Monday, 13 December 2010

အောင်ခြင်းရှစ်ပါး



၁။ မာရ်နတ်သားကို အောင်တော်မူခြင်း

ဘုရားအလောင်းတော်သည် “အသားအသွေးတွေ ခန်းခြောက်ပြီး အရေ အကြော အရိုးချည်းသာ ကျန်ချင်ကျန်ပါစေ၊ ဘုရား မဖြစ်သမျှ ငါမထ” ဟု စိတ်ကို အခိုင်အမာ ဆုံးဖြတ်၍ အပရာဇိတ ပလ္လင်ထက်၌ ထိုင်တော်မူလေသည်။

ထိုစဉ် ၀သ၀တ္တီနတ်ဘုံမှ မာရ်နတ်သည် “သိဒ္ဓတ္ထမင်းသားသည် ငါ၏ နယ်ပယ် ဘုံသုံးပါးမှ လွတ်မြောက်ရန် ကြိုးပမ်းနေလေပြီ၊ သူ့အား ငါ၏နယ်ပယ်မှ လွတ်မြောက်ခွင့် မပေးနိုင်” ဟု ကြံစည်ကာ နတ်စစ်သည်တို့ကို ဦးဆောင်လျက် ဘုရားအလောင်းတော်အား တိုက်ခိုက်ရန် စစ်ချီလာသည်။ နတ်စစ်သည်တို့ကား စကြ၀ဠာတံတိုင်းအထိ ပြည့်ကျပ်နေလေသည်။ ရုပ်အဆင်းမျိုးမျိုး မျက်နှာပုံအမျိုးမျိုးရှိ နတ်စစ်သည်များသည် အမျိုးမျိုးသော လက်နက်များကို စွဲကိုင်ချီတက်လာကြသည်။ မာရ်နတ်သည် ဂီရိမေခလာဆင်ကို တက်စီးပြီး လက်ရုံးတစ်ထောင်၌ လက်နက်အသီးသီး စွဲကိုင်ထားသည်။ မာရ်စစ်သည်တို့၏ စစ်ချီကြွေးကြော်သံကား သိမ့်သိမ့်ရိုက်ခတ်နေသည်။
ထိုအချိန်တွင် ဘုရားအလောင်းတော်အနီး၌ သိကြားမင်းသည် အတောင်နှစ်ရာရှိ ၀ိဇယုတ္တရ ခရုသင်းကို မူတ်လျက် မာကာဠနဂါးမင်းသည် ဘုရားအလောင်းတော်၏ ဂုဏ်တော်ဖွဲ့များကို ရွတ်ဆိုသီကျူးလျက် သဟမ္ပတိ ဗြဟ္မာမင်းကမူ ထီးဖြူကြီးကို ဆောင်းမိုးပေးလျက် အသီးသီး ပူဇော်နေကြခိုက် ဖြစ်၏။

မာရ်စစ်တပ်ကြီး ချီတက်ရောက်ရှိလာသောအခါ ယင်းတို့ သုံးဦးသည် သင့်လျော်ရာအရပ်သို့ ရှောင်ဖယ်သွားကြသည်။ အပရာဇိတပလ္လင်ပေါ်တွင် ဘုရားအလောင်းတော် တစ်ပါးတည်းသာ ကျန်ရစ်ခဲ့လေသည်။

မာရ်နတ်က သူ၏ စစ်သည်များအား “အမောင်တို့ … သိဒ္ဓတ္ထမင်းသာသည် ပြိုင်ဘက်ကင်းသူဖြစ်၍ ငါတို့သည် သူ၏ ရှေ့တည့်တည့်မှ မတိုက်ခိုက်ဝံ့ကြသော်လည်း သူ၏ နောက်ဘက်မှ တိုက်ခိုက်ကြစို့” ဟု ဆိုလေသည်။

ဘုရားအလောင်းတော်ကား “ဤမာရ်စစ်သည်များသည် ငါ့ကို တိုက်ခိုက်ရန် လာကြခြင်း ဖြစ်သည်။ ဤအရပ်၌ ငါ၏ မိဘဆွေမျိုးလည်းမရှိ၊ ကာလကြာမြင့်စွာ ဖြည့်ကျင့်ခဲ့သော ပါရမီဆယ်ပါးသာရှိသည်။ ပါရမီအင်အားဖြင့်သာ ဤစစ်ပွဲကို ငါ ရင်ဆိုင်ရတော့မည်” ဟု ကြံစည်ကာ ပါရမီတော်ဆယ်ပါးကို ဆင်ခြင်လျက် နေလေသည်။

မာရ်နတ်သည် ဘုရားအလောင်းတော် ပြေးစေရန် သစ်ပင်တောတောင် ရွာငယ်ရွာကြီးများပင် မူန့်မူန့်ညက်ညက် ကြေပျက်စေနိုင်သော လေမုန်တိုင်းကြီးကို ဘုရားအလောင်းတော်ထံသို့ လွှတ်လိုက်သည်။ ထိုမုန်တိုင်းသည် ဘုရားအလောင်းတော်၏ ပါရမီတန်ခိုးကြောင့် သင်္ကန်းစွန်းမျှကိုပင် မလူပ်ခါစေနိုင်ပေ။

ထို့နောက် ဘုရားအလောင်းတော်ကို ရေဖြင့် ဖုံးလွှမ်း နှစ်သတ်မည်ဟု ကြံစည်၍ မိုးကြီး သည်းစွာ ရွာသွန်းစေပြန်သည်။ မိုးရေလိုင်းကြီးသည် အလွန်ကြီးမား ပြင်းထန်သော်လည်း ဘုရားအလောင်းတော်၏ သင်္ကန်စွန်းကိုသော်မျှ မစိုစွတ်စေနိုင်။ ထို့ပြင် ကျောက်တုံးမိုး၊ ဓားလက်နက်မိုး၊ မီးကျီးမိုး၊ ပြာပူမိုး၊ သဲမိုး၊ ရွှံ့ညွန်မိုးကြီးတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက်ရွာချ၏။

သို့သော်လည်း မာရ်နတ်သည် ဘုရားအလောင်းတော်အား ထိခိုက် ကြောက်ရွံ့အောင် မစွမ်းဆောင်နိုင်ချေ။ ထို့နောက် ဘုရားအလောင်းတော် ကြောက်ရွံ့ ထွက်ပြေစေရန် အလွန်ကြီးမားသော အမိုက်မှောင်ထုကြီး ချလိုက်ပြန်၏။ ထိုအမိုက်မှောင်ထုကြီးသည်လည်း ဘုရားအလောင်းတော်ကို မလွှမ်းမိုးနိုင်ပြန်ချေ။

ထိုသို့ အမျိုးမျိုးတိုက်ခိုက်၍ မအောင်မြင်နိုင်သောအခါ မာရ်နတ်သည် သူ၏ စစ်သည်များအား “သိဒ္ဒတ္ထကို ဖမ်းကြ၊ သတ်ကြ၊ ပြေးအောင်လုပ်ကြ” ဟု အော်ဟစ်အမိန့်ပေးပြန်သည်။ သူကိုယ်တိုင်လည်း ဂီရိမေလာဆင်ကို တက်စီးကာ စက်ယန္တရားလက်နက်ကို စွဲကိုင်ပြီး -

“ဟယ် သိဒ္ဓတ္ထ … ဤပလ္လင်မှထလော့၊ ဤပလ္လင်သည် သင့်ပလ္လင်မဟုတ်၊ ငါ့ပလ္လင်သာဖြစ်သည်” ဟု ဆိုသည်။

ဘုရားအလောင်းတော်က “ဟယ်မရ်နတ် … သင်သည် ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကိုလည်း မဖြည့်ကျင့်၊ စွန့်ခြင်းကြီးငါးပါးကိုလည်း မဖြည့်၊ စရိယာသုံးပါးကိုလည်း မကျင့်။ ငါသည်သာ ထိုအရာအားလုံးတို့ကို ဖြည့်ကျင့်ခဲ့သူ ဖြစ်၍ ဤပလ္လင်မဟုတ်၊ ငါ့ပလ္လင်သာဖြစ်သည်” ဟု မိန့်ဆိုသည်။

ထိုစကားကို ကြားလျှင် မာရ်နတ်သည် ဒေါသကို မချုပ်တည်းနိုင်ဘဲ ဘုရားအလောင်းတော်ကို စက်လက်နက်ဖြင့် ပစ်ခတ်သည်။ မာရ်စစ်သည်တို့ကလည်း မိမိတို့ဆိုင်ရာ လက်နက်ဖြင့် ပစ်ခတ်သည်။ ဘုရားအလောင်းတော်ကား ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်တို့ကိုသာ ဆင်ခြင်တော်မူနေ၏။ ထိုပါရမီ စွမ်းရည်တန်ခိုးကြောင့် မာရ်စစ်သည်တို့ ပစ်ခတ်သမျှ လက်နက်များ အချည်းနှီးဖြစ်သွားသည်။ နောက်ဆုံးတွင် ဘုရားအလောင်းတော်က “ဤပလ္လင်သည် သင်ပြုခဲ့သော ဒါနကြောင့် ဖြစ်ပေါ်လာသော ပလ္လင်မဟုတ်၊ သင့်ဒါနကြောင့် ပေါ်ပေါက်လာသော ပလ္လင်ဖြစ်ကြောင်း သင့်မှာ ပြသစရာ သက်သေမရှိ” ဟု မာရ်နတ်အား မိန့်ဆိုသည်။ မာရ်နတ်က သူ၏စစ်သည်များအား သက်သေညွှန်ပြရာ စစ်သည်များက မာရ်နတ်၏ ပလ္လင်ဖြစ်ကြောင်း သက်သေခံကြသည်။ ထိုအခါ ဘုရားအလောင်းတော်က သင်္ကန်းအကြားမှ လက်ယာလက်ကို ထုတ်ဆောင်ကာ မဟာပထ၀ီမြေကြီးအား လက်ညိုးညွှန်ပြီး -

“ဤပလ္လင်သည် ငါပြုခဲ့သော ပါရမီကြောင့် ပေါ်ပေါက်လာသော ပလ္လင်ဖြစ်သည်။ အခြားသော ဘ၀များစွာက ပြုခဲ့သော ပါရမီများကို ထားဘိဦး၊ ဝေသန္တရာမင်းဘ၀က ခုနှစ်ကြိမ်တိုင်တိုင် အလှူကြီးပေးလှူစဉ် မဟာပထ၀ီမြေကြီးသည် ခုနှစ်ကြိမ်တိုင်အောင် လှူပ်ခဲ့ဖူးလေပြီ၊ ဤမဟာပထ၀ီ မြေကြီးသည် ငါ၏ သက်သေဖြစ်ပေ၏” ဟု -

မဟာပထ၀ီမြေကြီးကို သက်သေထူသည်။ မဟာပထ၀ီမြေကြီးသည် ဘုရားအလောင်းတော်၏ ပါရမီစွမ်းအားကို သက်သေခံသောအားဖြင့် ပြင်းထန်စွာ လူပ်ခါမြည်ဟီးလေ၏။ မာရ်နတ်နှင့် စစ်သည်များသည်လည်း ကြောက်ရွံ့ထိတ်လန့်ကာ ခြေဦးတည်ရာသို့ ထွက်ပြေးကြလေတော့သည်။

ထိုသို့ ဘုရားအလောင်းတော်က မာရ်စစ်တပ်ကို အပြီးသတ် အောင်မြင်လိုက်သောအခါ နဂါး၊ ဂဠုန်၊ နတ်၊ ဗြဟ္မာ ပရိသတ်တို့က “မာရ်နတ်မင်း စစ်ရူံးပြီး၊ ဘုရားလောင်းတော်သိဒ္ဓတ္ထ အောင်ခြင်းကြီး အောင်လေပြီ” ဟု အသီးသီးကြွေးကြော်ကာ ပန်းနံ့သာတို့ဖြင့် ပူဇော်ပြီး အောင်ပွဲသဘင်ကို ဆင်ယင်ကြလေသည်။

No comments:

Post a Comment