အနက်
ဓမ္မော - မဂ် ဖိုလ် နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်ကို။ ၀ိညူဟိ - လေးသစ္စာကို ကောင်းစွာမြင်သိ အရိယာပညာရှိတို့သည်။ ပစ္စတ္တံ ဝေဒိတဗ္ဗော - ကိုယ်စီကိုယ်င လိုတိုင်းရ၍ သမာပတ်ဖြင့် မပြတ်သိပိုင် ခံစားနိုင်ပါပေ၏။
ဝိညူဟိ - အရိယာပညာရှိတို့သည်။ ပစ္စတ္တံ ဝေဒိတဗ္ဗော - ကိုယ်စီကိုယ်င ခံစားသိမြင်အပ်သော။ ဓမ္မော - တရားတော်ပါပေတည်း။
အဓိပ္ပာယ်
အရိယာ ပညာရှိဖြစ်သော သူတော်ကောင်းများသာ အသီးသီး ကိုယ်စီကိုယ်င မိမိတို့သန္တာန်၌ သိအပ်ခံစားအပ်သော တရားဖြစ်၏။ ထိုအရိယာ ပညာရှိ သူတော်ကောင်းများသည် ပစ္စဝေက္ခဏာဉာဏ်ဖြင့် မိမိတို့သန္တာန်၌ မဂ် ဖိုလ်တရားများ ဖြစ်ခဲ့သည်ကိုလည်း သိကြ၏။ နိဗ္ဗာန်ကို ဘယ်ပုံ မျက်မှောက် ပြုရသည်ကိုလည်း သိကြ၏။ ဖလသမာပတ်ဖြင့် နိဗ္ဗာန်ဓာတ်ကို မျက်မှောက်ထိတွေ့ကာ ထူးမြတ်သော အေးငြိမ်းသည့် အရသာကိုလည်း ခံစားကြ၏။ ထိုတရားများကား ရရှိထားသူတို့သာ ကိုယ်တိုင် သိအပ်ခံစားအပ်သော တရားများသာ ဖြစ်၏။ သူတပါးတို့ မျှဝေခံစား၍ မရ။ ဆရာ၏ ဖလသမာပတ်ဖြင့် တပည့်ချမ်းသာစွာ မနေနိုင်၊ ဆရာကိုယ်တွေ့ မျက်မှောက်ပြုထားသော နိဗ္ဗာန်ကို တပည့်မျက်မှောက် ပြုနိုင်သည် မရှိ။
ထို့ကြောင့် မြတ်စွာဘုရားတရားတော်သည် ကိုးကွယ်ဆည်းကပ်သူတို့ ဖန်ဆင်းရှင် တန်ခိုးက ကယ်တင်နိုင်သည်ဆိုသော တရားမျိုး မဟုတ်၊ သူတဘက်သားအား မရေမရာ အားကိုးမှီခိုနေရခြင်း မရှိ။ မိမိ၏ အကျင့်မှန် လမ်းမှန်ကြောင့် ရရှိသော ချမ်းသာကို မိမိကိုယ်တိုင် လက်တွေ့ သိရှိ ခံစားနိုင်သဖြင့် ကြောင်းကျိုး ဆီလျော်၍ ကိုယ်တိုင် သိခွင့်ရသော သဘောတရားကြီးဖြစ်၏။ ကိုးကွယ်အားထားရာ အစစ်ကြီး ဖြစ်၏။
ဤဂုဏ်တော်၌လည်း ဒါန သီလ ဘာဝနာ တရားများ အကျုံးဝင်နိုင်သည်ပင် ဖြစ်၏။ ဒါန သီလ ဘာဝနာ ကုသိုလ်များကို ပြုလုပ်ရာ၌ ကံသဘောအရ ကိုယ်ပြုမှ ကိုယ်ရ၏။ ထို့ကြောင့် ဒါန သီလ ဘာဝနာ ကုသိုလ်တရားများ၏ အကျိုးကို သိရှိ ခံစားလိုပါက ကိုယ်တိုင် ကိုယ်ကျ ပြုလုပ်သင့်၏။ ကိုယ်လုပ်မှ ကိုယ်သိ၏၊ ကိုယ်ခံစားရ၏။ ပြုလုပ်ကြည့်မှသာ စိတ်၏ ချမ်းသာမူ၊ ၀မ်းမြောက်မူ၊ လောဘ စသော တရားများ ကင်းကွာမူ၊ သောက စသော တရားများ ငြိမ်းအေးမူ၊ သမာဓိတရား အားကောင်း၍ စိတ်ပျံ့လွင့်မူ ကင်းကာ စိတ်တည်ငြိမ်ချမ်းသာမူ စသော အကျိုးများ မည်ကဲ့သို့ ဖြစ်ပေါ်လာကြောင်း ကိုယ်တိုင် ကိုယ်ကျ သိရှိ ခံစားနိုင်ကြသည်။
ကိုယ်စီကိုယ်င သိရှိခံစားကြရသည်ဆိုရာ၌ မိမိတို့ အခြေအနေ အဆင့်အတန်းအားလျော်စွာ သိရှိခံစားရသည်ဟု ဆိုလိုပေသည်။ စားကောင်းသောက်ဖွယ်များ အတူတကွ တည်ခင်း ကျွေးမွေးသော်လည်း ကလေး ကလေးအလိုက်၊ လူကြီး လူကြီးအလိုက်သာလျှင် ကိုယ်စီကိုယ်င အားရတင်းတိမ်အောင် သုံးဆောင် ခံစားကြရသကဲ့သို့ ဖြစ်သည်။
No comments:
Post a Comment