ပြန်လည်၍ ဆင်ခြင်သောဉာဏ်တော်။
ရပြီးသောမဂ်ဖိုလ်နိဗ္ဗာန်နှင့် ပယ်ပြီးသော ကိလေသာ၊ ကြွင်းကျန်သော ကိလေသာတို့ကို ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူပြီး ဒိဋ္ဌိကို ပယ်တော်မူသည်။ သန်ခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူပြီး ၀ိစိကိစ္ဆာကို ပယ်တော်မူသည်။ မိုးသောက်ယံ၌ ပဋိစ္စသမုပ္ပါဒ်တရား အင်္ဂါ ၁၂-ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတင်၍ ရူပွားတော်မူရာ မဟာဝဇိရ၀ိပဿနာ သမ္မသနဉာဏ်တော် ကုဋေသုံးသန်း ခြောက်သိန်း ဖြစ်ပွားလာသည်။
ထို့နောက် ခန္ဓာငါးပါး တရားအစုတို့၌ ဥဒယဗ္ဗယဉာဏ်စသော အထက် အထက် ၀ိပဿနာဉာဏ်စဉ်များဖြင့် အဆင့်ဆင့် ရူပွားတော်မူရာ သဗ္ဗညုတဉာဏ်ကို အထွတ်တင်သော အာသ၀က္ခဉာဏ်ကို ရတော်မူသည်။
ယင်းအာသ၀က္ခယဉာဏ်တော်ဖြင့် ကိလသာအားလုံးကို ၀ါသနာနှင့်တကွ ပယ်တော်မူသည်။ မြတ်စွာဘုရားသည် အာသ၀က္ခယဉာဏ်ကို ရတော်မူရာတွင် ရှေးဦးစွာ သောတာပတ္တိမဂ်ဖိုလ်ကို ရရှိတော်မူသည်။
ပစ္စဝေက္ခဏာဉာဏ်တော်အနေဖြင့် -
(၁) သောတာပတ္တိမဂ်ကို ဆင်ခြင်တော်မူခြင်း၊
(၂) ထိုသောတာပတ္တိမဂ်၏ အကျိုးဖြစ်သော သောတာပတ္တိဖိုလ်ကို ဆင်ခြင်တော်မူခြင်း၊
(၃) ထိုသောတာပတ္တိမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို ဆင်ခြင်တော်မူခြင်း၊
(၄) သောတာပတ္တိမဂ်ဖြင့် ပယ်သတ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်တော်မူခြင်း၊
(၅) ထို သောတာပတ္တိမဂ်ဖြင့် မပယ်ရသေးဘဲ ကြွင်းကျန်နေသည့် ကိလေသာတို့ကို ဆင်ခြင်တော်မူခြင်းအားဖြင့် ပစ္စဝေက္ခဏာဉာဏ်တော်(၅)ပါး ဖြစ်တော်မူသည်။
ထိုနည်းအတူ သကဒါဂါမိမဂ်ဖိုလ်ကို ဆင်ခြင်ရာ၌ ပစ္စဝေက္ခဏာဉာဏ်(၅)ပါး၊ အနာဂါမိမဂ်ဖိုလိကို ဆင်ခြင်ရာ၌ ပစ္စဝေက္ခဏာဉာဏ်(၅)ပါး၊ အရဟတ္တ မဂ်ဖိုလ်ကို ဆင်ခြင်ရာ၌ကား ကြွင်းကျန်သော ကိလေသာဟူ၍ မရှိတော့သဖြင့် ကြွင်းကျန်သော ကိလေသာကို ဆင်ခြင်သည့် ပစ္စဝေက္ခဏာဉာစ် မရှိတော့၍ ပစ္စဝေက္ခဏာဉာစ်(၄)ပါး စုစုပေါင်း ပစ္စဝေက္ခဏာ ဉာဏ်တော်(၁၉)ပါး ဖြစ်တော်မူ၏။
No comments:
Post a Comment