မခေါ်ရပါဘူး။ ဒါကြောင့် ကျောင်းရေစက်ချပွဲကြီး ပြီးတဲ့ညမှာ ဆွေမျိုး ပြိတ္တာတွေက ကိုယ်ထင်ပြပြီး အသံတွေဆူညံ အော်ဟစ်ပါတယ်။ ဒါကို ဘုရားရှင်ကို သွားလျှောက်တော့ ဆွေမျိုး ပြိတ္တာတွေက မင်းကြီးကို သတိပေးတာဖြစ်ပါတယ်။ မင်းကြီး ကုသိုလ်ပြုပြီး အမျှဝေပြီး သာဓုမခေါ်ရလို့ သူတို့ရှိကြောင်း သိအောင် သတိပေးတာဖြစ်တယ်လို့ မိန့်ပါတယ်။ ဒါနဲ့ မင်းကြီးက ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကိုပင့်ပြီး ဆွမ်းသင်္ကန်း စသည် လှူဒါန်း ကုသိုလ်ပြုပြီးတော့ အမျှဝေပါတယ်။ ဒီတော့မှ သာဓုခေါ်ရလို့ ချမ်းသာသုခရကြတယ်လို့ ဓမ္မပဒမှာ ပြပါတယ်။
သိင်္ဂါလောဝါဒသုတ် သားသမီး ကျင့်ဝတ် ငါးပါးမှာ ကုသိုလ်ကောင်းမူပြုပြီးရင် မိဘ၊ ဘိုးဘွား၊ ဆွေမျိုး ပြိတ္တာတွေကို အမျှဝေဖို့ ၀တ္တရားတစ်ခု ပါပါတယ်။ တကယ်လို့သာ ကျန်ရစ်တဲ့သားသမီးကို အမျှမဝေလဲ ဆွေမျိုးပြိတ္တာတွေက ကျန်ရစ်သူတွေ ကုသိုလ်ပြုတာကို စောင့်ကြည့်ပြီး သာဓုခေါ်လို့ ရတယ်ဆိုရင် ဒီလိုအမျှဝေဖို့ တာဝန်ဝတ္တရားကို သီးသန့်ဖော်ပြမှာ မဟုတ်ပါဘူး။ ဆွေမျိုး ပြိတ္တာတွေကို စောင့်ကြည့် သာဓုခေါ်လို့ မရလို့သာ အမျှဝေခိုင်းတာ ဖြစ်ပါတယ်။
ဒီသာဓကနှစ်ခုကိုကြည့်လိုက်ရင် ကုသိုလ်ပြုသူက အမျှမဝေဘဲ တွေ့မြင်ကြားသိလို့ သာဓုခေါ်ရုံနဲ့ ပတ္တာနူမောဒနာ မဖြစ်ဘူးလို့ မှတ်ပါ။
လောကသဘာဝယုတ္တိကို ကြည့်ရင်လဲ ပိုင်ရှင်က မပေးတဲ့ ပစ္စည်းကို လူတစ်ယောက်ဟာ ရယူပိုင်ဆိုင်ခွင့် မရှိပါဘူး။ မူလကုသိုလ်ပိုင်ရှင်က အမျှပေးဝေခြင်း မပြုဘဲ သာဓုခေါ်လို့ ပတ္တာနူမောဒန ကုသိုလ်ရဖို့ မရှိပါဘူး။
ဒါကြောင့် ကုသိုလ်ပြုသူအဖို့ အမျှအတမ်း ပေးဝေရတာ ဘာမှ ၀န်လေး ပင်ပန်းတဲ့ အလုပ်မဟုတ်ပေမယ့် ဆွေမျိုးပြိတ္တာတွေအဖို့ မစားရ မသောက်ရ အလွန်ဆင်းရဲလှတဲ့ ပြိတ္တာဘုံဘ၀က လွတ်မြောက်ခြင်းဆိုတဲ့ မဟာချမ်းသာကြီးကို ရရှိစေနိုင်တဲ့အတွက် ဒါနပြုတိုင်း ကုသိုလ်ပြုပြီးတိုင်း ဆွေမျိုးပြိတ္တာတွေကို အမျှအတမ်းဝေပေးကြဖို့ အထူးသတိပြုသင့်ကြပါတယ်။
No comments:
Post a Comment