Monday, 13 December 2010

လက္ခဏာတော်ကြီး (၃၂) ပါး

(၁) ခြေဖ၀ါးလက္ခဏာတော်
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်သည် မြေ၌ နင်းသောအခါ ရွှေခြေနင်းပမာ ညီညာစွာ ထိသော ဖ၀ါးအပြင် ရှိ၏။

ထိုလက္ခဏာတော်သည် မြတ်စွာဘုရားနှင့် စကြာမင်းတို့၏ သီးခြားလက္ခဏာတစ်ပါး ဖြစ်သည်။ ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌ ပါရမီ ကောင်းမူမှန်သမျှ မတွန့်မဆုတ် မြဲမြံစွာ အားထုတ်တော်မူခဲ့သောကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၂) စက်ဝန်းလက္ခဏာတော်
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်၌ အကန့်တစ်ထောင်၊ အကွပ်၊ ပုံတောင်းတို့နှင့်တကွ အခြင်းအရာအလုံးစုံနှင့် ပြည့်စုံသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏာ ထင်ရှားစွာ ဖြစ်ပေါ်လျက်ရှိ၏။

ဘုရားအလောင်းတော်သည် ဒါနပြုလုပ်သောအခါတိုင်း အခြံအရံ ပစ္စည်းများကိုပါ ပြည့်စုံစွာ ပြုလုပ်လှူဒါန်းခဲ့သော ကောင်းမူကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၃)ဖနောင့်လက္ခဏာတော်
မြတ်စွာဘုရား၌ ရှည်လျားသော ဖနောင့်တော်ရှိ၏။

အလောင်းတော်သည် ဘ၀များစွာ ကာလပတ်လုံး သူ့အသက် သတ်ခြင်းမှ ဝေးစွာရှောင်ကြဉ် စောင့်ထိန်းခဲ့သော ကောင်းမူကြောင့် (၁) ရှည်လျားသောဖနောင့်တော် (၂) ရှည်သွယ်သော လက်ချောင်း (၃) ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်တော်ဟူသော ယောက်ျားမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။


(၄) လက်ချောင်း၊ ခြေချောင်းလက္ခဏာတော်
မြတ်စွာဘုရား၌ ရှည်သွယ်သော လက်ချာင်ေးတာ်၊ ခြေချောင်းတော်ရှိ၏။

ဘုရားအလောင်းတော်သည် သူတပါး အသက်သတ်မူမှ အထူးရှောင်ကြဉ်ခဲ့သော ကောင်းမူကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၅) လက်ဖ၀ါး၊ ခြေဖ၀ါးလက္ခဏာတော်
မြတ်စွာဘုရား၌ နူးညံ့နုနယ်ချောမွေ့သော လက်ဖ၀ါးတော်၊ ခြေဖ၀ါးတော်အပြင်ရှိ၏။

ဘုရားအလောင်းတော်သည် ရှေးရှေးဘ၀ များစွာတို့၌ လူအများတို့အား သင်္ဂဟတရားလေးပါးဖြင့် ချီးမြှင့်မြှောက်စား အားပေးကူညီမူ ပြုခဲ့သော ကောင်းမူတော်ကြောင့် (၁) နူးညံ့နုနယ်ချောမွေ့သော လက်ဖ၀ါးတော်၊ ခြေဖ၀ါးတော် (၂) ရွှေဇာကွန်ရက် ခက်သည့်ပမာ ညီညာသော လက်ချောင်း။ ခြေချောင်းတော်ဟူသော ယောက်ျားမြတ်လက္ခဏာတို့ကို ရရှိတော်မူသည်။


(၆) လက်ခြေလက္ခဏာတော်
မြတ်စွာဘုရား၏ လက်တော် ခြေတော်၌ လေသာနန်းတံခါးတွင် စိုက်စီ၍ထားသော ရွှေပွတ်လုံးတိုင်ကဲ့သို့ အကြားမထင် ညီညာသော လက်ချောင်းတော်၊ ခြေချောင်းတော် ရှိတော်မူသည်။

ဘုရားအလောင်းတော်သည် လူအများတို့အား သင်္ဂဟ တရားလေးပါးဖြင့် ချီးမြှင့်မြှောက်စား အားပေးကူညီခဲ့သော ကောင်းမူကြောင့်ပင် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၇) ခြေဖမျက်လက္ခဏာတော်
မြတ်စွာဘုရား၌ အနည်းငယ်မြင့်မောက်သော ခြေဖမျက်တော်ရှိ၏။

ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌ သတ္တ၀ါတို့အား ကြီးပွာမြင့်မောက် အထက်တန်း ရောက်စေနိုင်သည့် တရားစကားများကိုသာ ကာလရှည်ကြာစွာ ပြောဆိုဖြည့်ကျင့်ခဲ့ရသော ကုသလိုလ်တော်ကြောင့် (၁) မြူမူန်များ မငြိမတွယ် စဉ်းငယ်မြင့်သော ခြေဖမျက်တော် (၂) မျက်နှာတော်ကို မော်၍ ဖူးသည့်ပမာ အထက်သို့သာ အဖျေားကော့သော မွေးညင်းတော်ဟူသော ယောက်ျားမြတ်လက္ခဏာတို့ကို ရရှိတော်မူသည်။


(၈) သလုံးမြင်းခေါင်းလက္ခဏာတော်
မြတ်စွာဘုရား၌ ဧဏီမည်သော သားကောင်၏ သလုံးမြင်းခါင်းကဲ့သို့ အထက်ပိုင်းသို့ အစဉ်အတိုင်း မြင့်တက်လုံးဝန်း ပြေပြစ်သော သလုံးမြင်းခါင်းတော်ရှိ၏။

ဘုရားအလောင်းတော်သည် မိမိထံမှောက် နည်းခံရောက်လာကြသော တပည့်တို့အား ၀ိဇ္ဇာပညာအမျိုးမျိုး၊ သိပ္ပံပညာအမျိုးမျိုး၊ အကျင့်စရဏ အမျိုးမျိုးကို သင်ကြားပေးရာ၌ ဆရာစားမချန် အပြည့်အစုံ သင်ကြားပေးခဲ့သော ကောင်းမူ ကိုသလိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူ သည်။


(၉) အရပ်တော်နှင့် အချိုးကျသွယ်လျသော လက်တော်လက္ခဏာ
မြတ်စွာဘုရား၌ ကိုယ်တော်ကို မကိုင်းညွတ်ဘဲ မတ်တပ်ရပ်လျက်ပင် နှစ်ဘက်သော လက်ဖ၀ါးပြင်တို့ဖြင့် ပုဆစ်ဒူးဝန်းနှစ်ဘက်ကို သုံးသပ်ဆုပ်နယ်နိုင်အောင် အရပ်တော်နှင့် အချိုးတကျ သွယ်လျသော လက်တော်ရှိ၏။

ဘုရားအလောင်းတော်သည် မိမိ၏ အခြွေအရံများကို ချီးမြှင့်မြှောက်စားတော်မူသောအခါ သူ့အရည်အချင်းနှင့် သူ ကိုက်ညီအောင် အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားတော်မူခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၁၀) ယောက်ျားနိမိတ်လက္ခဏာတော်
မြတ်စွာဘုရား၌ အအိမ်ဖြင့် ဖုံးအုပ်ထားသော ယောက်ျားနိမိတ်ရှိ၏။

ဘုရားအလောင်းတော်သည် အချင်းချင်း စိတ်သဘောထား ကွဲပြားနေသောသူတို့ကို ညီညွတ်အောင် အချင်းချင်း၏အပြစ်ကို ဖုံးအုပ်လျက် စေ့စပ်ပေးတော်မူခဲ့ခြင်း၊ ညီညွတ်နေသူတို့ကို မြင်လျှင်လည်း အလွန်ဝမ်းမြောက်တော်မူလျက် စည်းလုံး ညီညွတ်မူ တည်မြဲအောင် အစဉ်ပြုလုပ်တော်မူခဲ့ခြင်း တို့ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူခဲ့သည်။


(၁၁) အသားတော်လက္ခဏာတော်
မြတ်စွာဘုရား၌ ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသားအရေတော်ရှိ၏။

ဘုရားအလောင်းတော်သည် အမျက်ဒေါသ နည်းပါးတော်မူခဲ့၏။ ထွက်သောအမျက်ကိုလည်း လျင်မြတ်စွာ ပယ်ဖျက် ဖိတ်းသိမ်း ငြိမ်းအေးစေတော်မူခဲ့၏။ ပြင်းပြင်းထန်ထန် စိတ်ပူပန်ခြင်း (ဥပယာသတရား) နည်းပါးတော်မူခဲ့၏။ နူးညံ့ချောမွေ့သော အခင်းအရုံ အ၀တ်အထည်တို့ကိုလည်း ပေးလှူတော်မူခဲ့၏။ ဤစိတ်ထား ဤကောင်းမူကုသိုလ်တော်များကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၁၂) အရေတော်လက္ခဏာတော်
မြတ်စွာဘုရား၌ မြူအညစ်အကြေးတို့ မလိမ်းမတင် နိုင်အောင်ပင် ချာမွေ့နူးညံ့သော အရေတော်ရှိ၏။

ဘုရားအလောင်းတော်သည် ပညာရှိရဟန်းပုဏ္ဏားတို့ထံ ကပ်ရောက်၍ မိမိစိတ်အစဉ်တွင် အကုသိုလ် အညစ်အကြေး မလိမ်းမတင်နိုင်အောင် အစဉ်သဖြင့် မေးမြန်းစုံစမ်းလေ့ရှိသော ကုသလိုလ်တော်ကြောင့် ဤလက္ခဏာကို ရရှိတော်မူသည်။


(၁၃) မွေးညင်းတွင်း လက္ခဏာတော်
မြတ်စွာဘုရား၏ ကိုယ်တော်၌ မွေးညင်းတွင်း တစ်တွင်း တစ်တွင်းတွင် မွေးညင်းတော် တစ်ပင်တစ်ပင်စီသာ ပေါက်လေ့ရှိ။

ဘုရားအလောင်းတော်သည် မုသားမပါ တစ်မျိုးတည်းသော သစ္စာစကားကိုသာ ကာလကြာရှည်စွာ ပြောဆိုခဲ့သော ကုသလိုလ်တော်ကြောင့် ဤလက္ခဏာကို ရရှိတော်မူခဲ့သည့်အပြင်၊ မျက်မှောက်တော် နှစ်ဘက် အလယ်ချက်၌ ဖြူစင် ၀င်းလက်သော ဥဏ္ဏလုံးမွေးရှင်တော် ပေါက်လျက်ရှိခြင်း ဟူသော ယောက်ျားမြတ် လက္ခဏာတော်တို့ကိုပါ ရရှိတော်မူသည်။


(၁၄) မွေးညင်းတော် လက္ခဏာတော်
မြတ်စွာဘုရား၌ မျက်နှာတော်ကို မော်၍ ဖူးသည့်ပမာ အထက်သို့သာ အဖျားကော့သော မွေးညင်းတော်ရှိ၏။

ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ သတ္တ၀ါတို့အား ကြီးပွားမြင့်မောက် အထက်သို့ ရောက်စေနိုင်သော တရားစကားများကိုသာ ပြောဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၁၅) ဖြောင့်မတ်သော ကိုယ်တော်လက္ခဏာတော်
မြတ်စွာဘုရား၌ ဖြောင့်မတ်သော ကိုယ်တော်ရှိတော်မူ၏။

ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သော ကောင်းမူတော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၁၆) ပြည့်ဖြိုးသော အသားတော်လက္ခဏာတော်
မြတ်စွာဘုရားသည် ခြေဖမိုးတော်နှစ်ဘက်၊ လက်ဖမိုးတော်နှစ်ဘက်၊ ပခုံးတော်နှစ်ဘက်နှင့် လည်ကုပ်တော်ဟူသော ခုနစ်ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိ၏။

ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ အရသာနှင့် ပြည့်စုံသော ကောင်းမွန်မြိန်မြတ်သော ဘောဇဉ်အမျိုးမျိုးတို့ကို အပြည့်အစုံ လှူခဲ့ဖူးသော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၇) ရှေ့ပိုင်းကိုယ်တော်လက္ခဏာတော်
မြတ်စွာဘုရား၌ ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ ပြည့်ဖြိုးသော ကိုယ်တော်ရှိ၏။

ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွားကို အလိုရှိတော်မူခဲ့၏။ “ဤသူတို့အား သဒ္ဓါ၊ သီလ၊ သုတ၊ ဓမ္မ၊ စာဂ၊ အလုပ်သမား၊ ကျေးကျွန်၊ မိတ်ဆွေမွန်၊ ဆွေမျိုးများ ကြီးပွားတိုးတက်အောင် အဘယ်သို့ ဆောင်ရွက်ပေးရပါမည်နည်း” ဟု လူအများ၏ ကြီးပွားတိုးတက်ရန်ကိုသာ ကြံစည် စဉ်းစား အားထုတ်တော်မူခဲ့သော ကုသိုလ်တော်ကြောင့် - (၁)ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ ပြည့်ဖြိုးသော ကိုယ်တော်အပြင် (၂) ခါးတော်မှစ၍ အထက်လည်ကုပ်တော်တိုင်အောင် ရေစီးကြောင်း (ကျောရိုးကြောင်းး) မထင် ပြည့်ဖြိုးညီညာသော ကျောပြင် (၃) ညီညာစွာ လုံးဝန်းသော လည်တိုင်တော်ဟူသော ယောက်ျားမြတ် လက္ခဏာတော်တို့ကို ရရှိတော်မူသည်။


(၁၈) ကျောက်ကုန်းတော်လက္ခဏာတော်
မြတ်စွာဘုရား၌ ခါးတော်မှစ၍ အထက်လည်ကုပ်တော်တိုင်အောင် ရေစီးကြောင်းမထင် ပြည့်ဖြိုးညီညာသော ကျောပြင်ရှိ၏။

ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွား တိုးတက်တည်တံ့စေရန် ကြံစည် ပြုလုပ်ခဲ့သော ကောင်းမူတော်ကြောင့် ဤလက္ခဏာတော်တို့ကို ရရှိတော်မူသည်။


(၁၉) လုံးဝန်းသော ကိုယ်တော်လက္ခဏာတော်
မြတ်စွာဘုရား၌ အရပ်တော်နှင့် လက်အလံတော် အချိုးကျကျ အညီအမျှ ဖြစ်ရ၍ ပညောင်ပင်အ၀န်း ကဲ့သို့ လုံးဝန်းသော ကိုယ်တော်ရှိ၏။

ဘုရားအလောင်းတော်သည် တပည့်များအား အရည်အချင်းနှင့် ကိုက်ညီအောင် ချီးမြှင့်မြှောက်စားတော်မူခဲ့သော ကုသလိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၂၀) လည်တိုင်တော် က္ခဏာတော်
မြတ်စွာဘုရား၌ ညီညာစွာ လုံးဝန်းသော လည်တိုင်တော်ရှိ၏။

ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွားကိုသာ လိုလားခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၂၁) ရသာဆောင်ကြော လက္ခဏာတော်

မြတ်စွာဘုရား၌ အလွန်ကောင်းမြတ် ထက်မြက်သော ရသာဆောင်ကြောများရှိ၏။


မြတ်စွာဘုရား၌ အဖျားချင်းအပ် လည်မှာစွပ်လျက် တည်ရှိကြသော အရသာကြောပေါင်း ခုနှစ်ထောင်တို့သည် နှမ်းစေ့ခန့်မျှ သေးငယ် နူးညံ့လှသည့် အရသာကိုပင် တစ်ကိုယ်လုံး ပျံ့နှံ့သွားအောင် စွမ်းဆောင်နိုင်ကြ၏။


ဘုရားအလောင်းတော်သည် ဘ၀ပေါင်းများစွာတို့၌ သတ္တ၀ါတို့ကို တုတ် ဓား လက်နက်ဖြင့် ညှဉ်းပန်းနှိပ်စက်မူ ပြုတော်မမူခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၂၂) မေးတော် လက္ခဏာတော်

မြတ်စွာဘုရား၌ ခြင်္သေ့မင်း၏ မေးကဲ့သို့ ပြည့်ဖြိုးသော မေးတော်ရှိ၏။


လဆန်းပက္ခ တစ်ဆယ့်နှစ်ရက်မြောက်ည၌ ထွက်ပေါ်သော လနှင့် သဏ္ဌာန်တူ၏။


ဘုရားအလောင်းတော်သည် ဘ၀ပေါင်းများစွာတို့၌ ပြိန်ဖျင်းသေးနုပ်၍ အကျိုးမရှိသော သမ္ဖပ္ပလာစကား ပြောကြားမူမှ ရှောင်ကြဉ်တော်မူခဲံသော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။



(၂၃) သွားတော်(၄၀)လက္ခဏာတော်
မြတ်စွာဘုရား၌ အထက်သွားတော် နှစ်ဆယ်၊ အောက်သွားတော် နှစ်ဆယ်အားဖြင့် သွားတော် လေးဆယ် အစေ့အင ရှိတော်မူ၏။

ဘုရားအလောင်းတော်သည် ရှေးဘ၀ပေါင်းများစွာတို့၌ ကုန်းချောစကား ပြောကြားခြင်းမှ ဝေးစွာရှောင်ကြဉ်တော်မူခဲ့၏။ ညီညွတ်သင့်မြတ်အောင် စေ့စပ်ပေးတော်မူခဲ့၏။ ညီညွတ်သူတို့ကို တွေ့လျှင်လည်း ညီညွတ်မူ မပျက်ပြားဘဲ ဆက်လက် ခိုင်မာအောင် အားပေးတော်မူခဲ့၏၊ အချင်းချင်း ညီညွတ်ရေးစကားကိုသာ ပြောကြားတော်မူခဲ့သော ကုသိုလ်တော်ကြောင့် (၁) သွားတော် လးဆယ် အစေ့အငရှိတော်မူသည့်အပြင် (၂) သွားတော်မကျဲမကွာ စေ့စပ်စွာ တည်ရှိခြင်း ဟူသော ယောက်ျားမြတ်လက္ခဏာတို့ကို ရရှိတော်မူသည်။

(၂၄) ညီညာသော သွားတော်လက္ခဏာတော်
မြတ်စွာဘုရား၌ လွှဖြင့်ဖြတ်အပ်သော ခရုသင်းချပ် အလွှာကဲသို့ တစ်သားတည်း ညီညာသော သွားတော်အစဉ်ရှိ၏။

ဘုရားအလောင်းတော်သည် ရှေးဘ၀ပေါင်းများစွာတို့၌မှားယွင်းယုတ်မာသော အသက်မွေးမူမျိုးကို ပယ်၍ မှန်ကန်ဖြူစင်သော အသက်မွေးမူဖြင့် အသက်မွေးမြူတော်မူခဲ့၏။

ချိန်စဉ်းလဲစသော စဉ်းလဲမူ အမျိုးမျိုးနှင့် ကောက်ကျစ်လှည့်ပတ်မူအမျိုးမျိုး၊ သူတပါးကို သတ်ဖြတ်လုယက် မြို့ရွာဖျက်လျက် နိုင်ထက်ကလူ ပြုမူခြင်း အမျိုးမျိုးတို့မှ ဝေးစွာရှောင်ကြဉ်တော်မူ ခဲ့သော ကုသိုလ်တော်ကြောင့် (၁) လွှဖြင့် ဖြတ်အပ်သော ခရုသင်းချပ်အလွှာကဲ့သို့ တစ်သားတည်း ညီညာဖြူစင်သောသွားတော် (၂) သောက်ရူးကြယ်ပမာ လွန်စွာ စင်ကြယ် ဖြူဝင်း၍ အရောင် တလက်လက်ထွက်သော စွယ်တော်လေးဆူဟူသော ယောက်ျားမြတ်လက္ခဏာတို့ကို ရရှိတော်မူသည်။


(၂၅) သွားမကျဲခြင်း လက္ခဏာတော်
မြတ်စွာဘုရား၌ ရွှေသားပျဉ်ချပ်မှာ ကောင်းစွာစိုက်စီ၍ ထားအပ်သော ၀ဇိရစိန်ရွဲ အစဉ်အတန်းကဲ့သို့ မကျဲမကွာ စေ့စပ်စွာ တည်ရှိသော သွားတော်ရှိ၏။

ဘုရားအလောင်းတော်သည် ဘ၀ပေါင်းများစွာ ကွဲပြားနေသူတို့ကို ညီညွတ်အောင် စေ့စပ်ပေးခဲ့သော ကုသလိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၂၆) စွယ်တော်လေးဆူ လက္ခဏာတော်
မြတ်စွာဘုရား၌ သောက်ရူးကြယ်ပမာ လွန်စွာစင်ကြယ် ဖြူဝင်း၍ အရောင်တလက်လက် ထွက်သော စွယ်တော်လေးဆူ ရှိ၏။

ဘုရားအလောင်းတော်သည် ဘ၀ပေါင်းများစွာ သန့်ရှင်း ဖြူစင်စွာ အသက်မွေးလာခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၂၇) လျှာတော်လက္ခဏာတော်
မြတ်စွာဘုရား၌ နီမြန်းသော အဆင်းရှိ၍ ရှည်လျား၊ နူးညံ့ကျယ်ပြန့်သော လျှာတော်ရှိ၏။

ဘုရားအလောင်းတော်သည် ရှေးဘ၀ပေါင်းများစွာတို့၌ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲရေး တိုင်းထွာသော စကားကို ပြောကြားခြင်းမှ ဝေးစွာ ရှောင်ကြဉ်တော်မူကာ အပြစ်ကင်းစင် ချစ်ခင်ဖွယ်ရာ ချိုသာယဉ်ကျေးသော စကားကိုသာ ပြောဆိုတော်မူခဲ့၏။

ထိုကုသိုလ်တော်ကြောင့် (၁) နီမြန်းသော အဆင်းရှိ၍ ရှည်လျား၊ နူးညံ့၊ ကျယ်ပြန့်သော လျှာ်တော်အပြင် (၂) ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဟူသော ယောက်ျားမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။


(၂၈) အသံတော်လက္ခဏာတော်
မြတ်စွာဘုရား၏ အသံတော်သည် ဗြဟ္မာမင်း၏ အသံကဲ့သို့ သန့်ရှင်းခြင်း၊ သိလွယ်ခြင်း၊ သာယာခြင်း၊ နာချင်ဖွယ်ရာရှိခြင်း၊ အသံလုံလုံလဲလဲရှိခြင်း၊ တရားနာပရိသတ်၏ ပြင်ဘက်သို့ မထွက်ခြင်း၊ အသံတော်မတိမ်ဘဲ နက်နဲခြင်း၊ ပဲ့တင်ထပ်ခြင်း ဟူသော အင်္ဂါရှစ်ပါးနျင့် ပြည့်စုံ၏။

ကရ၀ိတ်ငှက်မင်း၏ အသံကဲ့သို့ လွန်စွာသာယာ၏။

ဆောင်ပုဒ် ။ ။ သန့်ရှင်း သာယာ၊ လွန်သိသာ၊ နာဖွယ် မပြန့်ပေါ်။
လုံးနက် ပဲ့တင်၊ အဋ္ဌအင်၊ မြတ်ရှင်အသံတော်။

ဘုရားအလောင်းတော်သည် ဘ၀များစွာ ယဉ်ကျေးသော စကားတော်ကိုသာ ဆိုခဲ့သော ကုသိုလ်တော်ကြောင့် ထိုလက္ခဏာတော်ကို ရရှိတော်မူသည်။


(၂၉) မျက်လုံးတော်လက္ခဏာတော်
မြတ်စွာဘုရား၌ ညှိသင့်ရာ အရပ်ဌာနမှာ အောင်မည်းညိုပွင့်ပမာ ညိုသော မျက်လုံးတော်ရှိ၏။

ဘုရားအလောင်းတော်သည် မျက်လုံးပြူး၍လည်း ကြည့်တော်မမူခဲ့၊ မျက်စောင်းထိုး၍လည်း ကြည့်တော်မူခဲ့၊ ခိုးကြောင်ခိုးဝှက်လည်း ကြည့်တော်မမူခဲ့၊ ရိုးဖြောင့်သော စိတ်ရှိလျက် ရိုးဖြောင့် တည်ငြိမ်စွာသာ ကြည့်တော်မူခဲ့၏။ ချစ်ကြည်သော မျက်လုံးဖြင့် လူအားလုံးကို ကြည့်ရူတော်မူခဲ့သော ကုသိုလ်တော်ကြောင့် (၁) ညိုသော မျက်လုံးတော်အပြင် (၂) အလွန်နူးညံ့သော မျက်တောင်မွေးတော် ဟူသော ယောက်ျားမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။


(၃၀) မျက်တောင်မွေးတော်လက္ခဏာတော်
မြတ်စွာဘုရား၌ ဖွားသစ်စ နွားငယ်၏ မျက်မွေးကဲ့သို့ အလွန်နူးညံ့သော မျက်တောင်မွေးတော်တို့ အစီအရီ ပေါက်လျက်ရှိ၏။

ဘုရားအလောင်းတော်သည် လူသားအားလုံးတို့ကို ချစ်ကြည်သော မျက်လုံးဖြင့် ကြည့်ရူခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၃၁) ဥဏ္ဏလုံးမွေးရှင်တော်လက္ခဏာတော်
မြတ်စွာဘုရား၏ မျက်မှောင် (မျက်ခုန်း) တော်နှစ်ဘက် အလယချက်တည့်တည့်၌ ဖြူစင်ဝင်းလက်သော ဥဏ္ဏလုံးမွေးရှင်တော် ပေါက်လျက်ရှိ၏။

မွေးရှင်တော်သည် သောက်ရူးကြယ် ပမာ လွန်စွာ ၀င်းလက် တောက်ပသည်။ နူးညံ့သော လဲ ၀ါဂွမ်းပမာ လွန်စွာ ဖြူစင်နူးညံ့သည်၊ ဆွဲ၍ဆန့်လျှင် နှစ်တောင်ခန့်ရှည်လျားသည်။ လွှတ်လိုက်သောအခါ သူ့အလိုလိုသာ လက်ျာရစ်ခွ၍ အထက်သို့ အဖျားကော့လျက် တည်ရှိသည်။
ဘုရားအလောင်းတော်သည် ကာလရှည်လျားစွာ မုသားမနှော တစ်မျိုးတည်းသော သစ္စာစကားကိုသာ ပြောဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


(၃၂) သင်းကျစ်တော်လက္ခဏာတော်
မြတ်စွာဘုရား၏ နဖူးတော်တွင် ပကတိ ပင်ကိုအားဖြင့်ပင် သင်ကျစ်ရွှေပြား တပ်စီ၍ ထားသကဲ့သို့ သင်းကျစ်တော် အသားလွှာပါရှိ၏။

ဘုရားအလောင်းတော်သည် ရှေးဘ၀ပေါင်းများစွာတို့၌ သုစရိုက်ဆယ်ပါးကို ဖြည့်ကျင့်မူ၊ ဒါနမူ၊ သီလဆောက်တည်မူ၊ ဥပုသ်စောင့်သုံးမူ၊ အမိအဘတို့ကို လုပ်ကျွေးမူ စသော ကောင်းမူ ပြုလုပ်ရာတွင် လူအများ၏ ရှေ့သွားဦးစီး အကြီးအမှူး ပြုလျက် စိမံဆောင်ရွက်တော်မူခဲ့သော ကောင်းမူတော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

No comments:

Post a Comment