မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ် သာဝတ္ထိမြို့၌ ဓမ္မိကဥပါသကာပေါင်း ငါးရာရှိ၏။ တစ်ယောက် တစ်ယောက်တွင် နောက်ပါအခြံအရံ ဥပါသကာပေါင်း ငါးရာစီရှိ၏။ ထိုသူတို့တွင် ယခု ဖော်ပြမည့် ဓမ္မိကဥပါသကာမှာ ဦးစီးခေါင်းဆောင်ဖြစ်၏။ ၎င်းတွင် သားခုနှစ်ယောက်၊ သမီး ခုနှစ်ယောက် ရှိယာ တစ်ယောက်ယောက်တွင် စာရေးတံ ယာဂု၊ စာရေးတံ ဆွမ်း၊ တစ်ဆယ့်ငါးရက် တစ်ကြိမ်ပေးလှူသော ဆွမ်း၊ အာဂန္တုရဟန်းတော်များအတွက် လှူသော ဆွမ်း၊ သံဃိကဆွမ်း၊ ၀ါဆိုသင်္ကန်းလှူခြင်းစသော နိဗဒ္ဓ အလှူဝတ်များရှိ၏။ သားသမီးအားလုံးဖခင်နည်းတူ ဒါနမူစသော ကုသိုလ်ရေးရာများကို အတုယူ ပြုလုပ် ကျင့်ကြံကြ၏။ ဤသို့အားဖြင့် သားသမီး ဆစ်ဆယ့်လေးယောက်၊ ဥပါသကာကြီး ဇနီးမောင်နှံနှင်ဆိုသော တစ်ဆယ့်ခြောက်ဦးရှိသော မိသားစုကြီး၌ စာရေးတံမဲ စသော အလှူဝတ်များကလည်း တစ်ဆယ့်ခြောက်ခုစီပင် ရှိကြ၏။ မိသားစု အားလုံးပင် အကျင့်သီလနှင့် ပြည့်စုံကြ၍ အလှူရေစက် လက်နှင့်မကွာ တရားနှင့်မွေ့လျောနေသူများ ချည်းသာ ဖြစ်ကြလေသည်။
ထိုသို့ တရားနှင့်အညီ နေထိုင်လာခဲ့ကြရာ အသက်အရွယ် ကြီးရင့်လာသောအခါ ဥပါသကာကြီးမှာ ရောဂါဖိစီးလာ၏။ သေ၀ပါးနီး ရှိသောအခါ တရားနာလိုသဖြင့် မြတ်စွာဘုရားထံ လူလွှတ်၍ သံဃာတော်များကို အပင့်ခိုင်းလေသည်။
သံဃာတော်များကြွလာပြီး ဥပါသကာကြီးအား ၀န်းရံ၍ သီတင်းသုံးကြသည့်အခါ တရားသုတ္တန်တစ်ခု ရွတ်ဖတ်သရဇ္ဈာယ် ပေးတော်မူကြပါရန် လျှောက်ထား၏။ “အဘယ်သုတ္တန်ကို နားကြားလိုပါသနည်း” ဟု သံဃာတော်များက မေးလျှင် မြတ်စွာဘုရားရှင်တိုင်း လက်စွဲ အသုံးပြုတော်မူသော မဟာသတိပဋ္ဌာနသုတ္တန် တရားတော်ကြီးကို နာကြားလိုပါကြောင်း လျှောက်ထား၏။
သံဃာတော်များက မဟာသတိပဋ္ဌာနသုတ္တန် တရားတော်ကို ရွတ်ဖတ်သရဇ္ဒျာယ်ကြစဉ် နတ်ပြည်ခြောက်ထပ်မှ ရထားခြောက်စီးတို့သည် မိမိတို့ ဗိမာန်သို့ ဥပါသကာကြီးအား ခေါ်ဆောင်ရန် သူ့ထက်ငါ အပြိုင်အဆိုင် ဆိုက်ရောက် လာကြကုန်၏။ တရားနာမူအတွက် အနှောင့်အယှက်ဖြစ်သဖြင့် ဥပါသကာကြီးက နတ်သားများအား “ရပ်ပါဦး၊ ဆိုင်းငံ့ပါဦး” ဟု ပြောလေရာ သံဃာတော်များက မိမိတို့အား အရပ်ခိုင်းသည်ထင်၍ ရွတ်ဖတ်သရဇ္ဒျာယ်မူကို ရပ်ဆိုင်းလိုက်ကြ၏။
ထိုအခါ သားသမီးများက “ရှေးအခါက ငါတို့၏ ဖခင်သည် တရားကို အလွန်နာလို၏၊ အားရသည်မရှိ၊ ယခုကား သံဃာတော်များကို ပင့်ဖိတ်၍ ရွတ်ဖတ်သရဇ္ဈာယ်စေပြီးမှ မရွတ်ဖတ်ရန် ကိုယ်တိုင် တားမြစ်ဘိ၏။ သေဘေးမှ မကြောက်သော သတ္တ၀ါမည်သည် မရှိပါတကား” ဟု ငိုကြလေ၏။ သံဃာတော်များလည်း ရွတ်ဖတ်သရဇ္ဈာယ်ရန် မလိုတော့ ယူဆကာ ကျောင်းသို့ ပြန်ကြွကြကုန်၏။
အတန်ငယ်ကြာသောအခါ ဥပါသကာကြီး သတိပြန်ရလာကာ သားသမီးများ ငိုသံကြားသဖြင့် အကျိုးအကြောင်းမေးမြန်း၏။ သားသမီးတို့ကလည်း အကြောင်းစုံ ပြောဆိုကြသည်။ တဖန် သံဃာတော်များကို မဖူးတွေ့ရ၍မေးလျှင် ဖခင်ကြီးက ရပ်ပါဦးဆို၍ ပြန်ကြွသွားကြပြီဖြစ်ကြောင်း ပြောကြ၏။ ထိုအခါ ဥပသကာကြီးက မိမိသည် သံဃာတော်များကို ပြောဆိုခြင်း မဟုတ်၊ နတ်ပြည် ခြောက်ထပ်မှ ရထားများနှင့် ရောက်ရှိလာကြသည့် နတ်သားများကိုသာ ပြောဆိုခြင်းဖြစ်ကြောင်း ပြောကြား၏။ ရထားများကို မမြင်ရကြောင်း သားသမီးများက ပြောကြလျှင် ဥပသကာကြီးက “ငါ့အတွက် သီကုံးပြီးပန်းကုံး ရှိသလား” ဟု မေးရာ သားသမီးများက ရှိကြောင်း ပြောကြသည်။ တဖန် “အဘယ်နတ်ပြည်သည် ပျော်မွေ့ဖွယ် အကောင်းဆုံးဖြစ်သနည်း”ဟု ဆက်၍ ခမည်းတော် မယ်တော်များ၏ နေရာဖြစ်သော တုသိတာနတ်ပြည်သည် ပျော်မွေ့ဖွယ် အကောင်းဆုံးဖြစ်ကြောင်း သားသမီးများက ပြောဆို၏။ ထိုသို့ဖြစ်လျှင် တုသိတာ နတ်ပြည်မှလာသော ရထား၌ ဤပန်းကုံးသည် ချိတ်ဆွဲပါစေသတည်းဟု ဆို၍ ပန်းကုံးကို ကောင်းကင်သို့ ပစ်တင်ရန် ပြော၏။ သားသမီးများကလည်း ဖခင်ကြီးပြောသည့်အတိုင်း ပန်းကုံးကို ပစ်တင်ကြလေရာ တုသိတာနတ်ရထားဦး၌ ချိတ်မိလေ၏။ လူအများကား ပန်းကုံးကိုသာ မြင်ရ၍ ရထားကိုမှ မမြင်ကြရချေ။
ထိုရထားသည် တုသိတာနတ်ပြည်မှလာသည့် ရထားဖြစ်ကြောင်း၊ မိမိသည် ထိုနတ်ပြည်သို့ သွားရမည်ဖြစ်ကြောင်း စိုးရိမ်ပူပန်မူမရှိကြရန်နှင့် မိမိရောက်မည့်နတ်ပြည်သို့ ရောက်လိုကြပါမူ မိမိပြုကျင့်သည့်နည်းလမ်းအတိုင်း ကုသိုလ်ကောင်းမူများကို ပြုလုပ်ရစ်ကြရန် ပြောဆိုမှာကြားကာ ဥပါသကာကြီး ကွယ်လွန်သွားသည်။
ဤဖြစ်ရပ်ကို လေ့လာပါလျှင် သံဃာတော်များ ရွတ်ဖတ်တော်မူကြသည့် မဟာသတိပဋ္ဌာနသုတ္တန် တရားတော်ကို နာယူနေစဉ် စုတေ၍ နတ်ပြည့်၌ ဖြစ်ရကြောင်း တွေ့ရမည်ဖြစ်သည်။
No comments:
Post a Comment