Friday, 15 October 2010

သက်တော်မြဲ ဂါထာတော် ဖြစ်စဉ် ပါဠိတော် အကျိုးသွား

သက်တော်မြဲ ဂါထာတော်ဖြစ်စဉ်
အဋ္ဌာနမေတံ-အစချီသော ပါဠိဂါထာ ဒေသနာတော်ကို “သက်တော်မြဲ” ပါဠိ ဒေသနာဟု ယုံကြည် ခံယူထားကြသည်။ ယင်းသက်တော်မြဲပါဠိ ဒေသနာတော်သည် ဘုရားဟောဖြစ်သည်။ ယင်း ပါဠိ ဒေသနာတော် ဖြစ်ပေါ်လာပုံမှာ ဒေ၀ဒတ်သည် ဂိဇ္ဈကုဋ် တောင်ပေါ်မှ ကျောက်တုံးကြီး လှိမ့်ချကာ ဘုရားရှင်အား အသက် အန္တရာယ် ပြုရာ ကျောက်တုံးအစအနများ ပဲစင်လျက် ဘုရားရှင်၏ ခြေမတော်၌ သွေးစိမ်းတည်ရသည်။

ယင်းသို့ ဒေ၀ဒတ်က ဘုရားရှင်၏ အသက် အန္တရာယ်ကို ပြုကြောင်း ရဟန်း အပေါင်းတို့ ကြားသိကြရ သောအခါ ဘုရားရှင် သီတင်းသုံးရာ ကျောင်းတော်သို့ စုရုံးလာကြသည်။ ဘုရားရှင်အား နည်းမျိုးစုံဖြင့် စောင့်ရှောက်တော် မူကြသည်။

ဤအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ အရှင်အာနန္ဒာအား မေးမြန်းတော်မူသည်။ ဘုရားရှင်၏ အသက်အန္တရာယ်ကို စိုးရိမ်၍ အစောင့်အရှောက် ပြုနေကြကြောင်း အရှင်အာနန္ဒာက ပြန်လည် လျှောက်ထားသည်။

ထိုအခါ မြတ်စွာဘုရားက - လောက၌ ဆရာငါးမျိုး ရှိကြောင်း၊ မိမိမှာ ထို ဆရာငါးမျိုးကဲ့သို့ မဟုတ်ဘဲ သီလလည်း တကယ်စင်ကြယ်ကြောင်း၊ ဥာဏ် အမြင်လည်း သန့်ရှင်းကြည်လင်ကြောင်း၊ ငါဘုရား၏ အသက်အန္တရာယ်ကို စိုးရိမ်နေစရာလည်း မလိုကြောင်း၊ ဘုရားရှင်တို့၏ အသက်တော်ကို မည်သူ တစ်စုံ တစ်ဦးမျှ အန္တရာယ် ပြုနိုင်စွမ်း ရှိမည် မဟုတ်ကြောင်း၊ မြတ်စွာဘုရားရှင်တို့၏ အသက်သည် သူတစ်ပါး ပယောဂဖြင့် သေရရိုး ထုံးစံမရှိဘဲ မိမိအလိုလိုသာ ပရိနိဗ္ဗာန်စံရမြဲ ဓမ္မတာ ဖြစ်ကြောင်း ဟောကြားတော် မူရာမှစ၍ ဤ အဋ္ဌာနမေတံ အစချီ ဒေသနာတော် ဖြစ်ပေါ် ရွတ်ဆိုပွားများခဲ့ကြခြင်း ဖြစ်ပါသည်။

သက်တော်မြဲဂါထာပါဠိ
အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော
ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

သက်တော်မြဲဂါထာ ရွတ်ဖတ်ရခြင်း၏အကျိုး
ဤ (အဋ္ဌာနမေတံ) သက်တော်မြဲဂါထာတော်ကို အမြဲရွတ်ဖတ် ပွားများအားထုတ်ပါက အသက်အန္တရာယ် ပြုခံရခြင်းမှ ကင်းဝေးစေပါသည်။ လတ်တလော သေစေတတ်သော ကံမျိုးများ နှိပ်စက်ခံရမူမှ ကင်းဝေးစေပါသည်။

အထက်ဖော်ပြပါ သက်တော်မြဲဂါထာပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment