သက်တော်ရှည် ဂါထာတော် ဖြစ်စဉ်
နာညတြ ဗာဇ္ဈတပသာ-အစချီသော ဂါထာတော်သည် သဂါထာဝဂ္ဂ သံယုတ်၌ လာသော ပါဠိတော် ဖြစ်သည်။ ယင်းဂါထာသည် အသက် ရှည်ရာ ရှည်ကြောင်းကို ဖြစ်စေသဖြင့် သက်ရှည် ဂါထာတော်ဟု သမုတ်ကြပေသည်။
ဘုရားရှင်လက်ထက်တော်အခါက သုဗြဟ္မာ အမည်ရှိသော နတ်သား တစ်ဦးရှိလေသည်။ ထိုနတ်သားမှာ အခြံအရံနတ်သမီး တစ်ထောင်လည်း ရှိပေသည်။ တစ်နေ့၌ ထိုသုဗြဟ္မာ နတ်သားသည် နတ်သမီးများခြံရံလျက် နန္ဒ၀န်ဥယျာဉ်သို့ အပျော်ခရီး ထွက်ခဲ့လေသည်။
ဥယျာဉ်တွင် နတ်သားသည် ပင်လယ်ကသစ်ပင်ရင်း၌ ထိုင်နေသည်။ နတ်သမီး ငါးရာတို့က နတ်သားကို ခြံရံနေကြပြီး ကျန်နတ်သမီး ငါးရာတို့က ဥယျာဉ်အတွင်းရှိ သစ်ပင်များပေါ်တက်၍ ကစားမြူးတူးကြ၊ သီချင်းဆိုကြ၊ ပန်းခူးကြ၊ ပန်းကုံးကြဖြင့် အပျော်ကျူးနေကြလေသည်။ နတ်သမီးငါးရာတို့-ထိုသို့ အပျော်ကျူး နေကြခိုက်တွင် ဘ၀ဟောင်းက ကြမ္မာဆိုးသည် ရုတ်တရက် ၀င်ရောက် နှိပ်စက်မူကြောင့် ထိုနတ်သမီးငါးရာလုံး တစ်ပြိုင်တည်း သေဆုံးသွားကြကာ ငရဲဘုံသို့ ရောက်ကြရလေသည်။ လင်နတ်သားသည် ထိုနတ်သမီးငါးရာ တို့၏ သီချင်းဆိုသံကိုလည်း မကြားရ-ပန်းခူးကြ-ပန်းကုံးကြသည် ကိုလည်း မတွေ့ရ-မမြင်ရသောအခါ “ငါ့နတ်သမီးတွေ ဘယ်ရောက်နေကြပါလိမ့်” ဟု ဆင်ခြင်သုံးသပ် ကြည့်လိုက်မိ၏။ ထိုအခါ - သူ့နတ်သမီးများ အားလုံး ငရဲ၌ ရောက်နေကြောင်း တွေ့ရတော့သည်။
ထို့နောက် နတ်သားသည် သူချစ်သော နတ်သမီးငါးရာစုတေ ကွယ်လွန်သွားခြင်းနှင့် ဆက်စပ်၍ “သူတို့တော့ စုတေကြပြီ၊ ငါကော ဘယ်အခါ သေမည်နည်း” ဟု ဆင်ခြင်ကြည့်သော် သူလည်း ကျန်ရှိသည့် နတ်သမီးငါးရာတို့နှင့်အတူ နောက်ခုနှစ်ရက်ကြာလျှင် သေရတော့မည်၊ သေပြီး ငရဲကျတော့မည်ကို သိရပေတော့သည်။ ထိုအခါ နတ်သားသည် အလွန်အမင်း စိတ်ထိခိုက်ကာ ထိတ်လန့် ကြောက်ရွံ့ခြင်း ဖြစ်မိလေသည်။ ထိုအခါ သုဗြဟ္မာနတ်သားသည် ဘုရားကို သတိရကာ ဘုရားရှင်ထံ သွားတော့သည်။ မြတ်စွာဘုရားထံ ရောက်သောအခါ နတ်သားသည် ဖြစ်စဉ်အားလုံးကို တင်ပြလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက အသက်ရှည်ရာရှည်ကြောင်းဖြစ်စေသည့် “နာညတြဗောဇ္ဈတပသာ” အစချီသော ဂါထာတော်ကို ဟောကြားတော် မူပါသည်။ နတ်သားသည် သောတာပန် တည်လေ၏။ ထိုကာလမှစ၍ ဤသက်တော်ရှည် ဂါထာတော်ဖြစ်ပေါ် ရွတ်ဆိုပွားများခဲ့ကြ ခြင်း ဖြစ်ပါသည်။
သက်တော်ရှည်ဂါထာပါဠိ
နာညတြ ဗောဇ္ဈတပသာ၊ နာညတြိန္ဒြိယ သံဝရာ။
နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိံ ပဿာမိ ပါဏိနံ။
သက်တော်ရှည်ဂါထာတော် ရွတ်ဆိုပွားများရခြင်း၏အကျိုး
ဤ သက်ရှည်ဂါထာတော်ကို ရွတ်ဆို ပွားများသူအတွက် ဘေးအန္တရာယ် ကင်းရှင်းပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာကျက်သရေ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ မိမိ၌ ကျရောက်လာနိုင်သော အသက်ဘေးအန္တရာယ် အသွယ်သွယ်ကို ဤဂါထာက အကာအကွယ် ပြုနိုင်ပါသည်။ ထို့ကြောင့် ဤဂါထာရွတ်ဆိုသူမှာ အသက်ရှည်ခြင်း အကျိုးကို ပြည့်သစွာ ခံစားရမည် ဖြစ်ပါသည်။
အထက်ဖော်ပြပါ သက်တော်ရှည်ဂါထာပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment