Thursday, 4 November 2010

ဇာတိပ္ဖိုလ်ပင်

မြန်မာအမည် - ဇာတိပ္ဖိုလ်ပင်

အင်္ဂလိပ်အမည် - NUTMEG

ရုက္ခဗေဒအမည် - MYRISTICA FRAGRANS HOUTT

မျိုးရင်း - MYRISTICA CEAE

မူရင်းဒေသ - အင်ဒိုနီးရှားပြည်ရှိ မိုလက်ကာကျွန်း

ဇာတိပ္ဖိုလ်ပင်သည် အမြဲစိမ်းလန်းသော အပင်ကြီးမျိုး ဖြစ်သည်။ အလေ့ကျပေါက်သော ဇာတိပ္ဖိုလ်ပင်သည် အမြင့် ပေ ၆၀-ခန့် အထိ ရှိပြီး စိုက်ပျိုးသည့် ဇာတိပ္ဖိုလ်ပင်သည် အမြင့် ပေ ၃၀-ခန့်သာရှိသည်။ အကိုင်းအခက်များ ဝေဆာစွာ ဖြာထွက်လေ့ရှိပြီး အခေါက်မှာ ညိုမည်းမည်းအရောင် ရှိသည်။ အဖိုပင်၊ အမပင်နှင့် လိင်စုံပင် ဟူ၍ သုံးမျိုးရှိသည်။

ဇာတိပ္ဖိုလ်ရွက်မျာသည် သားရေကဲ့သို့ မာကျော ပျဉ်းတွဲပြီး မွှေးကြိုင်သော ရနံ့ရှိသည်။ အလျား ၄-လက်မ၊ အနံ ၂-လက်မမ ရှိပြီး ရွက်ထိပ် ချွန်း၍ ရွက်ရင်း အနီးငယ် သွယ်သည်။ ရွက်ကြော ထင်ရှား၏။ အပွင့်မှာ အ၀ါဖျော့ရောင်ရှိ၍ အခိုင်လိုက် ပွင့်သည်။

ဇာတိပ္ဖိုလ်သီးသည် အသားထူသော အသီးမျိုးဖြစ်သည်။ မျက်နှာပြင် ချောမွေ့ပြီး အမြှောင်း ၄-မြှောင်း ပါရှိသည်။ အတွင်း၌ ပါးလွှာ၍ ကြွတ်ဆတ်သော အခွံရှိသည်။ အစေ့ တစ်စေ့ ပါရှိသည်။ အသီးမှည့်သော အခါ ရွေဝါရောင် ရှိပြီး အသားများသည် အပိုင်းသည် မာလာ၍ နောက်ဆု့း ထိပ်ပိုင်းမှ ကွဲလာကာ တောက်ပသော ကြက်သွေးရောင်ရှိသည့် အမြှေး(ဇာပွင့်)ကို တွေ့မြင်ရသည်။ ဇာပွင့်သည် ရာဇမတ်ကွက် ကဲ့သို့ဖြစ်ပြီး စေ့ခွံကို ဖုံးအုပ်ထားသည်။

စိုက်ပျိုးသည့် ဒေသမှာ မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ပေါင်မြို့ ကျုံကဥယျာဉ်တို့တွင် စတင် စိုက်ပျိုးထားသည်။ မိုးရေချိန် ၇၀-လက်မမှ ၁၂၀-လက်မ အထက် ရွာသွန်းသော ရာသီဥတုမျိုးကို ကြိုက်နှစ်သက်သည်။ တစ်နှစ်ပတ်လုံး မိုးရွာသွန်းသော ဒေသဖြစ်ပါက ပို၍ အောင်မြင်ဖြစ်ထွန်းသည်။ ပူအိုက် စွတ်စိုသော ရာသီဥတုကို ကြိုက်သည်။ မြန်မာနိုင်ငံ မိုးများစွာ ရွာသွန်းသော ပင်လယ်ကမ်းမြောင် ဒေသတို့တွင် ခြောက်သွေ့ရာသီ၌ ရေသွင်း၊ ရေလောင်းပေးခြင်းဖြင့် ကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။ ပင်လယ်လေ ကောင်းစွာ ရရှိသော နေရာတွင် စိုက်ပျိုးသော အပင်ကြီးများမှာ ပိုမို၍ သီးထွက် အားကောင်းပြီး အသီးအရွယ်အစား ကြီးမားသည်။

လတ်ဆတ်သော ဇာပွင့်များသည် တောက်ပသော အနီရောင်ရှိပြီး ၎င်းကို ဓား၊ သိုပမဟုတ် လက်ဖြင့် ခွာယူရသည်။ ထို့နောက် ခြေဖြင့်၊ သို့မဟုတ် ကတ်ပြားများတွင် ညှပ်၍ ပြားနေအောင် ဖိနှိပ်ပြီး ရွှေဝါရောင်သို့ ပြောင်းလဲလာကာ ကြွတ်ဆတ်လာသည် အထိ ၂-ရက် မှ ၄-ရက်အထိ နေရောင်တွင် အခြောက်လှန်းရသည်။ ဇာပွင့်ကို ထင်းရှူး သေတ္တာများတွင် ထုပ်ပိုး ထည့်သွင်း၍ တင်ပို့ ရောင်းချနိုင်သည်။
ဇာတိပ္ဖိုလ်ဆီ ထုတ်ယူရန် နည်းမှာ အစေ့ဆံကို ကြိတ်၍ ထုတ်ယူရသည်။

အသုံးပြုနည်းမှာ အသီးစိမ်းကို သွေး၍ သောက်ပါက အမျိုးသမီး မီးယပ် သွေးထိန်ခြင်း ပျောက်ကင်းသည်။

ဇာစေ့ဆန်ကို (၁) ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုသည်။ ကိတ်မုန့်။ ပူတင်းများ ပြုလုပ်ရာတွင် ထည့်သွင်း အသုံးပြုသည်။

(၂) ဇာတိပ္ဖိုလ် အစေ့ဆံကို သွေး၍ ပျားရည်နှင့် လျက်ပေးပါက သွေးဝမ်းကိုက် ရောဂါ ပျောက်ကင်းပြီး နှစ်လုံးအားနည်းခြင်းကို ပြန်လည် အားဖြည့်စေသည်။

(၃) ၀က်ခြံနှင့် အဖုအကျိတ်ပေါက်သည့် နေရာ၌ လိမ်းပေးပါက အနာနုလျှင် ပိန်၍ အနာရင့်လျှင် ပြည့်မှည့်ပြီး အမြန် ပျောက်ကင်းသည်။

(၄) နားရင်းရောင် ရောဂါ ဖြစ်ပါက ရောင်တင်းသော နေရာ၌ လိမ်းပေးပါက ပျောက်ကင်းသည်။

(၅) ပျို့အန်သော ရောဂါ ဖြစ်လျှင် ရေအေးနှင့် သွေး၍ လျက်ခြင်းဖြင့် ပျောက်ကင်းပါသည်။

(၆) သွေးဆေး။ မီးယပ်ဆေး၊ အားတိုးဆေး။ လေဆေး။ အစာကြေဆေး၊ ခါးနာ၊ အကြော အဆစ်ကိုက် ရောဂါပျောက် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

(၇) Nutmeg Butter ကို ကျိုး ကြေသော အစေ့များမှ ထုတ်ယူ၍ ကိုယ်တိုက် ဆပ်ပြာမွှေး လုပ်ငန်းတွင် သုံးသည်။

(၈) အနာကျက်ရန်နှင့် အနာမ၀င်စေရန် လည်းကောင်း။ အသီးကို သွေး၍ လိမ်းခြင်း၊ သောက်ခြင်း ပြုရသည်။

ဇာပွင့်ကို ရှူဆေး၊ သွေးဆေး၊ ဒူလာဆေး၊ မီးယပ်ဆေး၊ အားတိုးဆေး စသည်များ ဖော်စပ်ရာတွင် အရေးကြီးသော ဆေးမယ် အဖြစ် ထည့်သွင်း အသုံးပြုသည်။

ဇာစေ့ဆီကို အနောက် နိုင်ငံများ၌ ရေမွေးလုပ်ငန်း၊ ဆေးလိပ်ဆေးနှင့် သွားများ စင်ကြယ်စေသော ဆေးများ ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုသည်။

No comments:

Post a Comment