မြတ်စွာဘုရားသည် ဤလက္ခဏသုတ်တော်ကို သီးခြား ဟောကြားတော်မူရခြင်း၏ အကြောင်းရင်းမှာ သတ္တ၀ါများ၏ အကျိုးစီးပွားချမ်းသာမူနှင့်စပ်၍ ဤမည်သော ကုသိုလ်ကောင်းမူများကို ပြုလုပ်ခဲ့သောကြောင့် ဤသို့သော ကြန်အင်လက္ခဏာတော်များ ပြည့်စုံရသည်ကို ဖူးမြင်ရသူ နတ် လူ ဗြဟ္မာတိုင်း သိကြပါစေ ဟု ညွှန်ပြတော်မူလိုသဖြင့် ဤလက္ခဏာတော်ကြီး (၃၂)ပါးကို သီးခြားသုတ္တန်တစ်ခုအဖြစ် ဟောတော်မူခဲ့သည်။
ပေါက္ခရသာတိပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ ကိုယ်တော်၌ ယောက်ျားမြတ်လက္ခဏာ (၃၂)ပါးကို မျက်ဝါးထင်ထင် ကိုယ်တိုင်တွေ့မြင်ရသောအခါ သမ္မာသမ္ဗုဒ္ဓ ဘုရားစင်စစ် ဧကန်ဖြစ်ကြောင်း လက်ခံ ယုံကြည်ကာ လွန်စွာ ကြည်ညိုသွားသည်။ သို့ဖြစ်၍ ထက်သန် ကြည်လင်လှသော သဒ္ဓါတရားဖြင့် မြတ်စွာဘုရားအား ဆွမ်းအလှူခံ ကြွရောက်ချီးမြှင့်ပါရန် ရိုသေစွာ ဖိတ်ကြားလျှောက်ထားသွားသည်။ နံနက်အချိန်တွင် မိမိအိမ်၌ ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်း သည်။
အဆွမ်းအလှူခံပွဲ၌ မြတ်စွာဘုရားဟောကြားတော်မူသော တရားဒေသနာကို ကြားနာရ၍ သောတာပန်အရိယာဖြစ်ကာ သားမယား အခြွေအရံများနှင့်အတူ ဥပါသကာအဖြစ်ကို ခံယူသွားသည်။
ဤသို့ မြတ်စွာဘုရား၏ (၃၂)ပါးသော ယောက်ျားမြတ်လက္ခဏာတော်ကြီးများကို အကြောင်းပြု၍ ပေါက္ခရသာတိပုဏ္ဏားကြီးမှာ သောတာပန် အရိယာ ဖြစ်သွားသည့်အပြင် ပုဏ္ဏားကြီး၏ သားမယား အခြွေအရံများမှာလည်း ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်သူ ဥပါသကာများ အဖြစ်သို့ ရောက်သွားကြလေသည်။
စင်စစ် ဤ (၃၂)ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်များကို ဖတ်ရူရခြင်းအားဖြင့် သုံးလောကထွတ်ထား မြတ်စွာဘုရားရှင် ဟူသည် “မကောင်းမူရှောင်၊ ကောင်းမူဆောင်၊ ဖြူအောင်စိတ်ကိုထား၊ ကုသိုလ်ကောင်းမူ တရားတို့၏ အနိုင်းမဲ့အတုမရှိသော ရုပ်ပုံလွှာကြီးပင် ဖြစ်ကြောင်း ရူမြင်ကာ ကုသိုလ် ကေင်းမူတို့ကိုသာ အတုယူ လိုက်နာ ကျင့်သုံးကြရာ၏။
ဘုရားရှင်ကိုယ်တော်စား ရုပ်ပွား ဆင်းတုတော်များကို ထုလုပ်ပူဇော်ကိုးကွယ်ကြရာ၌လည်း ဤ (၃၂) ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် အတုမဲ့ သပ္ပါယ်တော်မူသော ဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့် နီးစပ်နိုင်သမျှ နီးစပ်အောင် ထုလုပ်ပူဇော်ကြရာ၏။
No comments:
Post a Comment