မြန်မာအမည် - မက်မွန်သီး
ရုက္ခဗေဒအမည် - အက်ဒမ်ကိုနီးယား ဒစ်းဂျီး တေးတာ
မက်မွန်သီးသည် အသားများ၍ အရည်ရွှမ်းပြီးလျှင် အနံ့အလွန်မွှေးကြိုင်သော အသီးမျိုး ဖြစ်သည်။ ပုံသဏ္ဌာန်မှာ ခပ်လုံးလုံးဖြစ်၍ အသီး၏ အလယ်ကောင်တွင် မာသော စေ့တစ်စေ့ မြှုပ်လျက်ရှိသည်။ အရွယ်နှင့် အရောင်မှာ အသီးတစ်မျိုးကို လိုက်၍ အမျိုးမျိုးရှိာကသည်။ မက်မွန်သီးသည် ပင်လတ်မျိုး ဖြစ်၍ အမြင့် ၁၀-ပေ မှ ၂၀-ပေ အထိ ရှိတတ်၏။
မက်မွန်သီးပင်သည် မက်မန်းသီးပင်။ တရုတ်ဆီးသီးပင်၊ ချယ်ရီပင်များနှင့်အတူ “ရိုရေးစီအီး” မျိုးရင်းတွင် “ပရူးနပ်” မျိုးစု၌ ပါဝင်သည်။
အပင်၏ အနေအထားနှင့်တကွ အသွင်အပြင်ရော အလေ့အထပါ ဗာဒံပင်နှင့် အလွန်တူသည့်အပြင် မျိုးချင်းလည်း တူကြသည်။ အရွက်များမှာ လှံစွပ်ကဲ့သို့သေးသွယ်၍ အဖျားချွန်သည်။ အရောင်မှာ စိမ်း၍တောက်၏။ နွေကူးရာသီသို့ ရောက်သည့်အခါ လှပ၍ နူးညံ့သော ပန်းရောင် အပွင့်ကလေးများ ပင်လုံးကျွတ်ပွင့်သည်။ အပွင့်များပွင့်ပြီး နောက်မှ အရွက်များ ထွက်သည်။ မက်မွန်သီး အမျိုးပေါင်းများစွာ ရှိရာ အားလုံးလောက်သည် နွေရာသီအလယ်လောက်မှ ဆောင်းရာသီအထိ မှည့်ကြသည် မက်မွန်သီး အစေ့ကို စိုက်ပျိုးသော အပင်မှရလာသည်။ အသီးသည် မူလအပင်ကြီး၏ အသီး၏ စံချိန်စံနူန်းကို မမီတော့ချေ။ ထို့ကြောင့် မူလ အပင်ကြီးမှ မျိုးကို ကိုင်းကူး၊ အဖူးကူး စနစ်ဖြင့်သာ အစိုက်ပျိုးကြသည်။ မက်မွန်သီးအမှည့်များသည် ရက်အနည်းငယ်အတွင်း ပုပ်၍ ပျက်စီးတတ်သဖြင့် ရပ်ဝေးဒေသများသို့ တင်ပို့ရောင်းချရာ၌ အခက်အခဲကြုံရသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ ပေပေါင်း ၃၀၀၀-အမြင့်ရှိသော အရပ်ဒေသများတွင် မက်မွန်ပင်များ ဖြစ်ထွန်းသည်။ မေမြို့၊ ကလော၊ တောင်ကြီးမြို့များတွင်လည်း ပန်းခြံဖြင့် စိုက်ပျိုးလျက်ရှိကြသည်။
No comments:
Post a Comment